မောင်စိုးချိန် - နေ၀န်း ခွပ်ဒေါင်း အလံများနှင့်အတူ ....


မောင်စိုးချိန် - နေ၀န်း ခွပ်ဒေါင်း အလံများနှင့်အတူ ....
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄


လူတွေ လူထုတွေ
အရှင်လတ်လတ် သားကောင်ဘ၀ရောက်
အနည်းဆုံးကျွန်အဖြစ်ခိုင်းဖို့ 
ခိုင်းရာနေ စေရာသွား
ကျွဲနွားဖြစ်ဖို့ 
ဖိနှိပ်သံဖိနှောင့်အောက်
သွပ်သွင်းခဲ့
သွေးစုတ်အမြတ်ထုတ်ဖို့ 
ပြားပြားမှောက်နေစေခဲ့။

ဧရာမ သိန်းငှက်ကြီးရဲ့ 
မာကြောသန်စွမ်း
ယန္တယားကြွက်သားများ
ဖိအားညှစ်အားကောင်းကောင်း
သံမဏိခွေးသွားစိတ် ခြေချောင်းတွေထဲက
သားကောင်ကြွက်
သားကောင်ယုန်တွေငါးတွေငှက်တွေ
ဘယ်လိုရုန်းထွက်နိင်မယ်ပ
အစားဖြစ်ခဲ့ရ
မိစ္ဆာသိန်းငှက်ရဲ့  အာဟာရကောင်းဖြစ်ခဲ့။

တသွင်သွင်စီးဆင်းရေအလျှင်ကို
လှောင်ပိတ်ထားခဲ့
ကွန်ကရစ်ကျောက်သား တာတမံ တုတ်ဆည်
ရေထုဟာ
တုတ်ဆည်ထားသူရဲ့ လက်ထဲ
အမိန့် အာဏာထဲမှာပဲ ရှိနေခဲ့ရ။

စပါတာကပ်
ရက်စက် ပက်စက်ကျေးကျွန်ခေတ်
ဖိနိပ်အမှောင်ထုကြီးထဲက ထွက်ပြူ
နေ၀န်းတဆူဖြစ်ခဲ့။
အဖိနှိပ်ခံကျေးကျွန်ဆိုတာ
ခေတ်တကွေ့ မှာသားကောင်ပေါ့
ဓါးစာခံတွေပေါ့
ကျွဲနွားမဟုတ်တဲ့လူ
သိုးဆိတ်ယုန်လဲမဟုတ်
ရေလဲ မဟုတ်လူ
သူခေတ်တလှဲ့ မှာ
လူထုဟာ သိန်းငှက်ရဲ့ 
သန်စွမ်းအင်အားလွန် ကြွက်သား
ညစ်အားအထုအထည်ခြေချောင်းများ
သံမဏီနှုတ်သီးများ ဖြစ်သွား

တင်းတင်းကြပ်ကြပ်တုတ်ဆည်ထား
ရေထုရဲအားဟာ
တာတမန်ကျောက်သားတံခါးများ
ရိုက်ချိုးဖွင့်ထွက် စွမ်းနိင်ခဲ့ပေါ့

တောက်ပသန်စွမ်း
တိုက်ပွဲတွေထဲမှာ ဗကသ နေ၀န်း
အမှောင်ထု ဖြိုခွင်း သုတ်သင်ဖို့ ပေါ်ထွက်ခဲ့
စပါတာကပ်သူရဲကောင်း
ကျွန်တို့ ရဲ ခေါင်းဆောင်
သခင်အောင်ဆန်းတွေ
သခင်ဗဟိန်းတွေ
သခင်မ ဒေါ်အမာတွေ
ဗကသ တကသ နေ၀န်းကြီးရဲ့ 
နေ၀န်းအဆူဆူပေါ်ထွက်ခဲ့
ခေါင်ခိုက်တိုက်ပွဲတွေထဲ မှာ။

အခုပဲကြည့်
စစ်အာဏာရှင်စနစ်
မြေမြှပ်သဂြိုလ် ပစ်ဖို့ 
၂၁ရာစု ဆယ်စုနှစ်
ပျိုမြစ်နုသစ် အားကောင်းမောင်းသန်
ဗကသ ၊တကသနေ၀န်း
ဗမာပြည်မြေတကျွန်းလုံး
တဟုန်းဟုန်းပေါ်ထွက်လာခဲ့ပေါ့
အလင်းကြွေးကြော်သံတွေ
အလင်းတော်လှန်ရေး အားမန်တွေ
အလင်းဒေါင်းအလံတွေ
တလူလွှင့် ခဲ့ပေါ့။

ငါ့အား ၆၂ ကို ပြန်ပို့ ပေးခဲ့
၇၄ ကို ပြန်ပို့ ပေးခဲ့
၈၈ ထံ ပြန်ရောက်သွားစေ ခဲ့
ငါတို့   ၈၈ မျိုးဆက်တို့ 
ဟော့ဒီလေးစားမြတ်နိုးဘွဲ့ ခံ
လူထုအချစ်ရရှိဘွဲ့ ခံ
၂၀၁၄ နိုဝင်ဘာ ၁၂
မျိုးဆက်သစ်ကျောင်းသားတွေနဲ့ အတူ
ထပ်ချပ်မကွာ ချီတက်နေခဲ့ပေါ့ ၊
ဗကသ အထွေအထွေသပိတ်
ယာယီစခန်း ဖြစ်တဲ့
လှည်းတန်း ဂုံးတံတား အောက်မှာ
တိုးတက်တော်လှန်ကျောင်းသား
သပိတ်တပ်သားများနဲ့အတူ
တက်ကြွရင်ခုန်နေခဲ့ကြ
ကျောင်းသားခေါင်းဆောင်တွေရဲ့ 
မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်
မိန့် ခွန်းတွေကို
ငါဒို့ ဘ၀ နှလုံးသးနဲ့ 
နာကြားတက်ကြွနေခဲ့ပြီတကား။

မောင်စိုးချိန်
နိုဝင်ဘာ ၁၄၊ ၂၀၁၄ ခုနစ်

( ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်နေတဲ့ကျောင်းသားအပေါင်းကိုဂုဏ်ပြုလိုက်ပါတယ်။ )
(Graphics - YIT)