မျိုးမြတ်လွင် - ကိုယ်ပိုင်ဗားရှင်း (မြန်မာ့နည်း မြန်မာ့ဟန်တဲ့လား)


မျိုးမြတ်လွင် - ကိုယ်ပိုင်ဗားရှင်း  (မြန်မာ့နည်း မြန်မာ့ဟန်တဲ့လား)
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၅

ဒီမိုကရေစီ အစစ်တွေကို
ဒီမိုကရေစီ ဘိုးအေကြီးတွေ
စုပ်ယူစားသောက်လိုက်တော့..
ဒီဘက်ခေတ်မှာ
ဒီမိုကရေစီ အတုတွေပဲ
အသုံးများလာတယ်။

ကိုယ်နားလည်သလို ရေရွတ်ရင်း
ကိုယ် ကိုယ်တိုင်က
ဘောင်တွေထဲ ကမ္ဘာလား
ကမ္ဘာတွေထဲက ဘောင်လား
မကွဲပြားသေးဘူး။

ဒီလို အပြိုင်ဈေးကွက်မှာ
ဒီစကားလုံး လေးလုံးက
လာဘ်ခေါ် ဂါထာလေး တပုဒ်ပေါ့
ဟောဒီက ဒီမိုကရေစီ ဆိုပြီး ဈေးခေါ်နေတာ။

ဒို့များဆီမှာတော့
ဖိုးခွားလေး အီးပါသလိုမျိုး
မျက်နှာစာကို လုံအောင်ခြုံပြီး
တင်ပါးနှစ်ချပ်ကတော့
ပြောင်ပြောင်ရောင်ရောင်လေး
တင်းရင်းနေလေရော့..။


မျိုမြတ်လွင်