စောဝေ - ဖခင်အောင်ဆန်း
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅
ဖေဖေမရှိတဲ့နောက်ပိုင်း
ဖေဖေ့သားတွေ သုံးသိန်းကျော်
အမေ့ကို နှင်လွှတ်ပြီး
မယားငယ်နဲ့ ရကြတာပေါ့။
အဖမဲ့ခဲ့ ဒီတိုင်းပြည်မှာ
ရိုးသားမှုရှားတယ်
လွတ်လပ်မှုရှားတယ်
ဆန်ရေစပါးရှားတယ်
သုခတွေရှားတယ်
တောတောင်ရေမြေရှားတယ်
ကိုယ်ချင်းစာတရားရှားတယ်
မေတ္တာနဲ့ သစ္စာရှားတယ်
သတ္တိရှားတယ်
သူရဲကောင်းရှားတယ်
ကောင်းတာမှန်သမျှရှားတယ်။
ပေါတာဆိုလို့
ဂုဏ်သိက္ခာမဲ့သူ ပေါတယ်
ရွေးကောက်ပွဲတောင်လိမ်တဲ့
လူလိမ်တွေ ပေါတယ်
ပြည်သူ့ပိုက်ဆံကို
သိန်းသန်းနဲ့ချီခိုးတဲ့
သူခိုးတွေပေါတယ်
ပြည်သူကို အလုပ်အကျွေးပြုမယ်ပြောပြီး
ဘာမျှလုပ်မပေးဘဲ အုပ်ချုပ်သူပေါတယ်
ဗိုလ်ချုပ်အတုတွေ ပေါတယ်
တရားသူကြီးအတုတွေ ပေါတယ်
အမတ်အတုတွေ ပေါတယ်
ပညာတတ်အတုတွေ ပေါတယ်
မိန့်ခွန်းတွေ ပေါတယ်
လူဆင်းရဲတွေ ပေါတယ်
အစစ်တွေထက် အတုတွေပေါတယ်
ဒုက္ခတွေပေါတယ်။
ဖေဖေ….
ညစ်ပတ်စုတ်ပြတ်နေတဲ့
တိုင်းပြည်ကို
ဖေဖေ့ကို ပြန်မလာစေချင်ပေမယ့်
ဖေဖေ့သမီးအတွက်
သားတို့အနာဂတ်အတွက်
ဖေဖေ ပြန်လာပါ
ပြန်လာပေးပါလား ဖေဖေ
အောင်ဆန်း…. ဖေဖေ။
အမိမြေနဲ့ လူသားများအတွက်
မှန်တဲ့ဘက်က အောင်ရမယ်လို့
ခိုင်ကြည်တဲ့စိတ်နဲ့ လမ်းပြခဲ့
အာဇာနည်….
စိတ်များက စိတ်တစ်ခုကို
ကိုးကွယ်ဖို့
အသက်ကိုစွန့်ပြီး
သူ့စိတ်ကို ကမ္ဘာအနှံ့ မွှေးမြစေခဲ့။
ခေတ်အဆက်ဆက်
ရင်ချင်းဆက်ပြီး
ရုပ်က လက်နက်ချခဲ့ရပေမယ့်
စိတ်က လက်နက်မချဘူး
ဟေ့………….
ဖခင်အောင်ဆန်း အာဇာနည်။ ။
ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်
ပန်းချီ သန်းဌေးမောင်
