သစ်ကောင်းအိမ် - ကျီးကန်း ...

 
သစ်ကောင်းအိမ် - ကျီးကန်း ...
(မိုးမခ) မေ ၃၁၊ ၂၀၁၅

ဇာတ်လမ်းက
ကျီးကန်းနဲ့ ကျီးမ
လစ်ဗင်းတူဂဲသားနေရာက
စခဲ့တယ်ဆိုပါစို့။

ကျီးကန်းက
ဂိုးရှေ့ရောက်တိုင်း
ခြေခေါက်လှဲတတ်တဲ့
နာမည်ကြီးတိုက်စစ်မှုးတယောက်ဖြစ်တယ်။

ကျီးကန်းမကတော့
ကမ္ဘာလုံးဆိုင်ရာအချစ်စိတ်နဲ့
ကျီးကန်းသိုက်ထဲ
ဥတွေ ဝပ်ရင်းနေထိုင်.. ။

ကျီးကန်းလည်း
ငှက်သတ္တဝါဆိုတော့ဗျာ
အစာအိမ်ကလှုပ်နှိုးတဲ့မနက်တိုင်းမှာ
မာယာများတဲ့ကောင်းကင်ကြီးထဲ
အစာရှာထွက်ရ
ဒီနေရာမှာတော့
ကျီးကန်းဟာ အဖိုပီသပါပေတယ်။

ကောင်းကင်စတိုးပိတ်တော့
ဆူရှီလိပ်တဲ့ကျီးကန်း
မောမောပမ်းပမ်းနဲ့
အိမ်ပြန်လာခဲ့တယ်။

သူ့အသိုက်ကိုဖွင့်ဖို့
ဘောင်းဘီအိတ်ထဲသော့နှိုက်တော့
တံခါးဟာ ပွင့်လျက် ...။

ချိုးလေးတကောင်
ကူပြီးထွက်လာ
ဒယ်ဒီရေ...
ငြိမ်းချမ်းရေးအတွက် အရက်တခွက်တဲ့..။

လဒလေးတကောင်
ကတုံးနဲ့ နာကွင်းနဲ့ထွက်လာ
အန်ကယ်ရေ...
ခင်ဗျားနဲ့ ကျနော် သွေးအမျိုးအစားတူတယ်
အပုပ်အစပ်တွေထံ ပျံဝဲလိုက်ဦးမယ်တဲ့ ..။

စာကလေးတကောင်
ထွက်လာပြန်တယ်
ကျနော့်အမေ အရင်အဆက်ဆက်က
ဦးလေးက
ကဗျာဆရာလားတဲ့ ..။

မေးခွန်းများစွာ
ကျီးခမျာ
မျက်လုံးရော
နှလုံးပါ ကန်းသွားရှာ..

သူ့အသိုက်လေးထဲ
ကျီးတွေ ကန်းခဲ့တာကြာပေါ့ ....။