ဖိုးထက် - လူပါးဝသော စာအုပ်

ဖိုးထက် - လူပါးဝသော စာအုပ်
(မိုးမခ) မေ ၂၉၊ ၂၀၁၅

အခြားသောဘာသာစကားတွေမှာ ဘယ်သို့ ဘယ်ပုံရှိမည် ကျွန်တော်မသိ။ မကျွမ်းကျင်။ မြန်မာစကားကတော့ ရှုပ်လည်း ရှုပ်သလို ချစ်လည်း ချစ်စရာ ကောင်းသည်။ စကားလုံး အသုံးအနှုန်းပေါ်မူတည်ပြီး အဓိပ္ပါယ် အများကြီး ကွာသွားနိုင်သည်။ စကားလုံးကိုလိုက်ပြီး ဆန့်ကျင်ဘက်အဓိပ္ပါယ် ကောက်ယူလို့ရသွားနိုင်သဖြင့် မြန်မာနိုင်ငံရှိ လက်ရှိနိုင်ငံရေးသမားများ စကားလုံး အသုံးအနှုန်း၊ စကားလုံးရွေးချယ်မှု ဆင်ချင်လာတာ သတိထားမိသည်။ ဘာစနစ်ကြီးနဲ့အုပ်ချုပ်နေမှန်း မသိသည့် လက်ရှိ အစိုးရ၀န်ကြီးများပင်လျှင် အခုနောက်ပိုင်း စကားလုံးရွေးချယ်တတ်လာသည်။ မြန်မာစကားမှာ စကားလုံး ရှုပ်ထွေး၊ များမြောင် လှသည်။

သာဓကအားဖြင့် “လူရည်လည်သောလူ” နှင့် “လူလည်” ဆိုသည့် စကားလုံးနှစ်လုံးကို ကြည့်ပါ။ လူရည်လည်ခြင်းသည် လူ တိုင်းမှာမရှိသော အရည်အချင်း။ ပါးရည် နပ်ရည်ရှိတာကို ရည်ညွှန်းသည်။ မိမိဘ၀တက်လမ်းကို မိမိသိသည့် အရည်အချင်း။ လူအများထက် ရှေ့ခြေတလှမ်း ဘယ်လိုလှမ်းရမည်ဆိုတာကို အလိုလိုသိနေတတ်သည့်အတတ်ပညာ။ လေ့ကျင့်လို့ ရကောင်းသော အရည်အချင်းမဟုတ်လို့ ကျွန်တော်ထင်သည်။

လူလည်ကတော့ လူလည်ကျခြင်းက လာသည်။ သိသိကြီးနဲ့ အညွှန့်ခူးခြင်း။ တစ်ဖက်သားကို တွန်းထိုး နင်းခြေပြီး မိမိခြေ တလှမ်း ရှေ့ကိုပိုရောက်ဖို့ ကြိုးစားသည့်အရည်အချင်း။ လူတွေ သဘောမကျသည့် လူ့ပညာ။ အော့နှလုံး နာစရာ မျက်နှာ ပြောင်တိုက်တတ်သည့်လူများကို ကျွန်တော်တို့က ကင်ပွန်းတတ်ကြသည် မဟုတ်ပါလား။ “ဒီကောင် လူလည်”။ ဒီလူလည် ကျတာကတော့ လေ့ကျင့်လျှင်ရသည်။ မျက်နှာပြောင်ဖို့ဘဲ လိုသည်။ ဘယ်သူ ဘာဖြစ်ဖြစ် တဖက်သားရင်ခုန်သံကို နား ထောင်ဖို့မလိုလျှင် ဖြစ်သည်။ အခြားသူများ၏ မျက်နှာအရောင်များကိုလိုက်ပြီး မဖတ်ဘဲနေလျှင် ဖြစ်၏။

ပြီးတော့ ချစ်စရာ ကောင်းသည်ဟု ယူဆလျှင်လည်းရ၊ အမြင်ကတ်ချင်ရင်လဲ ရနိုင်သည့် လက်ရှိ ကျွန်တော်တို့အသုံးပြုနေသည့် မြန်မာစကား တစ်ခွန်းလဲ ရှိသည်။ “ရူးချင်ယောင်ဆောင်သည်” ဆိုသည့်စကား။ မြန်မာပြည် ရော့ခ်စတားကြီး ကိုလေးဖြူ ဆိုသည့် “ရူးချင်ယောင်ဆောင်မနေနဲ့” ဆိုသည့် သီချင်းထဲမှာပါသည့် ရူးချင်ယောင်ဆောင်သည်ဆိုသည့်စကားကတော့ အနုတ်လက္ခဏာပြသည့် အဓိပ္ပါယ်ကို ယူနိုင်သည်။ “မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့” “ငိုနေတာတွေကို လက်ပိုက်ပြီးတော့ ကြည့်မနေနဲ့” ဆိုသည့် သီချင်းစာသားများ။ တေးရေးဆရာ ကိုမောင်မောင်ဇော်လတ်က ရူးချင်ယောင် ဆောင်သော လူတွေကိုရည်ရွယ်ပြီး တေးသီဖွဲ့ခဲ့ဖြင်း ဖြစ်သည်။

ကျွန်တော်တို့ ဘော်ဒါတွေ အချင်းချင်းကြားထဲမှာကြတော့ “ဟိုကောင် ရူးချင်ယောင်ဆောင်မနေနဲ့။ တကယ်ရူးသွားအုံးမယ်” လို့ ပြောတတ်ကြသည်။ ဒါကတော့ ချစ်ခင်ကြင်နာမှု၊ သံယောဇဉ်တွေရှိနေသောကြောင့် ချစ်စနိုးနဲ့သုံးသောစကား။ “ကိုင်း.. ကိုင်း… ရူးချင်ယောင်ဆောင်မနေနဲ့။ လုပ်လိုက်တော့ လုပ်လိုက်တော့” ဟု ကျွေးရ မွေးရမည့်ကိစ္စမှာ အင်တင်တင်လုပ်နေသူကို ချစ်ခင် ကြင်နာဖွယ် တိုက်တွန်းနှိုးဆော်သည့်စကား။

နောက်ထပ် စကားတလုံးလည်း ရှိသေးသည်။ “လူပါး” နဲ့“လူပါးဝ” သည်ဆိုသည့်စကား။ လူပါးဆိုသည့်စကားကတော့ နည်း နည်းလေး အလာဂျီရှိသော်လည်း သူ့အရည် အချင်းကို အသိအမှတ်ပြုသည့် စကား။ “ဟာ..ဒီကောင့်ကို ပူမနေနဲ့။ သူက လူပါး ပါကွာ” ဆိုသည့်စကားမှာ စိတ်ပူမနေနဲ့။ သူက လူ့လောကကို သိနားလည်တယ်လို့ယူဆသော် ရကောင်း၏။ လူပါးဝတာကျတော့ အခန့်မသင့်ရင် ထသတ်ကြတော့သည်။ “မင်းလူပါးဝတာ ငါသိတာပေါ့ကွာ” လို့ပြောလိုက်လျှင် အပြော ခံရသူ ရာသီဥတုကြည်လင်သော် အကျယ် အကျယ် မငြိမ်းဖွယ်ကိစ္စများ မဖြစ်နိုင်။ အပြောခံရသည့် သူက သူမှန်နေပါရဲ့နဲ့ သူမဟုတ်တာ မလုပ်ပါဘဲနဲ့အပြောခံလိုက်ရလျှင် မဆုံးနိုင်သောရန်မီးများ တောက်စေသည်။ လူပါးဝဆိုသည့်ကြိယာကို နောက်က “သော” လိုက်ပြီး နောက်က နာမ်လိုက်လျှင် သောက်ညင်ကတ်စရာကြီး ဖြစ်လာသည်။

လက်ရှိ မြန်မာပြည်တွင် လူပါးဝသောစာအုပ်ကြီးတအုပ် ရှိသည်။ အများသိကြသည့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေစာအုပ်ကြီး။ သူ့ထဲက အပိုဒ်ခြောက်တွင် လူပါးဝသောအချက်များပါသည်။ ထိုအပိုဒ်ခြောက်တွင် နိုင်ငံတော်သည် ...

၁။ ပြည်ထောင်စု မပြိုကွဲရေး
၂။ တိုင်းရင်းသား စည်လုံး ညီညွတ်မှု မပြိုကွဲရေး
၃။ အချုပ်အချာ တည်တံ့ခိုင်မြဲရေး
၎။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ထွန်းကားရေး
၅။ နိုင်ငံတော်၌  တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်
၆။ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တ စိုက် ဦးတည်သည်.. ဆိုသည့် အချက် (၆) ချက်ပါဝင်သည်။

ပြည်ထောင်စု မပြိုကွဲရေးတဲ့။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးတဲ့။ ဖြတ်ခနဲ့ကြည့်လိုက်လျှင် သိပ်ကောင်းတယ်လို့ ထင်စရာ။ မြန်မာ တကျပ်။ ရှမ်းတစ်ကျပ်။ ကရင် တကျပ်။ မြန်မာ တကျပ်။ တိုင်းရင်းသားတွေအကုန်လုံး တကျပ်စီရနေချိန်မှာ မြန်မာလူမျိုးက ငွေတစ်ရာကျော်ကျော်ရနေလျှင် အဘယ်မှာ ပြည်ထောင်စုထဲက ခွဲမထွက်ချင်သော တိုင်းရင်းသား ရှိပါအံ့။ တန်းတူရည်တူ ဖွံ့ဖြိုးတိုးတက်စေမည့် အာမခံချက်များ၊ လုပ်ဆောင်ချက်များ မရှိပါဘဲ ဘယ်ကရင်ကြီးက ကျေနပ်ပါအံ့။ ဘယ်ရှမ်းကြီးက “တောက်” မခေါက်ဘဲ နေပါအံ့။ အခုတော့ မြန်လာလူမျိုးလည်း တစ်ပြားမှမရ။ တိုင်းရင်းသားတွေလဲ တမူးမှ ရှူစရာမရှိပါဘဲ ပြည်ထောင်စု မပြိုကွဲရေး။ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး စသည့် မြန်မာစကားတွေက အဓိပ္ပါယ် လည်း မရှိ။ တန်ဖိုးလည်း  မဲ့ ...။

အချုပ်အချာ တည်တံ့ခိုင်မြဲရေးတဲ့။ ပြန်မပြောနဲ့။ အမြောက်စာမိချင်သလားဆိုသည့်အချိုးမျိုးကတော့ တောင်ကိုဖိလျှင် မြောက်ဘက် က ကြွမည်။ အရှေ့ကို နင်းလျှင် အနောက်က ထမည်။ တရားဥပဒေဆိုတာ မျက်နှာကြီးရာ ဟင်းဖတ်ပါနေသရွေ့ မျှော်လင့်မနေကောင်းသော အချုပ်အခြာ တည်တံ့ခိုင်မြဲရေး။ နေသေးသပ ချုံထဲက လူတွေချည်းဘဲ ဖြစ်လာမည်။

လောကပါလ တရားများ ပိုမိုထွန်းကားရေးတဲ့။ လောကပါလဆိုတာ လောကကိုစောင့်ရှောက်ခြင်းလို့ အဓိပ္ပါယ်ရတယ်တဲ့။ လောကနဲ့ပါလဆိုတဲ့ ပါဠိစကားနှစ်လုံးကို ပေါင်းစပ်ထားတာ။ မြတ်စွာဘုရားက ဟိရီနဲ့သြတ္တပ္ပလို့ခေါ်တဲ့ ရှက်ခြင်းနဲ့ ကြောက်ခြင်းတရားနှစ်ပါးကို လောကပါလလို့ ရည်ညွှန်းခဲ့တာတဲ့။ ခေါင်းဆောင်ကြီးများကိုယ်တိုင် အရှက်ဆိုတာ မုန့်ပျား သလက်လားလို့ ပြန်မေးနေသရွေ့ ဘယ်မှာလဲ လောကပါလ။ မိမိတိုင်းသူပြည်သားများ၏မြေကို နိုင်ထက်စီးနင်း သိမ်းယူနေ သော၊ သိမ်းယူခဲ့သောသူများက လောကပါလတရားများ ပိုမိုထွန်းကားရေးတဲ့။ ပိုမိုထွန်းကားရေးဆိုတော့ အရင်က နည်း နည်းတော့ ရှိနေသယောင်ယောင်။ အချည်းအနှီးမဲ့ စကားလုံးများ။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်  တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဆိုသည့် အချက်ကတော့ လူပါးဝသည့်လူပါးများက သက်သက်မဲ့ လူပါးဝသည့်ကိစ္စကြီး။ ဘာလဲ အမျိုးသား နိုင်ငံရေး။ အမျိုးသမီးများ မပါရဆိုသည့်သဘောမို့ အမျိုးသမီးကြီးကို ဖဲ့တိုက်နေကြလေသလား။ ဟင့်အင်း…ဖယ်ဘူး။ ဖယ်ပေးဘူး။ ဘယ်သူ ဘာပြောပြော လုံးဝ လုံးဝ မဖယ်ဘူးလို့ အစဉ်တစိုက် ဦးတည်သည်လို့ ဆိုခဲ့ကြလေသလော။ ကိုယ့် professional ကိုယ်မလုပ်ဘဲ နတ်အိုးကွဲလုပ်ချင်သည့်ကိစ္စ။ ဟိုနေရာလည်း ပါချင်။ ဒီနေရာလည်း ပါချင်။ ပါလေရာ ငပိချက် လုပ်ချင်သည့် ဦးအကုန်သိ၊ ဦးအကုန်တတ် Mr. Know လုပ်ချင်ကြခြင်းသာ။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ငါတို့မပါရင် နင်တို့ အကုန်ခွေးဖြစ်မယ်။ ဒါကြောင့် ငါတို့ပါမယ်။ ပြီးရင် ငါတို့ဘဲ ကောင်းတာလေးတွေ ရွေးစားမယ်နော် ဆိုသည့် အပေါက် မျိုးနှင့်တော့ တနိုင်ငံလုံး ခွေးဝဲစားသာသာ ဖြစ်နေတာဘဲ ရှိမည်။ ဦးဆောင်သူ၊ ခေါင်းဆောင်သူဆိုတာ လုပ်ချင်တိုင်း လုပ်လို့ရကောင်းသော အရာမဟုတ်။ သမိုင်းကြောင်း သန့်ရှင်း ဖြူစင်ရမည်။ တိုင်းသူပြည်သားတို့၏ ယုံကြည်ကိုးစားမှု လိုသည်။ ဒီလိုမှ မဟုတ်ပါဘဲ ဒီထိုင်ခုံ ငါ့ထိုင်ခုံနော်။ ငါပေးမှ နင်တို့ထိုင်ဆိုသည့်အချက်ကြီးသာ ဖြစ်သည်။

ကိုင်း..ကျွန်တော် မပြောဘူးလား။ ဒီ ၂၀၀၈ မြန်မာပြည် ဖွဲ့စည်းပုံစာအုပ် အစိမ်းကြီးလောက် လူပါးဝတဲ့စာအုပ် ဒီစာအုပ်ဘဲ ရှိတယ်။ နိုးတူးစာအုပ်ကြီး။ ဒီစာအုပ်ကြီးကို လူပါးများက လူပါးဝရေးခဲ့ပြီး လူလည်ကျ ရူးချင်ယောင်ဆောင်နေတာကို လူရည်လည်သော လူလည်များက ဖြည်းဖြည်းပေါ့လုပ်နေကြတာ ကျွန်တော်ဖြင့် အံ့သြလို့ မဆုံး။ ရူးချင်ယောင်ဆောင်ရင်း ရူးကုန်ကြလျှင် သူတို့ချည်းသာဆို တော်သေးသည်။ ကျွန်တော်တို့ကိုပါ ရူးချင်ယောင်ဆောင်ခိုင်းတာတော့ နိုင်ငံရေးမှာ လူရည်လည်နေသည့် မြန်မာလူမျိုးများအတွက် စပ်ဖျဉ်းဖျဉ်းကြီး ခံစားနေရသည်။ 


ဖိုးထက်