မာမာအေး - ဖွားတော်မူပုံ၊ “ပြောစရာတွေလဲ တပုံကြီး ရှိသေးတယ်” (၅၅၇)

မာမာအေး - ဖွားတော်မူပုံ၊ “ပြောစရာတွေလဲ တပုံကြီး ရှိသေးတယ်” (၅၅၇)
(ဘီဘီစီ)၊ အောက်တိုဘာ ၃၁၊ ၂၀၁၄

သောတာရှင်းများ ကျန်းမာတော် မူကြပါစရှင်
    မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့ အခါမှာ ကိုယ်ရော စိတ်ပါ ကျန်းမာ ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။
    သောတရှင်တို့ရေ.. ရှေ့တစ်ပါတ်မှာတုန်းက တခြားနိုင်ငံတခုက ရုပ်မြင်သံကြားမှာ အပိုင်း (၅၄) ပိုင်း ရိုက်ကူးပြသတဲ့ “ဗုဒ္ဓ” အမည်နဲ့ ဇာတ်လမ်းတွဲ၊ မြန်မာလို “လောကကို အလင်းဆောင်သူ” လို့ နာမည်တပ်ပြီး ထုတ်လွှင့်ခဲ့တာကို Online မှာ ကြည့်မိတာကြောင့် ဗုဒ္ဓ၀င်ခြင်း ကွာဟနေတာဟာ မြန်မာ့ ထေရ်ရဗုဒ္ဓဘာသာဝင်များ အတွက် မှားယွင်း အသိတွေ ရှိလာနိုင်လို့ နှစ်ခု ယှဉ်ပြောပြဖို့ ကိုယ့်ဆီက ဗုဒ္ဓ၀င်ကို စတင်ထားခဲ့တာ၊ ကပ္ပလီဝတ်ပြည် ဘုရင် သုဒ္ဓေါဒနမင်းရဲ့ မိဖုရားကြီး မယ်တော်မာယာထံမှာ သန္ဓေယူတဲ့ အထိရောက်နေပါပြီ။
    သူတို့ဆီက ရုပ်ရှင်မှာကျတော့ နန်းမွေနန်းဆက် မရှိတဲ့ အတွက် စိတ်ပင်ပန်းနေတဲ့ ဘုရင်ကြီးကို မိဖုရားကြီးက ပြောပါတယ်။ “ဘုန်းတော်ကြီး အမှာပါးလိုက်တယ်။ တနေ့မှာတော့ ဒီလိုဖြစ်လာလိမ့်မယ်။ နေမင်းလဲ ရှိမယ်။ လမင်းလဲ ရှိမယ်။ ကောင်းသော နက္ခတ်အချိန်ကာလမှာ အရှင်ရာမလဲ ဖွားတော်မူခဲ့တယ်။ အဲဒီအချိန် သားဆုပန်ရင် လုံးဝဆုတောင်းပြည့်မယ်တဲ့။” ဒါနဲ့ ပရောဟိတ်တွေက ဘုရားရှစ်ခိုးကြတယ်။ ဘုရားဆိုတာ ဘယ်ဘုရားလဲ့လို့ မပါခဲ့ပါဘူး။ ခေါင်းဆောင် ပရောဟိတ် ပုဏ္ဏားကြီးက အခုလို ဘုရားရှစ်ခိုး ဆုတောင်းပြီးတဲ့နောက် နေမင်းထွက်လာချိန်မှာ ဒီနေရာမှာထားတဲ့ ကြာဖူးက ပွင့်လာတယ်ဆိုရင် မင်းကြီး ဆုတောင်းပြည့်မယ်လို့ ပြောတဲ့ အတိုင်း နေထွက်လာတဲ့အခါ ကြာဖူးက ပွင့်လာတာ ပြပါတယ်။ မိဖုရားနှစ်ပါးကိုလဲ လိုရာပြည့်ပါစေလို့ ကြာပန်းကို ပေးပြီး ဆုတောင်း လိုက်ပါတယ်။ အဲဒီလို ဆုတောင်းခဲ့တဲ့ ညမှာဘဲ မိဖုရားကြီး မာယာဒေ၀ီဆီကို ဆင်ဖြူကြီးနဲ့ ကြာပန်းတစ်ပွင့် လာကြတဲ့ အိပ်မက်မက်ပြီး သန္ဓေ ခံခဲ့တာပါဘဲ။ မာအေးတို့ ဂေါတမ ဗုဒ္ဓ၀င်မှာတော့ ဆင်ဖြူတစ်ကောင်သာ နံပါးက၀င်တယ်လို့ သိမှတ်ရပါတယ်။ တိတိကျကျ ဘယ်နေ့ ဘယ်ရက်မှာ အလောင်းတော်မြတ် သန္ဓေယူခဲ့ပါကြောင်း ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး စီရင် ရေးသားတဲ့ “ခုနှစ်နေ့ ဘုရားရှစ်ခိုး” ထဲ တစ်ပိုဒ်မှတ်တမ်းရအောင် ရွတ်ပြပါရစေရှင်။
(လယ်တီ ခုနှစ်နေ့ ဘုရားရှစ်ခိုး ပထမပိုဒ်)
    “သုံးလူ့ရှင်မင်း ကျွန့်ထိပ်တင် သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှဲရွှဲစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့၊ ကိန်းပါကို”
    မာအေးတို့ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ပူဇော်နေတဲ့ ဂေါတမ ဘုရားရှင် အလောင်းအလျာဟာ မဟာသက္ကရာဇ် (၆၇) ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ သန္ဓေယူခဲ့တာဟာဖြင့် နတ်လူအများကြီး ငြိမ်းချမ်းဖို့ ကိန်းပါဘဲလို့ ရေးခဲ့တာပါရှင်။
    ဘ၀ပေါင်း ငါးရာကျော် ပါရမီတော်တွေ ဖြည့်ကျင့်ပြီးမှ ဗုဒ္ဓဖြစ်ဖို့ သန္ဓေပြန်ခရရှာပါတယ်။ သူလို ကိုယ်လို သာမန်ဆိုရင်လဲ ဘယ်လို “ဗုဒ္ဓ” မည်ပါ့မလဲနော်။
    နောက်တစ်ခု မတူတာလဲ ပြောရပါအုံးမယ်။ “ဒေ၀ဒတ္ထ” ခေါ်တဲ့ မင်းသားဟာ ဘုရားအလောင်း သိဒ္ဒတ္ထနဲ့ တတိုင်းပြည်ထဲ မွေးဖွား ဖြစ်တည်နေတာကို တွေ့ရလို့ပါရှင်။ ဘုရားလောင်းထက် အရင်၊ ဘုရင်သုဒ္ဓေါဒနရဲ့ ညီတော် “အနူ(ရ်) နဲ့ ခယ်မတော် မန်ဂလား” တို့ရဲ့သား ဒေ၀ဒတ် ဖြစ်နေပါတယ်။ မူလက နန်းရံမရှိတဲ့ ဘုရင်ကြီး သုဒ္ဓေါဒနရဲ့ ကပ္ပလီဝတ်ပြည်ကို သူတို့သား နန်းရစေချင်တာကြောင့် မာယာဒေ၀ီ မိဖုရားကြီး ကိုယ်ဝန်မတည်နိုင်အောင် ကြံစည်တာ၊ အသက်ပါ အန္တရာယ် ပြုကြတာတွေလဲ ရိုက်ပြပါတယ်။ နောက်ဆုံးမှာ ရှေးရိုးစကားအရ ဆယ်လကျော်မှ မွေးမယ့် ကလေးဟာ ကိုယ့်ခင်ပွန်းဆီမှာ မွေးရင် ဖခင် ၀န်ထုပ်ဝန်ပိုးဖြစ်မယ်။ သားနဲ့ မင်းကြီးကို ငဲ့ညှာမယ်ဆိုရင် ဒေ၀ဒဟ ကို သွားဖို့ မင်းကြီးကို ခွင့်တောင်းပါလို့ လင်ညီအမတော်တဲ့ ဒေ၀ဒတ်ရဲ့ အမေက ခြောက်တာနဲ့ မိဖုရားကြီးက သွားဖြစ်တာမျိုး ရိုက်ထားပါတယ်။
    မာအေးတို့ ဆီက ဗုဒ္ဓ၀င်မှာတော့ မယ်တော် မာယာဒေ၀ီရဲ့ မောင်တော်တဲ့ ဒေ၀ဒဟပြည့်ရှင် ဘုရင် သုဗ္ဗဗုဒ္ဓရဲ့ တိုင်းပြည်ကို သွားခဲ့တာပါ။ တူဖြစ်တဲ့ ဒေ၀ဒတ္ထနဲ့ သမီးတော် ယသောဓယာ ဗိမ္မာဒေ၀ီတို့ရဲ့ ဖခင်ဆီကို ပေါ့ရှင်။ လမ်းမှာတင်ဘဲ လုမ္ဗနီသာမော အင်ကြင်းတော အရောက်၊ ကမ္မဇလေနှောက်တာကြောင့် နားနေ ပန်းမြိုင် အင်ကြင်းကိုင်းကို ကိုင်ရင်း အဆင်းရွှေဝါ တင့်တယ်လွန်းတဲ့ မြတ်လောင်းလျာကို ဖွားမြောက်လာခဲ့ပါတယ်။ ဒါကြောင့် ကပ္ပလီဝတ်နဲ့ ဒေ၀ဒဟ တိုင်းပြည်ကို သွားတဲ့ လမ်းပေါ်က လုမ္မနီ အင်ကြင်းတောမှာ ဘုရားအလောင်းတော်ကို ဖွားတာခြင်းဘဲ တူပါတော့တယ်။
(ခုနှစ်နေ့ ဘုရားရှိခိုး ဒုပိုဒ်) လယ်တီ ဆရာတော် ဘုရားကြီး
    “သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူ အောင်မြို့၊ လမ်းပါကို။”
    ဒါကတော့ လယ်တီဆရာတော် ဘုရားကြီး ရေးသားခဲ့တဲ့ ခုနှစ်နေ့ ဘုရားရှစ်ခိုးထဲက ဒုတိယ အပိုဒ်ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရား သခင် ဂေါတမ အရှင်ရဲ့ အလောင်းအလျာ သိဒ္ဓတ္ထကုမ္မာ မင်းသားကလေးဟာ မဟာသက္ကရာဇ် (၆၈) ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့က လုမ္ဗနီ အင်ကြင်းတောမှာ ဖွားမြင်ခဲ့ကြောင်း ကောင်းကောင်းကြီး သိနိုင်တာပေါ့ရှင်။
    ဘုရားအလောင်းတော် ဖွားမြင်တော် မူချိန်မှာ ဖွားဖက်တော် (၇)ပါး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ (၇) ပါးသော ဖွားဖက်တော် တွေကတော့ နံပါတ် (၁) ညီတော် အာနန္ဒာ၊ (၂) မဟာဗောဓိပင် (၃) ကာဠုဒါယီ အမတ် (၄) ယသောဓရာ မင်းသမီး (၅) မြင်းမြီးဆွဲ မောင်ဆန် (၆) ရွှေအိုးကြီး လေးလုံး (၇) ကဏ္ဏာက စီးတော်မြင်း တို့ ဖြစ်ပါတယ်။
    ဖန်သားပေါ်က ဗုဒ္ဓလောင်းလျာလေးမှာတော့ ဒါတွေအားလုံး မသိနိုင်ပါဘူး။ ယသော်ဓရာမင်းသမီး ငယ်လေးဟာ ဘုရင်သုဒ္ဓေါဒနနဲ့ မင်းပြိုင်တပါးနဲ့ ညီမတော် အမိသာတို့ရဲ့ သမီးလေးတဲ့။ လာလည်တဲ့ ဧည့်သည်အနေနဲ့ ကစားဖော်လုပ်ထားပါတယ်။ မင်းကြီးရဲ့ အမှုထမ်းတစ်ဦးကတော့ မယ်တော် မာယာဖွားမြင်ကြောင်း လျှေက်ထားလာရင်း သူ့မှာလဲ သားလေးမွေးတာမို့ သူလိုဘဲ မင်းသားကလေးကို စောင့်ရှောက်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ဒါကြောင့် “ကျန်း” ခေါ်တဲ့ ကောင်ကလေးဟာ ဘုရားလောင်းနောက်မှာ တောက်လျှောက်ပါနေတာကို ကြည့်ပြီးတော့ ဖွားဖက်တော်လို့ ထင်ရတော့တာဘဲ။
    မြန်မာတို့ အများသိထားတဲ့ ဗုဒ္ဓ၀င်မှာကျတော့ မယ်ယသော် ဟာ ဘုရားလောင်းရဲ့ ဖွားဖက်တော်လဲ ဖြစ်တယ်။ ဘုရားမဖြစ်မီ သိဓတ္ထမင်းသား ဘ၀က ကြင်ယာမိဖုရားလဲ ဖြစ်ပါတယ်။ သုမေဓါ ရသေ့ကြီး ဘ၀မှာ “ဒီပင်္ကရာ မြတ်စွာဘုရား” ထံပါး ဘုရားဆုပန်စဉ်က အနီးနားမှာ ရှိနေတဲ့ သုမိတ္တာကလေး ဖြစ်ခဲ့လေတော့၊ ကြာပန်းတွေ လှုဒါန်းပြီး “ပါရမီဖြည့်ဖက် ဖြစ်ရလိုပါ၏” လို့ ဆုတောင်းခဲ့တာကိုးရှင့်။ ဒီအခါ “ဘုရားအရာ နင့်အရာလား” ရယ်လို့ ရသေ့ကြီးက တွန်းဖယ် ပုတ်ခတ်လိုက်တာကြောင့် ကြာပန်းလေး တချို့တောင် လွတ်ကျသွားတယ်တဲ့။ ဒီအကြောင်းကို ဂီတစာဆိုကလေး အောင်ကျော်ထွန်းက “ပါရမီလေး သုမိတ္တာ” သီချင်းမှာ ရေးဖွဲ့ထားပါတယ်ရှင်။
(ပါရမီရှင်လေး သုမိတ္တာမှ)
    “အို…ချစ်သား သုမေဓါ၊ သည်းခံလေလော့၊ သည်းခံလော့ဟဲ့၊ ငါဘုရားဟောကြားပေမှာ၊ အင်္သချေယျ ဘဒ္ဒကမ္ဘာ၊ ဗောဓိထိုထို ညောင်ပုဂ္ဂိုလ်၊ လူပျိုဘုရား မရှိငြားတဲ့၊ သုမိတ္တာ ချစ်သမီး အလှ၊ ဘ၀ဆက်တိုင်း ပါရမီ ကူဖြည့်ပါတဲ့ ၊ ကြားရလေပြီပေါ့။ ဗျာဒိတ်တော် ရတနာ၊ နှစ်ထောင်းအားရ၊ သာဓု အနုမ္မောဒနာ၊ သုမေဓါ ရှင်ရသေ့ကြီး နဲ့ ပါရမီရှင်လေး သုမိတ္တာ သူတို့ နှစ်ဦးကြား နိဗ္ဗာနပစ္စယော ဟောတု အောင်မင်္ဂလာ xxxxxx”

(ဓာတ်ပုံ - ခင်မောင်လေး၊ ဖို့ဝိန်း၊ ဇေတ၀န်ကျောင်း၊ စုပေါင်း မဟာဘုံကထိန် ပွဲတော်)