ရဲကိုကို - ၁ နှစ်ပြည့်တော့မယ့် ရန်ကုန်မြို့လယ် သပိတ်စခန်း ကျန်းမာရေးကောင်းပါသလား
(Yangon Globe News - Facebook Page) ။ ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ရက်ပေါင်း ၂၇ဝ ကျော် ကြာလာပြီဖြစ်သော ရန်ကုန်မြို့လယ်ရှိ သပိတ်စခန်းတစ်ခုကို လူအများ သတိပြုမိကြမည်ဖြစ်သော်လည်း လူအများ သတိမထားမိသည့် အချက်မှာ စခန်းအတွင်း နေထိုင်သူတို့၏ စားရေးသောက်ရေး နှင့် ကျန်းမာရေး အခြေအနေဖြစ်သည်။
သာကေတမြို့နယ် မိကျောင်းကန်ဒေသမှ စစ်တပ်သိမ်းမြေ ပြန်ရရေး သပိတ်စခန်းဖွင့် ဆန္ဒပြသူများထဲတွင် အသက်အရွယ် ကြီးရင့်သူများလည်း ပါဝင်ရာ ၎င်းတို့ထဲမှ တစ်ဦးဖြစ်သော ဒေါ်မြင့်မြင့်သန်းက ဆန္ဒပြ ကာလအတွင်း အမြင်အာရုံ ချို့တဲ့လာသည်။
"မြေပြန်ရဖို့ တောင်းဆိုနေတာ လေးလကျော်လောက်မှာတော့ မျက်စိက ကိုက်ပြီး နာနာလာတယ်" ဟု ဒေါ်မြင့်မြင့်သန်းက ပြောဆိုသည်။
ကျန်းမာရေးအတွက် မဖြစ်မနေအနားယူရန် လိုအပ်ပါက အိမ်သို့ ပြန်ကြပြီး ကုသမှုခံယူရန်အတွက် ဦးကျော်သူ၏ နာရေးကူညီမှုအသင်းက ဖွင့်ထားသော အခမဲ့ဆေးခန်းကို အားကိုးကြသည်။
"(မျက်စိ) မမြင်ရလို့ ကျော်သူမှာ သွားပြီး ခွဲခဲ့ရတယ်။ အခုမြင်ရတာက နှင်းတွေ ဝေသလိုပဲလေ။ မှုံဝါးဝါးနဲ့ပါ" ဟု ဒေါ်မြင့်မြင့်သန်းက ပြောဆိုသည်။ သူက အသက် ၆၆နှစ် ရှိပြီဖြစ်သည်။
ကုသမှု ခံယူထားသော သူ၏မျက်လုံးများ ရန်ကုန်နေရောင်ခြည်၏ဒဏ်ကို ခုခံနိုင်ရန် နေကာမျက်မှန်အမည်း တပ်ထားရသည်။ သပိတ်စခန်းမှ ဒေါ်မြင့်မြင့်သန်း၏ ဆန္ဒပြဖော်ပြဖက်များထဲမှ အမျိုးသမီးကြီး ၂ ဦးမှာ မကြာသေးမီက ကွယ်လွန်သွားပြီဖြစ်သည်။ ထို ၂ ဦး သေဆုံးမှုသည် ရာသီဥတုနှင့် စိတ်ထောင်းကိုယ်ကျေမှုကြောင့် ဖြစ်သည်ဟု ကြာသပတေးနေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးထံ သပိတ်စခန်းက ပေးပို့သောစာတွင် ဖော်ပြထားသည်။
နေပူမိုးရွာမရှောင် လမ်းဘေးပလက်ဖောင်းတွင် နေထိုင်ခြင်း၊ နှစ်ခြိုက်စွာ မအိပ်စက်ရခြင်း၊ အစားသောက်ဆင်းရဲခြင်းတို့က အသက်ကြီးသူတို့ ကျန်းမာရေး ထိခိုက်စေသော အချက်များဖြစ်သည်။
သက်ကြီးအမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်ဝင်းကြည်က "ဒီက ဆေးဆိုင်တွေမှာ စပ်ဆေးတွေ ဝယ်သောက်တယ်လေ။ ဒီထက် ကျန်းမာရေးဆိုးလာရင် အခမဲ့ ကျော်သူဆေးခန်းမှာ သွားပြတယ်" ဟု ပြောကြားသည်။ အသိမ်းခံရသောမြေ ပြန်ရရေးအတွက် ဆန္ဒပြနေသာ ဒေါ်ဝင်းကြည်လည်း အသက် ၇ဝ နီးနေပြီဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း သမ္မတ၊ တပ်ချုပ်နှင့် တခြားသော ခေါင်းဆောင်များသည် နေပြည်တော်သို့ ရောက်လာသည့်
နိုင်ငံတကာမှ အထင်ကရများ ပါဝင်သော ကမ္ဘာ့သက်ကြီးအဖွဲ့ကို တွေ့ဆုံခဲ့ကြသည်။ ဧည့်သည်တော်တို့ ပြောလိုသည်များကို နားထောင်ခဲ့ကြသည်။

သို့သော်လည်း နေပြည်တော်မှ အစိုးရခေါင်းဆောင်များသည် ရန်ကုန်သပိတ်စခန်းမှ သက်ကြီးများ၏ အခြေအနေ၊ လိုအင်ဆန္ဒ၊ သောကတို့ကို သိရှိသည့် အရိပ်အယောင် ပြသခြင်း မရှိသေးပေ။
ရက်ပေါင်း ၂၇ဝ ကျော်ကြာ တောင်းဆိုမှုများကို မဖြေရှင်းပေးပါက ဖမ်းဆီးခံရခြင်းသာ လိုလားပါကြောင်းကို သပိတ်စခန်းမှ အသံထွက်လာသည်။ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ ဦးစိန်သန်းလည်း ပုဒ်မမျိုးစုံဖြင့် အကျဉ်းကျသွားသည်။
စခန်းတွင် အိပ်၊ စခန်းတွင် စားသောက် နေထိုင်ရေးအတွက် မည်သူက ကူညီနေသနည်း။
စားသောက်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ အလှူခံထွက်ကြပြီး အလှူခံရာတွင် နှောင့်ယှက်တားဆီး၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမှုနှင့် ရင်ဆိုင်နေရသည်ဟု အသက် ၆၉ နှစ် အရွယ် ဒေါ်ကံကြည်က ပြောသည်။
"ဈေးရုံကြီးတွေဆို စည်ပင်က ဝင်ခွင့်မပေးဘူး။ လမ်းဘေးဈေးသည်တွေဆီကပဲ ရပါတယ်။
နောက်ပြီး နောက်ကနေလိုက်ပြီး ဒုက္ခတွေပေးတာလည်း ရှိသေးတယ်။ ဒီရပ်ကွက်မှာ အလှူမခံနဲ့လို့ တားမြစ်တာတွေရှိပါတယ်" ဟု ဒေါ်ကံကြည်က ၎င်းတို့ မျက်နှာငယ်ရပုံကို ပြောပြသည်။
"တချို့လူတွေကဆို အဖွားတို့ကို ပြောသွားတယ်၊ တစ်နေ့ ငါးထောင်ရလို့ လုပ်နေတာ တဲ့။ ဒါဆိုမေးချင်တယ် ... သူတို့ လာလုပ်မလားလို့၊ အဲဒီလိုမျိုး အနှိမ်ခံပြီးတောင်းဆိုနေတာပါ။ ဒီလိုနေချင်လို့ နေတယ် မထင်ပါနဲ့၊ မျိုးရိုးလည်းမရှိပါဘူး၊ အခုဆို ရပ်ကွက်ပတ်ပြီး တောင်းစားရတယ်" ဟု ဒေါ်ကံကြည်က ဆက်ပြောသည်။
သက်ကြီးရွယ်အိုတို့ လမ်းဘေးတွင် နေပူမိုးရွာ မရှောင် ဒုက္ခဆင်းရဲခံပြီး ရက်ပေါင်းရာချီ တောင်းဆိုနေကြခြင်းမှာ "ကိုယ့်မြေကို ကိုယ်ပြန်ရချင်တာကြောင့်ပါ" ဟု ဒေါ်ကံကြည်က ရှင်းပြသည်။

ဆန္ဒပြမှု ရက်ပေါင်း ၃ဝဝ နီးကပ်လာသည့် ပြီးခဲ့သောရက်ပိုင်းတွင် မြို့တော်ခန်းမရှေ့ ယာဉ်ထွက်ပေါက်ကို ၎င်းတို့က ပိတ်ဆို့လိုက်သဖြင့် သပိတ်စခန်း ၂ ခု ဖြစ်သွားသည်။
စခန်းနှစ်ခု ဖြစ်သွားသောကြောင့် အလှူခံထွက်နိုင်သည့် အနေအထား မရှိတော့ဘဲ "လမ်းဘေးမှာ ခွက်တွေချပြီး ခရီးသွားတဲ့ လူတွေဆီက တောင်းနေရတယ်" ဟု ဒေါ်ကံကြည်က ပြောသည်။
စခန်းထိုင်သူတို့က တကိုယ်ရေ သန့်ရှင်းရေးအတွက် မဟာဗန္ဓုလပန်းခြံအတွင်းရှိ အိမ်သာ၊ ကမ်းနားလမ်းရှိ ရေချိုးခန်းတို့ကို အသုံးပြုကြသည်။
"အိမ်သာတစ်ခါတက်ရင် ၂ဝဝ ပေးရတယ်။ ရေတစ်ခါချိုးရင်၂ဝဝ ပေးရတယ်လေ။ ဒီပိုက်ဆံတွေကိုတော့ အိမ်ကသားသမီးတွေဆီက လှမ်းတောင်းရတာပေါ့" ဟု အမျိုးသမီးကြီးတစ်ယောက်က ရှင်းပြသည်။
ရက်ရှည်သပိတ်စခန်းကြောင့် မိကျောင်းကန်ဒေသ မြေသိမ်းမှုသည် မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့သော မြေယာဆိုင်ရာ မတရားမှုများစွာအနက် လက်ပံတောင်းတောင်ဒေသ ပြီးလျှင် အထင်ရှားဆုံး ဖြစ်လာသည်။
၁၉၉၁ ခုနှစ် မိကျောင်းကန်ဒေသ မြေသိမ်းမှုတွင် နေအိမ် သို့မဟုတ် တိုက်ခန်း အစားပြန်ရသူ၊ လျော်ကြေးငွေ ရရှိသူမှာ ၁ဝ ရာခိုင်နှုန်းသာ ရှိသည်ဟု သပိတ်စခန်းက ဆိုသည်။
၎င်းတို့၏ တောင်းဆိုချက်ပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ပန်းခြံဝန်းကျင် လှည့်လည်ပြီး အော်ဟစ်သည်ကိုလည်း တွေ့ရသည်။ လှည့်လည်စဉ် ဝတ်ဆင်ထားသော အနီရောင်တီရှပ်အင်္ကျီတွင်လည်း သိမ်းဆည်းမြေပြန်ရရေး ကြွေးကြော်သံများ ရိုက်နှိပ်ထားသည်။ စစ်တပ်ကသိမ်းသည့်မြေ ဖြစ်သောကြောင့် အစိုးရက ချက်ချင်းမဖြေရှင်းပေးနိုင်ပါက တိကျသေချာသည့် အချိန်ကာလ သတ်မှတ်ပြီး သင့်လျော်သည့် အစားထိုးမြေ ပြန်ပေးရေးအတွက် တာဝန်ယူ ညှိနှိုင်းပေးရေး တောင်းဆိုချက်ကိုလည်း အစိုးရက လျစ်လျူရှုထားသည်။
သပိတ်စခန်းဖွင့်ခြင်း၊ လက်ရှိပုံစံအတိုင်း ဆန္ဒပြခြင်းတို့က တရားမဝင်ဟုသာ ရန်ကုန်တိုင်းအာဏာပိုင်တို့ထံမှ အသံထွက်လာသည်။

ပဋိပက္ခ၊ ပြဿနာ၊ တင်းမာမှု၊ အခက်အခဲများ တင်းကြမ်းပြည့်နေသောမြန်မာပြည်တွင် မိကျောင်းကန်သပိတ်စခန်းကို လမ်းသွားလမ်းလာ အများအပြားက လှည့်၍ပင်မကြည့်ခြင်းသည် ဒီအခက်အခဲ ငါတို့နှင့်မဆိုင်၊ မင်းဒုက္ခနှင့်မင်းဟု သဘောထားခြင်းလည်း ဖြစ်နိုင်သကဲ့သို့ နေ့စဉ် တွေ့နေရသဖြင့် ရိုးသွားခြင်းလည်း ဖြစ်နိုင်သည်။
ပန်းခြံဘေးတွင် ရက်ပေါင်းများစွာ လှည့်လည်စဉ် ဝတ်ဆင်ထားသော သူတို့၏ အနီရောင်တီရှပ်အင်္ကျီ အရောင်မှိန်ဖျော့လာသည်နှင့်အမျှ ဆန္ဒပြသူတချို့၏ မျှော်လင့်ချက်လည်း မှိန်ဖျော့လာသည့်သဘော တွေ့ရသည်။ ကျန်းမာရေးလည်း ထိခိုက်လာကြသည်။
ေ
နေကာမျက်မှန်အမည်းတပ်ပြီး သပိတ်စခန်းအတွင်း ကတ်ထူစက္ကူပေါ်တွင် ထိုင်နေသော ဒေါ်မြင့်မြင့်သန်းက "မြေလည်း အသိမ်းခံရသေးတယ်။ မျက်စိလည်း ဆုံးရှုံးလိုက်ရပါပြီ။ အမေတို့ရဲ့ ဘဝကတော့ ဆုံးခန်းတိုင်ပြီလို့ပဲ ထင်ပါတယ်" ဟု ပြောဆိုသည်။
##
http://ygnglobe.com/mm
https://www.facebook.com/TheYangonGlobe