ဆောင်းယွန်းလ - "စောင့်ခဲ့တယ်"

Aung Htet - photo

ဆောင်းယွန်းလ - "စောင့်ခဲ့တယ်"
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၅
 
စောင့်ခြင်းကို စောင့်ရင်းနဲ့
စောင့်ခဲ့တယ်....

စောင့်ခဲ့တယ်
ကိုယ့်အချိန် ကိုယ်စောင့်ဆိုင်းရင်းနဲ့
သူတပါးအချိန်ကို စောင့်ဆိုင်းရင်းနဲ့
စောင့်ခဲ့တယ်....

ဝေးကွာခဲ့အချိန်တွေကို အဖြောင့်တိုင်းရင်းနဲ့
စောင့်ခဲ့တယ်.....

စောင့်ခဲ့တယ်
ပျော်ခွင့်ရက်တွေကို မျှော်လင့်ချက်အဖြစ်
မျှော်လင့်ရင်းနဲ့ စောင့်ခဲ့တယ်....

အိမ်ပြန်ချင်တဲ့ အလွမ်းတွေကို
ဘ၀နွမ်းနွမ်းထဲက ခဏဖယ်ထုတ်ထားရင်းနဲ့
စောင့်ခဲ့တယ်...

စောင့်ခဲ့တယ်
ဘ၀ခါးခါးထဲက ဒုက္ခချိုချိုတွေကို
ပန်းသီးတလုံးစားသလိုမျိုး စားရင်းနဲ့
စောင့်ခဲ့တယ်.....

မေတ္တာတရားကို ဓါးသွားပေါ်ထိုင်စောင့်ရင်းနဲ့
စောင့်ခဲ့တယ်.....

စောင့်ခဲ့တယ်
ငြိမ်းချမ်းရေးအတွက်
အသက်ကို သေနတ်ပြောင်းဝချိတ်ရင်းနဲ့
စောင့်ခဲ့တယ်...

သစ္စာတရားအတွက်
ဘ၀ကို ထောင်နှုတ်ခမ်းဝမှာချိတ်ရင်းနဲ့
စောင့်ခဲ့တယ်....

စောင့်ခဲ့တယ်
ကိုယ့်လှေကိုယ်ထိုးလို့ ပဲခူးရောက်ချိန်အထိ
စောင့်ခဲ့တယ်....

ငါ့မြင်းငါစိုင်းလို့ စစ်ကိုင်းရောက်ချိန်အထိ
စောင့်ခဲ့တယ်....

စောင့်ခဲ့တယ်
ကိုယ့်တလံနဲ့ ကိုယ့်ပုဂံရောက်ချိန်ထိ
စောင့်ခဲ့တယ်....

လှေခွက်ချည်းကျန် အလံမလှဲစတမ်းလည်း
စောင့်ခဲ့တယ်....

စောင့်ခဲ့တယ်
စောင့်ခြင်းကို စောင့်ရင်းနဲ့
စောင့်ခြင်းမှာ ကမ္ဘာတည်ရင်း စောင့်ခဲ့တယ်...။               ။

ဆောင်းယွန်းလ