အရှင်စန္ဒိမာ (မွန်စိန်တောရ) - အကောင်းမြင် မျှော်လင့်မှုဖြင့်


အရှင်စန္ဒိမာ (မွန်စိန်တောရ)  - အကောင်းမြင် မျှော်လင့်မှုဖြင့်
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄


ထိပ်သီးနိုင်ငံရေးပါတီခေါင်းဆောင်များ၊ သမ္မတ၊ လွှတ်တော်နဲ့ စစ်တပ်အကြီးအကဲတို့ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ကြမယ်ဆိုတဲ့သတင်းက ပြည်သူတွေအတွက် အထူးစိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ပါ။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ခဲ့ကြစဉ်ကလည်း ပြည်သူတွေ အကောင်းမြင် မျှော်လင့်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ထိုစဉ်က ထိပ်သီးနှစ်ဦး တစ်ကြိမ်မက တွေ့ဆုံခဲ့ကြမှုတွေဟာ ဘာမှအရာမထင်ခဲ့ဘဲ စစ်အုပ်စုစိတ်ကြိုက် ပုံဖေါ်ထားတဲ့ အတုအယောင်ဒီမိုကရေစီကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံလာအောင် တွေ့ဆုံမှုကို ရောင်းကုန်တစ်ခုလို အသုံးချခဲ့တာထက် မပိုခဲ့ပါဘူး။  

လက်ပံတောင်းတောင်ကိစ္စ၊ နိုင်ငံအနှံ့ လယ်ယာမြေများအသိမ်းခံရ လယ်သမားများထောင်ချခံနေရတဲ့ကိစ္စ၊ တက်ကြွလှုပ်ရှားသူများ သတင်းမီဒီယာသမားများ အဖမ်းခံထောင်ဒဏ်ကျခံနေရတဲ့ကိစ္စ၊ ယခုနောက်ဆုံး သတင်းထောက်ကိုပါကြီး ရက်ရက်စက်စက် အသတ်ခံရတဲ့ကိစ္စတွေဟာ ထိပ်သီးနှစ်ဦး တွေ့ဆုံခဲ့မှုတွေအပေါ် ပြည်သူတွေရဲ့ အကောင်းမြင်မျှော်လင့်ခဲ့မှုတွေ ရေစုံမျောသွားစေခဲ့မှု သာဓကတချို့ပါ။

တစ်ချိန်တည်းမှာ လွှတ်တော်အမတ်အင်အား အသာစီးနဲ့ လက်ရှိအာဏာရ စစ်တပ်နောက်ခံပါတီက ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ လို အရေးပါတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုတဲ့ အရိပ်အယောင် မပြပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင် ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကလည်း နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသူတွေရဲ့ တင်းမာတဲ့ ရပ်တည်ချက်သဘောထား ပြောင်းလဲမှုမရှိခြင်းကြောင့်ဆိုတာ လူတိုင်း နားလည်နိုင်ကြပါတယ်။

ဒါကြောင့် ယနေ့ ထိပ်သီးနှစ်ဦးမက တွေ့ကြမယ်ဆိုတော့ စူးစမ်းဆင်ခြင်သင့်စရာ မေးခွန်းထုတ်စရာလည်း ဖြစ်ပါတယ်။ တနေ့တခြား စိတ်ပျက်စရာ စိတ်ခြောက်ခြားစရာ မျက်နှာပျက်စရာ သတင်းဆိုးတွေ ပိုထွက်လာနေတဲ့ အစိုးရအတွက် ပြည်တွင်းပြည်ပမျက်နှာစာမှာ အဖက်ဆည်ဖို့လောက်ပဲ တွေ့ဆုံမှုက အသုံးတော်ခံအုံးမှာလားဆိုတဲ့ မေးခွန်းပါ။

ဒီဆွေးနွေးပွဲမှာ ပါဝင်ကြမယ့်သူတွေအထဲမှာ ပြည်သူအများ စိတ်အဝင်စားဆုံး ဖြစ်မယ့်သူဟာ ကာချုပ်မင်းအောင်လှိုင် ဖြစ်ဖွယ် ရှိပါတယ်။ စစ်အာဏာရှင်လက်ကိုင်ဒုတ်သာသာ ပြည်သူလူထုရဲ့ ရွံကြောက်အဖြစ် အဆင့်လျှောကျလာတဲ့ တပ်မတော်၊ သတ်တာဖြတ်တာနဲ့ လက်ယဉ်နေတဲ့ တပ်မတော်ရဲ့ အကြီးအကဲဆိုသူရဲ့ သဘောထား စိတ်စေတနာကို ဒီဆွေးနွေးပွဲမှာ လူထုက ပိုမိုသိရှိခွင့် ရကြမယ် ထင်ပါတယ်။

ပုထုဇဉ်လူသားတွေအတွက် ရာထူးအာဏာ ဥစ္စာစည်းစိမ်ဆိုတာဟာ မက်မောစရာတွေပါ။ ဒါပေမယ့် အတွေးအခေါ်မြင့်မားတဲ့ ပညာရှိပုဂ္ဂိုလ်တွေကတော့ အဆိုပါမက်မောစရာတွေကို လူ့ဂုဏ်သိက္ခာနဲ့ အလဲအလှယ်လုပ်မှာ မဟုတ်ပါ။ အာဏာသာရှိပြီး လူ့ဂုဏ်သိက္ခာဆိုတာကို နားမလည်ဂရုမစိုက်တဲ့ စစ်အာဏာရှင်တွေရဲ့ ဒဏ်ကို ပြည်သူအများ လူးလှိမ့်ခံနေကြရဆဲပါ။ 

ယခု တွေ့ကြမယ့် ခေါင်းဆောင်စာရင်းကို ကြည့်လိုက်တော့ သြဇာသာရှိပြီး အာဏာမရှိကြသူ တိုင်းရင်းသားပြည်သူလူထုရဲ့ ခေါင်းဆောင်အစစ်အမှန်ဆိုလို့ နှစ်ဦး သို့မဟုတ် သုံးဦးလောက်ကိုပဲ မြင်မိပါတယ်။

ယခင်က သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို နောက်ခံထားကာ ယှဉ်တွဲရပ်နေကြတဲ့ပုံဟာ ပြည်တွင်းပြည်ပမှာ အတော်ကို ရောင်းအားကောင်းခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ တွေ့ဆုံပွဲမှ ထွက်ပေါ်လာမယ့် ဓါတ်ပုံဟာလည်း ဈေးကောင်းရအုံးမယ့် သဘောပါပဲ။ 

မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အကောင်းမြင်မျှော်လင့်ခဲ့သမျှ အဆိုးတွေနဲ့သာ အဆုံးသတ်သွားခဲ့ရတဲ့ အတိတ်သင်ခန်းစာလည်း များလှပါပြီ။ အခါခါသေခဲ့ဖူးတာကြောင့် ပျဉ်ဖိုးကိုလည်း ကောင်းစွာ နားလည်နေကြပါပြီ။ ပြည်သူတွေကတော့ အကောင်းကိုသာ အမြဲတမ်း မျှော်လင့်ချင်နေကြသူတွေပါ။ ဒီတစ်ကြိမ်မှာ ပြည်သူတွေ အကောင်းမြင်မျှော်လင့်သလို လက်တွေ့ဖြစ်လာပါစေလို့ ဆန္ဒပြုချင်ပါတယ်။

(Photo -Irrawaddy)