ပန်းချီ အောင်ထက်လွင်ရဲ့ MR.WATER အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲ 43 Art Galleryမှာ ပြသနေ


ပန်းချီ အောင်ထက်လွင်ရဲ့ MR.WATER အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲ 43 Art Galleryမှာ ပြသနေ
K (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၈


MR.WATER အမည်ပေးထားပြီး ပန်းချီ အောင်ထက်လွင်ရဲ့ တကိုယ်တော် ရေဆေးပန်းချီပြပွဲကို ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ၄၃လမ်း(မဟာဗန္ဓုလနှင့် ကုန်သည်လမ်းကြား) အမှတ် ၁ဝ၁ရှိ 43 Art Galleryမှာ နိုဝင်ဘာ ၁၅ရက်မှ ၁၉ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီတိုင် ပြသနေပါတယ်။

အဆိုပါပြပွဲဟာ ပန်းချီအောင်ထက်လွင်ရဲ့(၅)ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲဖြစ်ပြီး ရေဆေးပန်းချီလက်ရာများကို ချိတ်ဆွဲပြသထားပါတယ်။

ပန်းချီအောင်ထက်လွင်ဟာ လူငယ်ပန်းချီဆရာတဦးဖြစ်ပြီး ၁၉၉၁ခုနှစ်မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ အဖ ဦးလွင်ဦး အမိ ဒေါ်ဌေးဌေးတို့ကမွေးဖွားခဲ့ပါတယ်။ ပန်းချီအနု ပညာနဲ့ ပတ်သက်ြ့ပီး ရန်ကုန် အနုပညာယဉ်ကျေးမှုတက္ကသိုလ်မှ Painting(B.A)၊ PGDA(Painting)၊ Diplomain Computer Arts(Dip.CA)ဘွဲ့တို့ရရှိခဲ့ပါတယ်။ မြန်မာရေဆေး ပန်းချီအသင်းအဖွဲ့ဝင်တယောက်ဖြစ်ပြီး ဆရာမိုးညို၊ ဆရာအောင်သင်းဦး၊ ဆရာမြင့်နိုင်တို့ထံမှာ ပန်းချီပညာကို ထပ်မံသင်ယူခဲ့ပါတယ်။

တကိုယ်တော်ပြပွဲများအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင်တကြိမ်၊ ၂၀၁၆ခုနှစ် လောကနတ်ဂယ်လာရီမှာ Yangon Eassyအမည်ဖြင့် လည်းကောင်း၊၂၀၁၇ခုနှစ် Cloud 31 Gallery မှာ Illumination 31 အမည်ဖြင့်လည်းကောင်း၊ ၂၀၁၇ခုနှစ်မှာပဲ Cloud 31 Gallery၌ Two Heart of Myanmar အမည်ဖြင့် လည်းကောင်း ပြသခဲ့ပါတယ်။

ပြည်ပပြပွဲများအဖြစ် နီပေါ၊ ဟောင်ကောင်၊ အယ်ဘေးနီးယား၊ မက္ကဆီကို၊ ဗီယက်နမ်၊ အိန္ဒိယ၊ ကိုရီးယား အစရှိတဲ့နိုင်ငံများမှာကျင်းပတဲ့အုပ်စုလိုက်ပန်းချီပြပွဲများမှာလည်း ပါဝင်သွားရောက်ပြသခဲ့ပါတယ်။

Comments