လင်းထင် - ဘာလဲဟဲ့ ရင်ကြားစေ့ရေး


လင်းထင် - ဘာလဲဟဲ့ ရင်ကြားစေ့ရေး
နိုဝင် ဘာ ၇၊ ၂၀၁၄

အိုင်ဒယော်လော်ဂျီ ဆိုကတည်းက ရုပ်သဘောမဆောင် ဒြပ်မဲ့လေတဲ့ စိတ္တဇ။

အိုင်ဒီယာတွေ၊ အမှန် အမှား ခွဲခြား စံနှုန်း သတ်မှတ်လေတဲ့ ကျင့်ဝတ်တွေ၊ ဥပဒေတွေ၊ ဘာသာရေးတွေ အကုန် စိတ္တဇချည်းပဲ။  ဘယ်သူ့ စိတ္တဇလဲ ဆို မညီမျှတဲ့ လူ့ အဖွဲ့အစည်း အတွင်းက အုပ်စိုးသူ လူတန်းစားရဲ့ စိတ္တဇ။ ဒီ စိတ္တဇထဲ သင်ပုန်းချေရေး ဟာလည်း အဓိပ္ပာယ် ယောင်ဝါးစွာ၊ ဖွင့်ဆိုခြင်း လွဲမှားစွာနဲ့ ပုံအပျက်ဆုံး စိတ္တဇပဲ။

ကိုယ့် နွားကိုယ် နခိုးဂိုဏ်းဆီက ပြန်ရွေးရတဲ့ပွဲ နယ်ခံ ပုလိပ် ဌာနမှာ ကျင်းပပြီး ဂါတ်ပိုင်ကြီးက နှစ်သီးစားကာ အမှုရယ်လို့ မရှိစေတဲ့ ပုံမျိုး အာဏာရှင် စနစ်မှသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရမယ်လို့ အမှတ်မှားကြပုံ ရတယ်။

“Reconciliation” ဆိုကြတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ အဆင့်ဆင့် လုပ်ငန်းစဉ် “Process” ဖြစ်တယ်။  ဘာ လုပ်ငန်းစဉ်လဲဆို အမှန်သစ္စာကို ဖော်ထုတ်ပြီး တရားဖြင့် ညီညွတ်ခြင်း အဖြစ်သို့ ဆောင်ကြဉ်းရတဲ့ လုပ်ငန်းစဉ်။

သိန်းစိန် ကလည်း သိန်းစိန် ယုံကြည်ရာ တန်ဖိုး ကိုင်စွဲလို့ ဒေါ်စုကလည်း ဒေါ်စုယုံကြည်ရာ တန်ဖိုးကိုင်စွဲလို့ မတူတာတွေ ဘေးဖယ်၊ အတူတွဲ အလုပ်လုပ်ကြမယ် ဆိုတဲ့ စိတ္တဇ အိုင်ဒီယော်လော်ဂျီကို “Reconciliation” ခေါ်တာ မဟုတ်ဘူး။

လူ့ အဖွဲ့အစည်း အတွင်း မညီမမျှ ဖြစ်စေ လူနဲ့လူ အချင်းချင်းကြား ကွဲပြားစေ ခွဲခြားနေတဲ့ အရင်းခံ ပြဿနာကို အမြစ်လှန် ခုတ်ထွင် သုတ်သင် ဖယ်ရှားခြင်းကသာ “Reconciliation” ပေါ့။
လူမည်းကို နှိမ်တာလည်း မှန်တယ်၊ မနှိမ်တာလည်း မှန်တယ်ဆိုပြီး အစားထိုး စဉ်းစားကြည့်ပါ့လား...။

အဲ့လို ပြောတဲ့သူ အရူးပေါ့။  ဒီအ၀ိုင်းအ၀န်း အဖွဲ့အစည်းမှာ လူမည်းအခွဲခြား ခံနေရတယ်ဟေ့... မကွဲပြားအောင် လုပ်မှဆိုကာ တရားကိုယ် တရား ထင်ရှားအောင် ပြုမူ ဆောင်ကြဉ်းမှသာ  “Reconciliation” လို့ ခေါ်တာပေါ့။

အမှန်သစ္စာ ကို ဖော်ဆောင်ပြီး (ဒီနေရာမှာ အမှန်သစ္စာ “Truth” ဆိုတာ “Metaphysical” ကိစ္စချင်းရာများကို မဆိုလို၊ တကသ အဆောက်အအုံ ဗုံးခွဲခံရတယ်၊ ၈၈ မှာ လူသတ်ခံရတယ်၊ ဒီပဲယင်း အကြမ်းဖက်မှုဆိုတာ ဖြစ်ခဲ့တယ် ဆိုတဲ့ “Truth” ကို ဆိုလိုတယ်)၊ စကားပြန်ကောက် ရရင် “အမှန် သစ္စာ” ကို ဖော်ဆောင်ပြီး တရားမျှတခြင်း “Justice” ဆီသို့ အရောက်လှမ်းမှသာ ကွဲနေတဲ့ ဟနေတဲ့ လူ့အဖွဲ့အစည်းဟာ ရင်ကြား စေ့နိုင်တော့မပေါ့။

ဗမာပြည်မှာ လူတွေအကြား ဘယ်အရာက ခွဲခြား ကွဲပြားနေစေတာလဲ...။

မြေကြီးရှင် အရင်းရှင် ပဒေသရာဇ်နယ်ချဲ့ စစ်အာဏာရှင်၊ ဒီစရိုက် အကုန်ထင်ရှားတဲ့ စစ်အုပ်စုပေါ့။ 

ရင်ကြားစေ့ချင်သလား...။

ဒီစနစ်နဲ့ ဒီစနစ်ကို ကိုယ်စားပြုနေတဲ့ အုပ်စုကို လူ့အသိုင်းအ၀ိုင်းထဲက ပယ်နှုတ် ဆွဲထုတ်ရုံမှအပ ဒီ့ပြင့်နည်းမရှိ။ 

လင်းထင်

Lin Htin Facebook ကနေ ယူပါသည်။

×××××

လင်းထင် ဆောင်းပါး ဟောင်းများ ဖတ်ရန် -

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

ဂိုဂင်နီ