ငြိမ်းချမ်းအေး - ဖျက်ဆီးခံလိုက်ရတဲ့စိတ်


ငြိမ်းချမ်းအေး - ဖျက်ဆီးခံလိုက်ရတဲ့စိတ်
မိုးမခ  - မေ ၃၁ ၊ ၂၀၁၅

ဝမ်းပျက်သံများကြောင့် အန်ချခြင်း (၃)

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အခုရက်ပိုင်း သတင်းဌာနတခုရဲ့ အမျိုးသမီးစာရေးဆရာမ တယောက် တွေ့ဆုံမေးမြန်းခန်းကို အခြေခံပြီး လူအများ ပြောကြ၊ ဆိုကြ အသံတွေ ညံနေတယ်။  စာရေးဆရာမို့ စာအကြောင်း ပေအကြောင်း စာဖတ်ပရိသတ်က ဝိုင်းငြင်းခုံနေတယ် မထင်လိုက်ပါနဲ့။  စာရေးဆရာမရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု လှပ ကျော့ရှင်းမှုကို အခြေခံ အသားပေး ဆိုနေကြတာပါ။

ကျနော်တို့ ဆီမှာ ဖြစ်ရပုံက ရင်ကြီး၊ ရင်ဟိုက်၊ ပေါင်ပေါ်၊ ဖင်ပေါ်တာကိုလိုက် အရေးလုပ်ကြတဲ့ တိုင်းပြည် ဖြစ်နေတယ်။  အမျိုးသမီးဆိုရင် ဘာမှ မမြင်တော့၊ လိင်ပိုင်းဆိုင်ရာ၊ လိင်ဆက်ဆံရာ အစိုင်အခဲ အတုံးအခဲကြီး အဖြစ်ပဲ မြင်ကြတော့တယ်။  ရှက်စရာ အတွေးအခေါ် အမြင် ဆိုတာကိုလည်း ရှက်စရာမှန်း မသိကြတော့လောက်အောင် စိတ်ဓာတ်တွေက ဖျက်ဆီးခံရ၊ ချွတ်ခြုံကျ နေကြပြီ။

အမျိုးသမီးကို ရင်ဘတ်အရွယ်အစားထက် ဦးနှောက်အရွယ်အစားကို မျှော်ကြည့်ချင် စိတ်မရှိကြဘူး။  လိင်အာသာဖြေစရာ ရုပ်ဝတ္ထုပစ္စည်းသက်သက် မြင်နေကြတာ ဝမ်းနည်းစရာကောင်းတယ်။  ဗမာပြည်က အမျိုးသမီး၊ အမျိုးသား အားလုံး မဟာဖိုဝါဒီ ကျား ဗဟိုပြုချည်း အများစုပဲ။

တခုခုဆိုရင် ပုဂ္ဂလိကဘဝ ကို ကျူးလွန် စော်ကားကြတာလည်း အလွန်အကျွံပဲ။  သူ့ဘာသာ ဆီလီကွန်ထည့်ထည့် မထည့်ထည့် အသားပေးပြောစရာ အကြောင်းမရှိဘူး။  မနက်အိပ်ရာထ ဘယ် ဘုရား ရှိခိုးမယ်၊ မရှိခိုးဘူး၊ ည အိပ်ရာဝင်ရင် ဘယ် ယောက်ျားနဲ့ အိပ်မယ်၊ မိန်းမချင်း အိပ်ချင်လည်း အိပ်မယ်၊ ဘယ်လူမျိုးနဲ့ အိပ်မယ် ဆိုတာမျိုးတွေလိုပဲ အရွယ်ရောက်ပြီး အမျိုးသမီးများ မိမိ ခန္ဓာကိုယ် အတွက် ရွေးချယ်ခွင့်၊ လူမှုစီးပွားဘဝ အားလုံးဟာ ကိုယ့်အပေါ်မှာသာ လုံးလုံး တည်မှီတယ်။  ကာမဆက်ဆံခြင်း၊ အိမ်ထောင်သားမွေးပြုခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ လိင်ပြောင်းခြင်း၊ ကိုယ်ခန္ဓာ ပြုပြင်ခြင်း အားလုံးဟာ သူတပါး လွှမ်းမိုးခံ မပါ အမျိုးသမီးတဦးချင်းရဲ့ (လူသားတဦးချင်းရဲ့) တကိုယ်ရေ ဆန္ဒ သက်သက်နဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။  အမေ၊ အဖေ၊ ညီအစ်ကို မောင်နှစ်မ၊ သမီးရည်းစား၊ လင်ယောက်ျား အစ ဘုန်းကြီး (ဘုရားကျောင်း)၊ မင်းအစိုးရ အထိ ဘယ်သူ့ အရေး၊ ဘယ်သူ့ အကြိုက်မှ လိုက်စရာမလိုဘူး။  ဒါကို ဗမာပြည်က ကျားကြီးများတင်မက ‘မ’ ကိုယ်တိုင်ဘက်ကလည်း အများစု အသိမရှိကြဘူး။

ဒါကြောင့် အခု လွှတ်တော်လို ဥပဒေပြုနေရာတွေမှာတက်ပြီး အမျိုးသမီးဘဝတွေကို ချုပ်ခြယ်လွှမ်းမိုးတဲ့ ဥပဒေတွေ အမျိုး၊ ဘာသာ၊ သာသနာ အသံကောင်းဟစ် အတည်ပြုနိုင်ကြတာပေါ့။  အခုပဲ မျိုးစောင့်ဥပဒေတွေ အတည်ဖြစ်ခဲ့ပြီ မဟုတ်လား။  ဘယ်သူ့မှလည်း ဟုတ်ဟုတ်ညားညား လောက်လောက်လားလား မကန့်ကွက်ကြတော့ဘူး။  အသာပဲ ငြိမ်ခံနေကြတယ်။  ဘာကြောင့်ဆို လူ့အဖွဲ့အစည်းမှာ အမျိုးသမီးဆိုရင်၊ လူမျိုးခြား၊ ဘာသာခြားဆို နှိမ်ချင်၊ ချိုးချင်တဲ့ စိတ်အခံက လူအများမှာကို အနည်းအများ တည်ရှိနေကြတာကိုး။

ဘာသာစွဲကြီးသူ၊ ပြင်းထန်သူဟာ လူမျိုးရေး စိတ်ပြင်းသူ၊ ခွဲခြားသူ ဖြစ်တတ်တယ်။  အဲသလို လူတွေက လိင်ခွဲခြားသူ၊ လိင်တူချစ်သူ မုန်းသူ၊ မနှစ်မြို့သူလည်း ဖြစ်တတ်တယ်။  ဒါတွေအားလုံးဟာ မဟာလူမျိုးကြီး၊ မဟာဖို ဝါဒများ အရိုးစွဲ ကျင့်သုံးရာ စစ်အာဏာရှင်စနစ်မှာ တည်မှီတယ်။  ဆိုတော့ ဒီ အမူအကျင့်၊ လက္ခဏာတွေ အားလုံးက ရှေးရိုးစွဲ လူ့အဖွဲ့အစည်းဖြစ်ရတဲ့အထဲ စစ်ကျွန် ရာစုဝက်ကျော် နစ်ခဲ့ရတဲ့ ဗမာပြည်မှာ လူအများကြား ရေပန်းစား သဘောတရားတွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ ဖြစ်နေတာ အံသြစရာတော့ မရှိဘူး။

ချုပ်ရရင် ဗမာပြည်မှာ စစ်ဗိုလ်ချုပ်ကြီးတွေ နာမည်အမျိုးမျိုးပြောင်း ဆယ်စုနှစ်များစွာ အာဏာတည်ဆောက်၊ ကိုယ်ကျိုး၊ အုပ်စု စီးပွားအကျိုး တည်ဆောက်ရင်း တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးခဲ့ကြတဲ့ အထဲမှာ၊ ပျက်စီးစေတဲ့ အထဲမှာ အဆိုးဆုံးက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေ မဟုတ်၊ လူတွေရဲ့ စိတ်ဓာတ်တွေပဲ ဆိုတာကို ဒီလို နိစ္စဓူဝ အဖြစ်အပျက် သေးသေးလေးတွေက အမြဲ သက်သေ မပြတ်ပြနေတယ်။  ဝမ်းနည်းစိတ်ပျက် စကားလုံးတွေ အန်ချရုံကလွဲလို့ ကိုယ်ကလည်း ဘာမှ မတတ်နိုင်လို့ စာပဲ ချရေးလိုက်ရကြောင်းပါ။

ငြိမ်းချမ်းအေး
၂၉ မေ၊ ၂၀၁၅

(ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

××××××××

ဆက်စပ်သတင်း -

စာရေးဆရာမ ရွှေရေးထင်ထင်နဲ့ တွေ့ဆုံခြင်း

ရွှေရေးထင်ထင် ပလပ်စတစ် ဆာဂျရီ မလုပ်ထားပါ

××××××××

ဆက်စပ် ဆောင်းပါးများ --

ဝမ်းပျက်သံများကြောင့် အန်ချခြင်း (၁)

ဝမ်းပျက်သံများကြောင့် အန်ချခြင်း (၂)