မောင်ရင်ငတေ - ရာဇဝင်ထဲကလူသားများ

မောင်ရင်ငတေ - ရာဇဝင်ထဲကလူသားများ 
(ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ - ၁)
(မောင်ရင်ငတေရဲ့ မှတ်ရလွယ် ပြင်သစ် လူဝီ နှစ်ဆယ်)
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၅
 
L’expansion de l’empire Franc, entre 481 et 814 (Photo Google)

မောင်ရင်ငတေ သမိုင်းဘာသာရပ်ကို အကျွမ်းတဝင် မရှိလှပါဘူး။ ဟိုစပ်စပ်ဒီစပ်စပ် ဝါသနာကြောင့် ဟိုဖတ်ဒီဖတ်ရာကနေ ဘုရင်လူဝီဆိုတာတွေ များပြားလွန်းလှတာ တွေ့ရလို့ ရေးချင်စိတ်ပေါ်လာပြီး  ရေးမိတာပါ။ အင်တာနက် စာမျက်နှာတွေက ဖတ်မှတ်ထားတာတွေကို မောင်ရင်ငတေ မူပိုင်အဖြစ် အလွယ်တကူ မှတ်မိအောင် အတိုချုပ်ထားတဲ့ လူဝီဘုရင်များရဲ့ သမိုင်းပါ။


လူဝီဘုရင်များရဲ့ သမိုင်းလို့ ဆိုပေမယ့် ဥရောပနိုင်ငံတိုင်းမှာလည်း လူဝီဘုရင်တွေက များမှများပါ။မောင်ရင်ငတေ အခုရေး မှာက ပြင်သစ်ပြည်သမိုင်းတလျှောက်မှာ (အမည်ပေးစရာ ရှားလို့လားတော့ မသိပါဘူး) နာမည်ကြီးခဲ့တဲ့ ပြင်သစ်လူဝီများ အကြောင်း အတိုချုပ်ပါ။ တခြားနိုင်ငံက လူဝီဘုရင်များအကြောင်း မပါပါဘူး။

ပြင်သစ်သမိုင်းကို ခရစ်တော် မပေါ်မှီခေတ်ကစတင်ပြီး သမိုင်းမှတ်တမ်းများမှာ ရေးသားကြပေမယ့် တကယ်တမ်း ဆိုရရင် တော့ အေဒီ ၄၇၆ ခုနှစ်ထိ ပြင်သစ်နိုင်ငံရယ်လို့ ပြောလို့မရသေးပါဘဲ ရောမ အင်ပါယာခေတ် ရောမဘုရင်တွေ အုပ်ချုပ်မှု အောက်မှာသာရှိခဲ့ကြတဲ့ ပြင်သစ်နယ်မြေတွေလို့သာ ပြောမယ်ဆို ပိုပြီးမှန်နိုင်မှာပါ။


Les Rois de France (Photo MKN)

ယခုအခါ ဘုရင်စနစ် မရှိတော့ပြီ ဖြစ်သော ပြင်သစ်ပြည်မှာ ခရစ်တော် မပေါ်မှီက ၅၈ ခုနှစ်ကနေ စတင်ပြီးတော့ မှတ်တမ်း တင်ထားတဲ့ ပြင်သစ်ရာဇဝင်အရဆိုရင် ဒီကနေ့ ၂၀၁၄ ခုနှစ်အထိ ဘုရင်ဧကရာဇ်တွေ သမ္မတတွေဆိုပြီး နိုင်ငံအုပ်ချုပ်ခဲ့သူ စုစုပေါင်း ၁၇၀ ဦး ရှိခဲ့ပါပြီ။

အဲဒီလူဝီအမည်နဲ့ ပြင်သစ်ဘုရင်များဟာ Empire carolingien အေဒီ (၇၅၁-၉၈၇) ခေတ်ကာလက စတင်ပြီးတော့ ဘုရင် ဖြစ်ခဲ့ကြသူများပါ။ Empire carolingien ခေတ်ရဲ့ မြို့တော်က ပြင်သစ်အခေါ် Aix-la-Chapelle သို့မဟုတ် ဂျာမန်လို Aachen မြို့ပါ။ အဲဒီ မြို့တော်ကြီးက ဒီကနေ့ ခေတ်မှာတော့ (ဂျာမဏီ နယ်သာလန် ဘယ်လ်ဂျီယမ် Three country point သုံးနိုင်ငံဆုံချက် အနီးမှာတည်ရှိတဲ့) ဂျာမဏီနိုင်ငံရဲ့ နယ်စွန်နယ်ဖျား တောမြို့လေးတမြို့အဖြစ်နဲ့သာ ရပ်တည်လျှက်ရှိနေပါ တော့တယ်။ Empire carolingien ကို Empire d’Occident (၈၀၀-၉၂၄) ဆိုပြီးတော့ ရေးသားကြတာကိုလည်း တွေ့ရှိရပါ တယ်။ ဒီနေရာမှာ မောင်ရင်ငတေရေးချင်တာက ပြင်သစ်အင်ပါယာပြင်သစ်နိုင်ငံတော်ရဲ့အကြောင်း မဟုတ်ပါဘူး။ ပြင်သစ် သမိုင်းရဲ့ လူဝီဘုရင်များအကြောင်း ဖြစ်ပါတယ်။

အဲဒီထဲမှာမှ ပြင်သစ်ပြည်ရဲ့ သမိုင်းကြောင်းတလျှောက်မှာ လူဝီအမည် တွင်ခဲ့တဲ့ ဘုရင် စုစုပေါင်း ၁၉ ဦးရှိတယ်လို့ ဖတ်မိရပါ တယ်။ အဲဒီလူဝီအမည်နဲ့ ဘုရင် ၁၉ ပါးမှာ Louis XVI လူဝီ ၁၆ ဘုရင် (၁၇၅၄-၁၇၉၃) အထိကတော့ ရှင်းပါတယ်။ လူဝီ ၁၆ ရဲ့ ဒုတိယသားတော်ဖြစ်တဲ့ Louis-Charles de France ဟာ Louis XVII အဖြစ် သတ်မှတ်ထားခံခဲ့ရသူ ဖြစ်သော်လည်း ဖခင်နန်းကျဘုရင်ကြီး ခေါင်းဖြတ်ခံရပြီး နောက် နှစ်နှစ်အကြာ အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီလို လူဝီ ၁၇ မဖြစ်ခဲ့ရပါဘဲ အသက် ၁၀ နှစ်မျှ အရွယ်လေးနဲ့ အကျဉ်းထောင်ထဲမှာ ဖျားနာပြီး သေဆုံးသွားရပါတယ်လို့ ဆိုကြတဲ့ Dauphin de France ရဲ့ မယုံကြည်နိုင်ဘွယ်ရာအကြောင်းတွေကြောင့် Lost Dauphin ဇာတ်လမ်းက လူပြောသူပြော များခဲ့ရသလို ကိုယ့်ကိုယ်ကို Lost Dauphin ဆိုကြသူတွေ အတုဖြစ်ချင်သူတွေ အနည်းဆုံး အယောက်သုံးဆယ်လောက် ပေါ်လာပါသေးတယ်တဲ့ခင်ဗျာ။ အဲဒါတွေအပြင် လူဝီ ၁၇ သေဆုံးခဲ့ချိန်မှာ စစ်ဆေးခဲ့တဲ့ ဆရာဝန်က ထုတ်ယူသိမ်းဆည်း ထားခဲ့ပါတယ် ဆိုတဲ့ လူဝီ ၁၇ လေးရဲ့ အသည်းနှလုံးဟာ တနေရာပြီး တနေရာသို့ ရောက်ရှိခဲ့ရာ ၂၀၀၀ ခုနှစ်မှာမှ DNA စနစ်နဲ့ စစ်ဆေးအတည်ပြုခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်မှာတော့ သူ့ရဲ့မိဘဆွေမျိုးတွေ နောက်ဆုံးခေါင်းချရာ ပါရီမြို့ မြောက် ဘက်က Basilique de Saint-Denis ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့ပါတယ်။ ဆန်းကျယ်လှတယ် မပြောနိုင်တဲ့ လူလော ကရဲ့ သံဝေဂရစရာအဖြစ်အပျက်တခုပါ။

လူဝီ ၁၇ နဲ့ လူဝီ ၁၈ ရဲ့ အကြား ၁၇၉၃ ခုနှစ်ကနေ ၁၈၀၄ ခုနှစ်အထိ ပြင်သစ် ဘုရင်ရယ်လို့ မရှိခဲ့ ပါဘဲ Première République (French First Republic) အဖြစ်ဖြင့်၎င်း ၁၈၀၄ ခုနှစ်က ၁၈၁၄/၁၅ ခုနှစ်အထိ Napoleon I နပိုလီယံ ဘိုနာပတ်ရဲ့ Premier Empire (First Empire) ဖြစ်ခဲ့ပါတယ်။လူဝီ ၁၈ နဲ့ ပထမ နပိုလိယံ ဘိုနာပတ်တို့ဟာ တပြန်တလှည့်စီ နန်းစံခဲ့တယ် ပြောရမှာပါ။

လူဝီ ၁၉ (၁၇၇၅-၁၈၄၄) ကတော့ တနာရီ လူဝီ သို့မဟုတ် မိနစ်နှစ်ဆယ် လူဝီဟုအမည်တွင်ခဲ့ပြီး အမှန်တကယ် ပြင်သစ် ဘုရင်အဖြစ် စာရင်းသွင်း မခံခဲ့ရပါဘူး။

ပထမ လူဝီ ဖိလစ်ဘုရင် (၁၇၇၃-၁၈၅၀) ၁၇ နှစ်ခွဲကျော် နန်းစံပြီးတဲ့ ၁၈၄၈ ခုနှစ်အလယ်မှာတော့ နန်းကျပြီး အင်္ဂလန်ကို ပြည်ပြေးအဖြစ် ၁၈၅၀ ခုနှစ်မှာ ရောက်ရှိသွားပြီး ကွယ်လွန်ခဲ့ပါတယ်။

အဲဒါကြောင့် မောင်ရင်ငတေရဲ့ မှတ်ရလွယ် ပြင်သစ်လူဝီစာရင်းမှာ လူဝီ ဖိလစ်ဘုရင်အမည်ကိုပါထည့်သွင်းပြီး လူဝီ နှစ်ဆယ်ယောက်အဖြစ် အကျဉ်းချုံးရေးသားလိုက်ရတာပါ။

မောင်ရင်ငတေ ၁၇၀၅၂၀၁၄ ၂၄၀၄၂၀၁၅

(လွန်ခဲ့တဲ့ တနှစ်လောက်က စတင်ရေးသားခဲ့တာတွေကို ဖြတ်ညှပ်ကပ် ပြုပြင်ရင်း ဆက်လက်ရေးသားပါတယ်။)