သတင်းထောက် အောင်နေမျိုးကို ရဲက ဖမ်း

ကိုအောင်နေမျိုး
အလွတ် ဓာတ်ပုံ သတင်းထောက် ကိုအောင်နေမျိုး(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

သတင်းထောက် အောင်နေမျိုးကို ရဲက ဖမ်း
(ကျော်ခရေးတဲ့ ဧရာဝတီသတင်းဌာန အွန်လိုင်းကနေ ကူးယူ ဖော်ပြပါတယ်) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅

(ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅) လူမှု ဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှာ တပ်မတော်ကို သရော်ထားတဲ့ ဖြတ်ညှပ်ကပ် ပြုပြင်ထားတဲ့ ဓာတ်ပုံ တခု ကို တင်မိလို့ မုံရွာမြို့ခံ ဓာတ်ပုံဆရာ ကိုအောင်နေမျိုးကို အရေးပေါ် စီမံမှု အက်ဥပဒေနဲ့ မုံရွာမြို့မ ရဲစခန်းက အရေးယူလိုက် တယ် လို့ သတင်း ရရှိပါတယ်။

မုံရွာမြို့နယ် ရဲသတင်းတပ်ဖွဲ့မှ ရဲမှူး မြင့်လွင်က Facebook မှာ ပုံတင်တဲ့ ကိုအောင်နေမျိုးနဲ့ အပေါင်းအပါ တွေကို ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)/(င) တို့အရ အမှုဖွင့် အရေးယူပေးဖို့ မုံရွာ မြို့မ ရဲစခန်းကို တင်ပြခဲ့တာ ဖြစ်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ နံနက် ၁ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်ဟာ ကိုအောင်နေမျိုး ဖွင့်ထား တဲ့ မုံရွာမြို့က FOTO စားသောက်ဆိုင်ကို ရောက်ရှိလာကြပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုရှိတယ်လို့ တိုင်ကြားသူရှိတဲ့အတွက် လာရောက် စစ်ဆေးခြင်းဖြစ်တယ်လို့ ပြောဆိုပြီး ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက ဧရာဝတီကို ပြောပါတယ်။
ကိုအောင်နေမျိုး ရဲ့ မိခင် ဒေါ်ခင်ဆင့်က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တိုင်တဲ့လူရှိတဲ့ အတွက် လာစစ်တာ ဆိုပြီး တဆိုင်လုံး မွှေနှောက်သွားတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်တာဆိုလို့ ဘာမှလည်း မတွေ့ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ တံဆိပ်ခတ်နှိပ်ထားပြီး Facebook မှာ ပျံ့နှံ့လာတဲ့ ရဲမှူး မြင့်လွင် ကိုယ်တိုင် လက်မှတ်ထိုး တိုင်ကြားထားတဲ့ တိုင်စာထဲမှာတော့ Aung Nay Myo Facebook အင်တာနက် စာမျက်နှာမှာ စီစဉ်သူ – ဦးသိန်းစိန် ၊ ဝတ္ထု – သန်းရွှေ၊ ဇာတ်ညွှန်း – ကြိုင်ကြိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့် ဝါဒမှိုင်းတိုက်သော ဇာတ်ကြမ်း ကွန်ဒုံ ရက် ၄၀ ဆိုတဲ့ ဓာတ်ပုံ Photoshop လုပ် ထားတဲ့ ပုံကြောင့် အရေးယူပေးဖို့ တိုင်ကြားခဲ့တာလို့ ပါရှိပါတယ်။

အခုလို ဖော်ထားခြင်းဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရကို မေတ္တာပျက်စေရန်၊ စည်းကမ်း ဖီဆန်ရန်၊ အစိုးရရဲ့ ဝတ္တရား ဆောင်ရွက်မှုကို ယုတ်လျော့စေရန်၊ ထိခိုက်စေရန်၊ တားမြစ်စေရန်၊ အနှောင့်အယှက်ပြုစေရန်၊ ပျက်စီးစေရန်၊ မမှန်ကြောင်းသိရဲ့နဲ့ မမှန်သတင်းလွှင့်ရန် ကြံရွယ်ပြီး Facebook စာမျက်နှာမှာ တင်ထားတာလို့လည်း စွပ်စွဲထားပါတယ်။

တကယ်တော့ ၁၉၇၁ ခုနှစ်အတွင်းမှာ တပ်မတော်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တပ်တွေအကြား ရက် ၄၀ အကြာ တိုက်ခဲ့ရတဲ့ ကွမ်းလုံ တိုက်ပွဲကို သမိုင်းဝင် တိုက်ပွဲအဖြစ် ဂုဏ်ပြုပြီး ရိုက်ကူးထားတဲ့ “ကွမ်းလုံ ရက် ၄၀” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကို “ကွန်ဒုံ ရက် ၄၀” ဆိုပြီး ဟာသ ဓာတ်ပုံ ဖြတ်ညှပ်ကပ် ပညာရှင်တဦးရဲ့ ဖန်တီးမှုက ၂၀၁၅ နှစ်ဆန်းပိုင်းကတည်းက Facebook စာမျက်နှာတွေဆီမှာ ပျံ့နှံ့နေတာပါ။
အဲဒီလို ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ ဓာတ်ပုံထဲမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ် တော် နာယက သူရ ဦးရွှေမန်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်သူ့ လွှတ်တော် အမတ် ဦးလှဆွေ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ Facebook စာမျက်နှာတွင် အစိုးရနဲ့ စစ်တပ်ဘက်က ဝါဒဖြန့် စာတွေရေးသားနေတဲ့ ရောင်နီဦး၊ ရဲမိုး တို့နဲ့ အတူ မန္တလေးက မစိုးရိမ်တိုက်သစ် ဆရာတော် အရှင် ဝီရသူ လည်း ပါဝင်ပါတယ်။

အဲဒါကြောင့်လည်း ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာ ကိုအောင်နေမျိုး အသုံးပြုနေတဲ့ ကွန်ပျူတာ၊ ဟန်းဖုန်းနဲ့ ဆိုင်အတွင်း တပ်ဆင် ထားတဲ့ CCTV မှတ်တမ်းတွေကိုပါ ဖြုတ်ယူသွားတယ်လို့ သိရပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းအချိန်ထိ ကိုအောင်နေမျိုး အသုံးပြုတဲ့ လူမှုကွန်ရက် Facebook စာမျက်နှာဟာ အွန်လိုင်း ပွင့်နေတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အာဏာပိုင်တွေက မွှေနှောက်နေဖွယ် ရှိတယ်လို့လည်း သူ့ရဲ့ မိတ်ဆွေတွေက ဧရာဝတီကို ပြောပါတယ်။

ကိုအောင်နေမျိုး ကိုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ မြန်မာနိုင်ငံ သတင်း ရဲ တပ်ဖွဲ့ ကဖြစ်တယ်လို့ မုံရွာမြို့ပေါ်က ရဲစခန်းတွေက ပြောပေမယ့် မြို့ပေါ်ရှိ သတင်းရဲတပ်ဖွဲ့က သူတို့ ဖမ်းတာမဟုတ်ဘူးလို့ ငြင်းပါသေး တယ်။

အဖမ်းမခံရမီ ၂ ရက်လောက်ကတည်းက ကိုအောင်နေမျိုးရဲ့ဆိုင်ကို စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) အရာရှိတယောက် ရောက်လာပြီး သူ့အကြောင်းတွေကို စုံစမ်းမေးမြန်းသလို ကိုအောင်နေမျိုးရဲ့ မိတ်ဆွေတွေထံမှာလည်း တဆင့် မေးမြန်းမှုတွေ ရှိကြောင်း အဖမ်းမခံရမီ နာရီပိုင်းအလို ဧရာဝတီ ကို ကိုအောင်နေမျိုးက ပြောဆိုခဲ့ပါသေးတယ်။

“သူတို့က ကျနော့်ကို မျက်စိ ဆံပင်မွေးစူးနေတာ ထင်တယ်။ Facebook ပေါ်က ကိစ္စလောက်နဲ့တော့ ကျနော့်ကို မလုပ်လောက် ဘူး။ ကျနော်က ဒီမှာ ပညာရေး သပိတ်မှောက် ကျောင်းသားတွေကို ဆိုင်မှာ ထမင်းတွေ ဘာတွေ ကျွေးတာတွေရှိတယ်”လို့ အဖမ်းမခံရခင် နာရီပိုင်း အလိုမှာ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။

Facebook ပေါ်မှာ လူကြိုက်များတဲ့ အစိုးရ၊ လွှတ်တော်နဲ့ စစ်အုပ်စုကို သရော်ထားတဲ့ ပိုစတာ