ဇေမှိုင်း - ရုန်းကန်နေသော ..... သို့ 


 ဇေမှိုင်း - ရုန်းကန်နေသော ..... သို့ 
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၅

တောင်သာ
ကာလရှည်လျားစွာ
အနာဂါတ်အတွက်
ဘ၀တွေ
အသက်တွေပေးခဲ့ကြဘူးတယ်။

စံရဲသူတွေမဟုတ်ကြပေမဲ့
အများအတွက်ဆိုရင်
ခံရဲသူတွေ ထွက်ပေါ်ခဲ့ကြဖူးတယ်။

တောင်သာ
အောင်မှာပါကွဲ့ 
ကမ္ဘာကတောင် အာရုံစိုက်ခံရတဲ့ ဒေသ
ဘယ်ကာလမှာမှ 
ဒူးတုပ်မပြခဲ့တဲ့သူတွေရဲ့ နေရာ။

ပြည်သူကိုချစ်
ခေတ်အသစ် အသစ်တွေကို
အချစ်စစ်စစ်တွေနဲ့ ချစ်ခဲ့ကြရာမှာ
ကဗျာဆရာကို လွမ်းတ
သူ့ ကဗျာတစနဲ့ သာ
ပူဇော်လိုက်ချင်တာပလေ

`` မည်သို့ ပင်ဖြစ်စေ 
    ချစ်နေသေးသည် 
    ကြွေးကြော်စူးရဲ
      တိုက်ပွဲထဲကပြည်သူတွေ ``

ကဗျာဆရာ ကိုလေးအောင်ဟာ
တောင်သာသားလေ
ခင်ဗျားတို့ တတွေလို
သူလည်းချစ် ပြည်သူတွေကလည်း
အချစ်ကြီးနဲ့ ချစ်ခဲ့ကြတာပ.....။

( တောင်သာရောက် တီမထင်ကျောင်းတော်သားများနှင့် တောင်သာဒေသ သားများသို့  ဦးညွတ်လျက်)။                     
                                     ၂၇.၀၁.၂၀၁၅