မောင်ဥက္ကလာ အဘ၊ အာစရိယများနဲ့ မအုန်းမြင့် (ထွေထွေရာရာ ဤကမ္ဘာ)


မောင်ဥက္ကလာ အဘ၊ အာစရိယများနဲ့ မအုန်းမြင့် (ထွေထွေရာရာ ဤကမ္ဘာ)
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၄
 
ရက်ပေါင်းများစွာ စာမရေးနိုင် ဖြစ်ခဲ့တယ်။ အသိမိတ်ဆွေ သူငယ်ချင်းတွေက ထီးပေါက်သွားလို့လား။ ဒါမှမဟုတ် အစောပိုင်းရေးထားခဲ့တဲ့ စာတွေအတွက် ရခဲ့တဲ့ စာမူခတွေနဲ့ စားသောက်ပြီး နှပ်နေသလား။ ဘာလား ညာလား ထင်နေခဲ့ကြတယ်။ ထီကတော့ အများနည်းတူ ပေါက်ချင်တာပေါ့။ အခုထိတော့ ဘယ်ဘိုးတော် ဘယ်မယ်တော်ကမှ အတိတ်နံပါတ်မပေး၊ လိုရာမဖြည့်ပေးတော့ ဆုတောင်းမပြည့်သေးပေါ့။ စာမူခကိစ္စကတော့ အင်း … မိုးမခအယ်ဒီတာ ဆရာရစ်ကို မေးကြည့်မလို့ စဉ်းစားတော့။ မေးမိမှ ရေးသမျှကို သူ့အချိန်ကုန်ခံပြီး စီစစ်ရ၊ တည်ဖြတ်ပေးရ၊ အင်တာနက်စာမျက်နာပေါ် တင်ပေးရ၊ လုပ်ပေးရတဲ့ဝန်ဆောင်ခတွေ ပြန်တောင်းမှာ ကြောက်တာနဲ့ အသာငြိမ်နေ လိုက်တော့တယ်။ မိတ်ဆွေတွေ ရှင်းတယ်မဟုတ်လား။ စာမရေးဖြစ်တာ ထီပေါက်၊ စာမူခနဲ့ ငြိမ့်နေတာ မဟုတ်ဘူး။ (၁) ပျင်းလို့ (အသက်ကြီးလာတော့ အချိန်ပေးပြီး တရားအလုပ် ဓမ္မအလုပ် လုပ်နေလို့တော့ မထင်နဲ့)။ (၂) ဟိုယောင်ဒီယောင် ရပ်ရေးရွာရေးကိစ္စမှာ နှမ်းဝင်ဖြူးနေလို့။ (၃) အထူးသဖြင့် ဒီရက်ပိုင်းအတွင်း အရှုပ်အထွေးတွေနဲ့ မွေ့လျော်တဲ့ ကျုပ်တို့ရွှေပြည်ကြီးမှာ ပွင့်လန်းလာနေတဲ့ (၄) ပွင့်၊ (၆) ပွင့်၊ (၁၂) ပွင့် အပွင့်တွေကို တရားသဘောနဲ့ လိုက်မှတ်နေလို့။ ဒီအပွင့်အဆိုင်တွေအကြောင်း ပြောနေကြလို့ မဆီမဆိုင် သတိရတဲ့ အကြောင်းတခုက မြန်မာစစ်ရှင်တို့ရဲ့  ကျေးဇူးရှင် ပေါက်ဖော်တို့ တိုင်းပြည်ကြီးမှာလည်း တချိန်တခါက ဥက္ကဋ္ဌကြီး မော်စီတုန်းလက်ထက်မှာ “the Hundred Flowers Campaign ~ Let a hundred flowers bloom ပန်းတစ်ရာ ပွင့်လန်းပါစေ” တန်ပြန်နိုင်ငံရေး လှုံဆော်မှုကို ပြေးမြင်မိတယ်။ ပန်းတစ်ရာ ပွင့် မပွင့်တော့မသိ အဲဒီနိုင်ငံရေး လှိုင်းဂယက်ဒဏ်ကြောင့် ပန်းကောင်းများစွာ အညွှန့်ကျိုး ပျက်ဆီးဒုက္ခ ရောက်ခဲ့ကြ တယ်။ ရွှေပြည်သမိုင်းကို ပြန်ကြည့်ရင်လည်း တည်ငြိမ်အေးချမ်းမှု တကြိမ်တခါမှ မရှိတဲ့အကြောင်းက (ကြယ်) အပွင့်တွေရဲ့  ကျေးဇူးတော်ကြောင့်၊ ရွှေပြည်သားတွေ ရွှေမဖြစ်ဘဲ ရွှံ့ဖြစ်နေခဲ့ကြတယ် မဟုတ်လား။ ဒါကြောင့် အပွင့်တွေ လှုပ်လှုပ်ရွရွဆို အိပ်မက်ဆိုး တွေမက်ပြီး အိပ်မပျော်စားမဝင်ဖြစ်ကာ (ချော်လဲ ရောထိုင်) စာလည်းမရေးနိုင်၊ မဖတ်နိုင် မလှုပ်နိုင် ဖြစ်နေခဲ့တယ်။ 


● အဘ ဆိုသူ
အသက် (၇၃) နှစ်အရွယ် အဖိုးအိုတစ်ယောက် တောင်ကယ်ရိုလိုင်နား (South Carolina) ပြည်နယ် Lowe ဆိုင်ရှေ့  မသန်စွမ်း ကားမောင်း သမားများအတွက် သီးသန့်သတ်မှတ်ထားတဲ့ ကားရပ်နားရာနေရာမှာ အေးအေးဆေးဆေး ကားရပ်ပြီး ကွန်ပြူတာဖွင့်ကာ အလုပ်ရှုပ်နေခဲ့ တယ်။ ဖြတ်သွားဖြတ်လာသူတွေက ကားထဲမှာ တယောက်ထဲ အလုပ်ရှုပ်နေတဲ့ အဖိုးအိုကို စိုးရိမ်ပူပန်၊ သင်္ကာမကင်းဖြစ်ပြီး ရဲကိုဖုန်းဆက် အကြောင်းကြားလိုက်တယ်။ ရဲတွေရောက်ရှိလာပြီး အဖိုးအိုကားနား အသာချဉ်းကပ်ကြည့်လိုက်တော့ … ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ် နေတဲ့ အဘအိုက ဖော်ချွတ်ပုံတွေနဲ့ အင်တာနက်စာမျက်နာတွေကို Lowe ဆိုင်ရဲ့  အများသုံး အင်တာနက်ကွန်ရက်ကို ချိတ်ဆက်ပြီး ကြည့်နေတာကို တွေ့ရတယ်။ ဒီစိတ်နဲ့ ခရီးဆက်နေရှာတဲ့ အဘရဲ့  လုပ်ရပ်က ရဲတွေကို အထူးအံ့သြထိတ်လန့်စေခဲ့တယ်။ အကြောင်းက သူကြည့်နေတဲ့ မဖွယ်မရာ အင်တာနက်စာမျက်နာတွေက သက်ပြည့်မိန်းမယောက်ျားပုံတွေ မဟုတ်ဘဲ။ အလွန်ငယ်ရွယ်တဲ့ ကလေး (မိန်းခလေး၊ ယောက်ျားလေး) တွေရဲ့  ပုံတွေဖြစ်နေတယ်။ တကယ်တော့ အဝိဇ္ဇာ တဏှာ ဖုံးလွမ်းနေတဲ့ အဖိုးကြီးက ဒီလိုမျိုး ငယ်ရွယ်သော အသက်မပြည့် (၁၈ နှစ်အထက်) ကလေးငယ်များရဲ့  လိင်ပိုင်ဆိုင်ရာဓါတ်ပုံများကို စုစည်းလုပ်ကိုင် ကြည့်နေခဲ့တာ အတော်ကြာခဲ့ပြီ။ မိမိအိမ်ရဲ့  အင်တာနက်နဲ့ ချိတ်ဆက်ပြီး ဒီလို အသက်မပြည့်တဲ့ ကလေးငယ်တွေရဲ့  ရုပ်ပုံ ရုပ်ရှင်တွေကို ရှာဖွေကြည့်ရင် သက်ဆိုင်ရာ (FBI) က အလွယ်တကူ ထောက်လှမ်းသိနိုင်တာကြောင့် ဆိုင်တွေ၊ အခမဲ့ချိတ်ဆက်နိုင်တဲ့ အင်တာနက်တွေနဲ့ ချိတ်ဆက်ပြီး ကြည့်ခဲ့၊ ဓါတ်ပုံရုပ်ရှင်တွေကို ဒေါင်းလုတ်လုပ်နေခဲ့တာကို သူ့ကွန်ပြူတာတွေကို ရှာဖွေစစ်ဆေး ကြည့်တာအခါ တွေ့ရှိရတယ်။ အခုတော့ အသက်ကြီးပြီး အချိန်မစီး၊ ဘုရားကျောင်းကန် မသွားနိုင်တဲ့ အဖိုးကြီး လီရိုင်း မိုး ဂျူနီယား (Leroy Moore Jr) တစ်ယောက် ဒဏ်ငွေ ဒေါ်လာ (၁) သောင်းနဲ့ သံတံတိုင်းနောက်ကွယ်မှာ (၁၀) နှစ်လောက် အနည်းဆုံး စံစားရတော့မည်။ ကောင်းလေစွ။

ဒီနေရာမှာ ရိုးသားဖြူစင် ဧည့်ဝတ်ကျေချင်တဲ့ ရွှေပြည်သူ ရွှေပြည်သားတွေကို သတိပေးချင်တာက ဒီနေ့ ပွင့်လင်းလာပြီဆိုတဲ့ ရွှေပြည်ကြီးကို အရွယ်ဆိုဒ်မျိုးစုံ လူဖြူလူမည်းလူဝါ နိုင်ငံခြားသားတွေ လာရောက်လည်ပတ်၊ အခြေချ အလုပ်လုပ်ကိုင်မှုတွေ များလာကြတော့ ရွှေမြန်မာတွေ ဂရုပြုဖို့က  အင်္ဂလိပ်စကားပြောလို့၊ အနောက်နိုင်ငံသားဖြစ်လို့၊ အသက်ကြီးကြီး လူကြီးလူကောင်း (Gentlemen) ဆန်ကြလို့ ဆိုပြီး ရိုးရိုးလေး၊ အသားလွတ်အထင်ကြီး မမြင်ကြဖို့။ စာဖတ်သူတွေ သိချင်လည်း သိကြမှာပေါ့ - ဒီဘက် အနောက်နိုင်ငံတွေမှာ အဖြစ် အများဆုံးက လူမှုရေး ဖောက်ပြန်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေ ဖြစ်တယ်။ အထူးသဖြင့် အသက်မပြည့်သေးတဲ့ (၁၈ နှစ် အောက်) ကလေးငယ်၊ လူမမယ်တွေကို အတင်းအဓမ္မ ပြုကျင့်မှုတွေ၊ ငယ်ရွယ်သူတွေနဲ့ ဆက်ဆံမှုတွေကို တရားဥပဒေအရ တင်းတင်း ကြပ်ကြပ် ပြဌာန်းတားမြစ် အရေးယူလုပ်ကိုင်နေပေမယ့် နေ့စဉ်နဲ့အမျှ သက်ကြီးရွယ်အိုတွေ၊ ဆရာဆရာမတွေ နဲ့ လူကြီးလူကောင်းဆိုသူတွေရဲ့  မဟုတ်မဟတ် ကျူးလွန်ဖောက်ပြန်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေကို သတင်းတွေမှာ တွေ့မြင်နိုင်တယ်။ ဒီနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်တဲ့သူတွေကို သက်ဆိုင်ရာက တရားဥပဒေအရ ထောင်ချအရေးယူ၊ ပြစ်ဒဏ်ကျခံပြီး လွတ်လာတဲ့အခါ ရာသက်ပန် လိင်ပိုင်ဆိုင်ရာ ကျူးလွန်သူရာဇဝတ်သားအဖြစ် မှတ်ပုံတင်ပြီး သူတို့ရဲ့  လှုပ်ရှားလုပ်ကိုင်မှုတွေကို စောင့်ကြည့်ကြတယ်။ ဒီလို တင်းကြပ်တဲ့ ဥပဒေစည်းကမ်း စောင့်ကြည့်မှုတွေကြောင့် အရေးယူခံထားရသူတချို့က တရားဥပဒေစနစ် အားနည်းချို့ယွင်း၊ ဥပဒေစိုးမိုးမှုမရှိတဲ့ မဖွံ့ဖြိုးမတိုးတက်၊ မတည်ငြိမ်တဲ့ တိုင်းနိုင်ငံတွေသွားပြီး အသက်မပြည့်သူတွေနဲ့ ဆက်ဆံကျူးလွန်ကြတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ အသက်မပြည့် ကလေးငယ်များနဲ့ လိင်ဆက်ဆံမှု၊ ရောင်းဝယ်မှုတွေ များပြားလာပြီး၊ များစွာသော အနောက်နိုင်ငံ သားတွေ သွားရောက်ပျော်ကြတဲ့ အဓိကနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တယ်။ အခုတော့ ကမ္ဘောဒီးယားအစိုးရက ဥပဒေပြဌာန်းပြီး နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ထိရောက်စွာ အရေးယူလုပ်ကိုင်နေတယ် (ပိုသိချင်ရင် ဘီဘီစီ သတင်းပေးပို့ချက်ကို ဖတ်ကြည့် http://www.bbc.com/news/world-us-canada-12298870)။ ဒီတော့ ရွှေနိုင်ငံသူ နိုင်ငံသားတွေလည်း ကိုယ့်သမီးသားလေးတွေ အမေရိကန်၊ ဥရောပ လူဖြူကြီးတွေ၊ လူမည်းကြီးတွေနဲ့ သိပ်ရင်းနှီးတယ်၊ ဂရုစိုက်ခံရတယ်ဆိုပြီး သဘောကျ လွှတ်မထားဖို့ နဲ့ KTV သွား၊ ငယ်ငယ်ရွယ်ရွယ် မော်ဒယ်လေးတွေ၊ အငယ်လေးတွေ ကြိုက်၊ မျက်စိကျနေတဲ့ ရွှေပြည်က အဘ၊ အဘ ဆိုသူကြီးတွေကိုလည်း စောင့်ကြည့်အရေးယူဖို့ လိုအပ်ပါတယ်။  (သတင်း - ABC News)

● အာစရိယ ဂုဏံ
အောက်ဖော်ပြပါ ဆရာမတွေအကြောင်း မရေးခင် ငယ်ငယ်က ရွတ်ဖတ်ခဲ့တဲ့ ဆရာ့ကျင့်ဝတ် ကဗျာလေးကို အမှတ်ရမိတယ် “အတတ် လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။



အိုကလားဟိုမား (Oklahoma) ပြည်နယ်၊ ကတူးဆာ (Catoosa) မြို့ က အလယ်တန်းကျောင်းဆရာမ ဟီသာ ကဂဲလ် (Heather Cagle) တစ်ယောက် သူ့ကျောင်းသူကျောင်းသား (၁၁) ယောက်ကို Walmart ဈေးဆိုင်ကြီးမှာ မုန့်ကျွေးချင်လို့ သူ့ ဟွန်ဒါ အက်ကော့ဒ် (Honda Accord) ကားနဲ့ တင်ခေါ်သွားခဲ့တယ်။ ကလေးတွေကို မုန့်ဝယ်ကျွေးချင်တဲ့ စေတနာရှင် ဆရာမက လိုက်ချင်ကြတဲ့  ကျောင်းသူကျောင်းသား (၁၁) ယောက်စလုံးကို ရှေ့ ခန်းမှာ (၂) ယောက်၊ နောက်ခန်းမှာ (၇) ယောက်  ပြွတ်သိပ်ထည့်ပြီး၊ ကျန်တဲ့ အသက် (၁၂) နှစ်အရွယ် ကျောင်းသူလေးနှစ်ယောက်ကိုတော့ ကားနောက်ဖုံးထဲဝင်ကာ စီးစေခဲ့တယ်။ ဒီလို ကျောင်းသားတွေကို အပြင်မှာ မုန့်သွားစားဖို့ ခေါ်သွားတာ ကျောင်းအုပ်ချုပ်ရေးက မသိ၊ ခွင့်ပြုမှာမဟုတ်၊ မိဘများလည်း မသိခဲ့။ ကလေးတွေကို မုန့်ကျွေးချင်တဲ့ စေတနာစိတ်နဲ့ လုပ်ခဲ့ပေမယ့် တရားဥပဒေအရ ကလေးငယ်များကို မိဘခွင့်ပြုချက် မရှိဘဲနဲ့ ကျောင်းပြင်ပကို ခေါ်ဆောင်သွားခြင်း၊ ကလေးများ အန္တရာယ်ဖြစ်စေနိုင်တဲ့ အလုံပိတ် ကားနောက်ဖုံးထဲထည့်၊ ခါးပတ်မပတ်ခြင်းနဲ့ ကျောင်းဥပဒေ ချိုးဖောက်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ အရေးယူ ခံရပြီး ကျောင်းထုတ်ခံရ အလုပ်ပြုတ်တော့တယ်။ ကလေးတွေကတော့ သူတို့ချစ်တဲ့ ဆရာမအတွက် အတော်လေး စိတ်မကောင်းဖြစ်ကြ ပေမယ့် ဥပဒေအတိုင်းပေါ့။ ဆရာမ ဟီသာရဲ့  လုပ်ရပ်က အမှားကောင်း၊ ချစ်စရာကောင်းတဲ့ လုပ်ရပ်ဆိုပေမယ့် နည်းမမှန်တော့ ထိတာပေါ့။ (သတင်း - Huffington Post)


ဆရာမဟီသာရဲ့  လုပ်ရပ်ကို အားကျလို့လားမသိ၊ ဂျော်ဂျီယား (Georgia) ပြည်နယ်၊ အတ်လန်တာ (Atlanta) မြို့ ရှိ အလယ်တန်း ကျောင်းတကျောင်းက အသက် (၄၀) နှစ်အရွယ် ဆရာမ ခရစ်တီနား ကန်ထရယ် (Christine Cantrell) ကလည်း သူ့တပည်လေးတွေကို သူ့အိမ်ကိုဖိတ်ပြီး မုန့်ကျွေးရှာတယ်။ ဒီလို သူနဲ့ ယောက်ျားဖြစ်သူတို့ ကလေးတွေကို မကြာခဏဖိတ်ပြီး မုန့်ကျွေးနေတာကို သံသယရှိတဲ့ မိဘတချို့ က ရဲကိုအကြောင်းကြားပြီး စုံစမ်းစစ်ဆေးခိုင်းတော့ တာဝန်ရှိရဲတွေ ဆရာမအိမ်ကို ရှောင်တခင်ဝင် စစ်ဆေးတော့ မုန့်တွေစားပြီး ကောင်းနေကြတဲ့ ဆရာမ၊ ဆရာမယောက်ျားနဲ့ ကလေးတသိုက်ကို တွေ့ရတယ်။ ဆရာမအိမ်ကို ရှာဖွေလိုက်တော့ သိုလှောင်ထားတဲ့ မုန့်တွေကို ရှာဖွေတွေ့ရှိတယ်။ ဒီလို ကလေးတွေကို အိမ်ဖိတ်ပြီး မုန့်တွေကျွေးကျွေးနေခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ကလေး ဘယ်နှစ်ယောက် ဆရာမကျွေးတဲ့ မုန့်တွေ စားသောက်နေခဲ့သလဲ ဆိုတာကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်။ လောလော ဆယ်တော့ တရားမဝင် မုန့် (ဆေးခြောက်) ဆေးဝါး လက်ဝယ်ရှိမှု၊ အသက်ငယ်တဲ့ ကလေးငယ်တွေကို မူးယစ်ဆေးဝါး တိုက်ကျွေးမှု၊ ပတ်ဝန်းကျင် ဆူပူမှုတွေနဲ့ ဆရာမနဲ့ ယောက်ျားဖြစ်သူကို ဒေါ်လာ ၃၀၀၀ ဒဏ်ခတ် ခံဝန်ချုပ်နဲ့လွှတ်ထားပြီး၊ ဆက်လက်စုံစမ်းစစ် ဆေးနေတယ်။ ထောင် ဘယ်လောက်ကျမလဲတော့ မသိသေး။ လောလောဆယ်တော့ အလုပ်မရှိ အကိုင်မရှိ ဖြစ်ပေါ့။ (သတင်း - AJC.com)

ရွှေပြည်ကြီးမှာလည်း ဆရာ၊ ဆရာမကျင့်ဝတ် (၅) ဖြာနဲ့ ကျောင်းသူကျောင်းသားတွေအပေါ် အထူးဂရုစိုက်တဲ့ ဆရာ၊ ဆရာမတွေ ရှိသလို အရိုက်ကြမ်း၊ အဆူအဟောက်ကောင်း၊ မုန့်ရောင်း၊ လက်ဆောင်တောင်းတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိတာပေါ့။ အများအားဖြင့်တော့ ရွှေပြည်က ဆရာဆရာမတွေက ဆရာ၊ ဆရာမကျင့်ဝတ်နဲ့ညီ ချစ်စရာ ရိုသေစရာကောင်းကြပါတယ်။ တကယ်တော့ ရွှေပြည်ကြီးမှာ ဝါသနာ၊ စေတနာ၊ အနစ်နာ- နာ (၃) နာနဲ့ ဆရာ၊ ဆရာမ ဖြစ်လာသူတွေအဖို့ အမျှော်အမြင်ကြီး၊ ဥာဏ်ကြီးရှင် အုပ်ချုပ်သူတွေရဲ့  စွမ်းဆောင်ချက်ကြောင့် အစစအရာရာ မပြည့်စုံတဲ့ ပညာရေးဝန်းကျင် ကျောင်းတွေမှာ လစာလေး တပဲခြောက်ပြားနဲ့ စာသင်နေရတော့ “ငါ့ဝမ်းပူဆာ မနေသာ” လို့ ဆရာ၊ ဆရာမတွေအဖို့ မုန့်သည်ဖြစ်၊ လက်ဆောင်မျှော်သူဖြစ်၊ အိမ်ဝိုင်း၊ ကျူရှင်သင်နဲ့ ဝမ်းနာ၊ ခါးနာ၊ အနာများစွာနဲ့ ဘဝနာသူတွေ ဖြစ်လာကြတာပေါ့။ 



● မအုန်းမြင့်တဲ့နော်
ဒီနေ့ လူတိုင်းငြိတွယ်နေတဲ့ လူမှုကွန်ရက် လောကကြီးမှာ မပြောမပြီး၊ ပြောစရာတွေနဲ့ ပြည့်နှက်နေတဲ့ စုံစီနဖာ သတင်းတွေထဲက ပြောပြ ချင်တဲ့အကြောင်းအရာတခုက ဖလော်ရီဒါ (Florida) ပြည်နယ်၊ ကလီရားဝါးတား (Clearwater သန့်စင်သောရေ) မြို့ သူ အသက် (၂၇) နှစ်အရွယ် ယေချယ် အန်နီ ဟေးစ် (Rachel Anne Hayes) တစ်ယောက် အသက် (၇၂) နှစ်ရှိသူ သူ့အဖွားဖြစ်သူကို သူ့မျက်နှာစာအုပ် (Facebook - အကောင်းဆုံး ဘာသာပြန်နိုင်သူတွေ ပြန်ကြပါ) ရဲ့  သူငယ်ချင်းအဖြစ် လက်ခံဖို့ တောင်းဆိုထားခဲ့တာကို ငြင်းဆိုလို့ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်မယ့် ပြည်ထောင်စုဝန်ကြီး ဗိုလ်အုန်းမြင့်လို့ အဖွားဖြစ်သူပါးပြင်ကို ဘယ်ပြန်ညာပြန် ရိုက်နှက်တော့တယ်။ ညကြီးမိုးချုပ် (၃) နာရီကျော်မှာ အော်ကြီးဟစ်ကျယ် စကားတွေများ၊ ပါးရိုက်နားရိုက်လုပ်တော့ ဆူဆူညံ့ညံ့ ရန်ဖြစ်သံကြောင့် အိမ်နီးနား ချင်းတွေ အကြောင်းကြားလို့လား၊ အိမ်သားတွေ အကြောင်းကြားလို့လား မသိ တာဝန်ရှိရဲတွေ ရောက်ရှိလာပြီး အဖွားဖြစ်သူကို တအားရိုက် နှက်နေတဲ့ သူငယ်ချင်းဖြစ်ချင်တဲ့ ချစ်မြေးမကို ဖမ်းဆီးလိုက်တယ်။ တကယ်တော့ ချစ်မြေးမက အရက်အလွန်အကျွံသောက် လူမှန်းမသိ မူးနေတာကြောင့် အဖွားဖြစ်သူကို ဒီလို ကိုယ်ထိလက်ရောက် လုပ်မိတာဖြစ်ကြောင်း ထွက်ဆိုပေမယ့် ရဲမှတ်တမ်းအရ မူးပြီးကားမောင်းခြင်း၊ လူမြင်ကွင်းမှာ မဖွယ်မရာ ရှုးရှုးပေါက်ခြင်းစတဲ့ အရေးယူခံမှုတွေ ရှိခဲ့တာကြောင့် မူးရမ်းပြီး ဒေါသကြီးတဲ့ မအုန်းမြင့် ကို သက်ဆိုင်ရာက မြို့ နယ်အချုပ်စခန်းမှာ ထိန်းသိမ်းထားပြီး မကြာခင် တရားရုံးတင် အရေးယူသွားဖို့ရှိတယ်။ ဒီလို မအုန်းမြင့်လို သူငယ်ချင်းမျိုး တက်လုပ် (tag) ရင်၊ လိုက်လုပ် (like) ရင် သတိထား တုန့်ပြန်ပေါ့နော်။ (သတင်း - Daily Mail)

မြန်မာနိုင်ငံသူ နိုင်ငံသားများနဲ့ စာဖတ်သူအပေါင်း နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပြီး လိုအင်ဆန္ဒများနဲ့ ပြည့်ဝကြပါစေ။
======

ဖော်ပြခဲ့ပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းအချက်အလက်များကို စုစည်းကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။ ဤမြေ ကမ္ဘာ လူ့လောကလူသားတွေရဲ့  ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိုးမခ စာချစ်သူ စာဖတ်မိတ်ဆွေများ အတွက် မျှဝေတင်ပြလိုက်ပါတယ်။