ရန်နောင် (ဗိုလ်တထောင်) - MY YANGON MY HOME ယဉ်ကျေးမှု အနုပညာပွဲတော် မတ်လတလလုံး ကျင်းပပြုလုပ်မည်

ရန်နောင် (ဗိုလ်တထောင်) - MY YANGON MY HOME  ယဉ်ကျေးမှု အနုပညာပွဲတော် မတ်လတလလုံး ကျင်းပပြုလုပ်မည်
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅

မတ်လ တလလုံးနီးပါး ကျင်းပပြုလုပ်မည့် MY YANGON MY HOME ယဉ်ကျေးမှုအနုပညာပွဲတော် ကျင်းပပြုလုပ်မည့်အကြောင်း သတင်းမီဒီယာ မိတ်ဆက်ပွဲကို  ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်း (အောက်)လမ်းရှိ  ဟုမ်းမီဒီယာခန်းမတွင်  ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ( ၂၇) ရက်နေ့ နေ့လည် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အစီအစဉ်ကျင်းပနိုင်ရေး နှင့်ပတ်သက်၍ စာရေးဆရာ ပန်းချီထိန်လင်းမှ  ရှင်းလင်းပြောကြားပြီး ပါဝင်ပြသမည့် အစီအစဉ်များနှင့်ပတ်သက်သူများက လုပ်ဆောင်ပြသပေးမည့်ပွဲများ အကြောင်းရှင်းလင်းပြောကြားခဲ့ကြပြီး စာနယ်ဇင်းများ က သိရှိလိုသည်များကို မေးမြန်းကာ စာနယ်ဇင်းမီဒီယာရှင်းလင်းပွဲအားရုတ်သိမ်းခဲ့သည်။


ထိုယဉ်ကျေးမှုအနုပညာပွဲတော်ကို  မတ်လ (၁) ရက်နေ့ နံနက် (၉)နာရီမှ စတင်ကာ ပြုလုပ်မည်ဖြစ်သည်။ ပိုစတာများ၊ ကာတွန်းများကို အများပြည်သူ သွားလာရာ နေရာများဖြစ်သည့် ပန်းဆိုးတန်းခုံးတံတားပေါ်၊ ပန်းခြံ တို့တွင် ချိတ်ဆွဲပြသ သွားမည်ဖြစ်သည်။ ဗြိတိသျှသံရုံးနှင့် စာတိုက်ကြီး အကြားရှိနေရာတွင်လည်း အနုပညာ ပြကွက်တခုကို ပြုလုပ်မည်ဖြစ်သည်။ ရန်ကုန်မြို့လည်ခေါင်ရှိ ပန်းချီပြခန်းများတွင်လည်း ပန်းချီပြပွဲများပြုလုပ်ခြင်း၊ အိမ်များတွင် အနုပညာ လက်ရာများပြသခြင်း ၊ ဘတ် (စ်) ကားပေါ်တွင် ပန်းပုရုပ်တင်ကာပြသခြင်း၊ မီးရထားဖြင့် မြို့ကိုပတ်ကာ အနုပညာပြုလုပ်ခြင်း၊ မုန့်ဟင်းခါး ခေါင်း စဉ်ဖြင့် လက်ဘက်ရည်ဆိုင်များတွင် ရန်ကုန်သမိုင်းအား ဗီဒီယိုပြသခြင်းတို့ကို မတ်လ တလလုံး ပြုလုပ်မည်ဖြစ်သည်။


ထိုအနုပညာ တင်ဆက်မှုများကို စိတ်ပါဝင်စားသူမည်သူမဆို ပူးပေါင်းပါဝင်နိုင်ကာ ကိုယ်တိုင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်းလည်း  ပွဲတော်စီစဉ်သူ ဦးထိန်လင်းမှ ပြောပြခဲ့သည် ။ ပွဲအားစိတ်ဝင်စားပါက www. Yangonartheritage.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်းထပ်မံသိရှိရသည်။