နီဂျူလိုင် - ကြယ်ဖျောက် တစ္ဆေ
(မိုးမခ) မတ် ၂၈၊ ၂၀၁၅
ကောင်းကင်မှာ
ကြယ်တွေဟာ
စိန်လိုတောက်ပ
လမ်းပြလို့ ..။
တစ္ဆေကတော့
တစ္ဆေလိုပေါ့ 
ကြယ်ရောင်ကို မော့မကြည့်ရဲဘူး...။
ကြယ်ရောင်တဖျပ်ဖျပ်အောက်မှာ
တစ္ဆေဟာ
မာယာနဲ့ လှည့် စားဖို့  အခွင့် မသာ။
သွေးရူးသွေးတမ်း တစ္ဆေဟာ
ကြယ်တွေကို မြက်ရိုင်းတောအောက်
ထိုးဖျောက်ဖို့ ကြိုးစားတယ်။
အရာရာ နဲ့ ဖုံးအုပ်
ကြယ်တွေကို လှုပ်မရအောင် ကြိုးစားတယ်..။
ကြယ်တွေကိုဖျောက်ဖို့ ကြိုးစားတယ်..
ကြယ်တွေကို ဖျက်ဖို့ ကြိုးစားတယ်..
ကြယ်တွေကို မေ့  သွားအောင်ကြိုးစားတယ်..
ဒါပေမယ့် 
ကြယ်တွေက
ကြယ်တွေလေ
ကောင်းကင်မှာပဲ တောက်ပနေသပေါ့ 
စိတ်လျှော့ 
တစ္ဆေ
နင်သာ မကောင်းဆိုးဝါးဘ၀က
မြန်မြန်ကျွတ်လွတ်ပါစေ..။ ။