ကေဇ၀င်း - အတုတွေရှုံးတဲ့ ပွဲ


ကေဇ၀င်း - အတုတွေရှုံးတဲ့ ပွဲ
(မိုးမခ) မေ ၃၀၊ ၂၀၁၅

တနိုင်ငံလုံးမှာ မီးလောင်နေတယ်ဆို
အဲဒီ မီးကို ရေမှုတ်ထဲ ရဲရဲထအောင်မွှေပြီး
သူတို့ ရှို့ ခဲ့ကြတာ။

ကျောင်းသားတွေရဲ့ လက်ထဲမှာက
ပြည်သူတွေ ကမ်းတဲ့
သပြေညို ရွှေဘိုပန်းပဲရှိတယ်။

ရဲရင့်တဲ့ ခြေလှမ်းတွေကို
နံပါတ်တုတ် တဖြန်းဖြန်း နဲ့ သူတို့ ရိုက်ချိုးကြတာ
ကျောင်းသားတွေရဲ့ ခြေလှမ်းက မကျိုးဘဲ
သူတို့ရဲ့ အတု အရောင် စံနစ်ကြီးပဲ တစစီ ကျိုးကျ
မျက်နှာဖုံးက အစိမ်းလိုက် ကွာကျခဲ့ပေါ့။

ဘီလူးသရဲ တို့ရဲ့
မီးစတဖက် ရေမှုတ်တဖက် ဒီမိုကရေစီဟာ
တနိုင်ငံလုံးသွေးစတွေ၊ မျက်ရည်စတွေတွေနဲ့
တဟောင်ဟောင် ညှီနံစွဲနေကြောင်း
ကျောင်းသား ကျောင်းသူ တိုင်းက
ဟက်တက်ကွဲနေတဲ့ ခေါင်းတွေနဲ့ ခေါင်းလောင်းထိုးခဲ့
တပြည်လုံးလဲသိတယ်
တကမ္ဘာလုံးလဲ သိတယ်။ ။

၁၆ မေ ၂၀၁၅

(သာယာဝတီရုံးထုတ်တဲ့ ၀န်းရံပြည်သူ ကဗျာဆရာတဦးရဲ့ ကဗျာ)