ခက်ဦး - စိန်ခေါ်ခြင်း သက္ကရာဇ်များ

ပန်းချီ - ပွင့်ဖြူ နန္ဒာ



ခက်ဦး - စိန်ခေါ်ခြင်း သက္ကရာဇ်များ
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၅

ရက်စက်ခြင်းနဲ့ရုန့်ရင်းစိတ်များ
ရွေ့ရွေ့ညင်ညင် သိမ်မွေ့ခြေလှမ်းအောက်
 ပြားပြားမှောက်တယ်

ငြိုးဖွဲ့ခြင်းနဲ့မာန်ဖီမှုအစွယ်ဖွေးဖွေးများ
ဣနြေ္ဒမလျော့ပါးတဲ့သံမဏိကြံ့ကြံ့ခံခြင်းမှာ
 ကိုယ့်အကျဉ်းထဲကိုယ်ပြန်ကျသွားစေတယ်

ဆုပ်ခြစ် ကုတ်ဖျစ်ချင်နေတဲ့ သွေးဆာလက်သည်းကြမ်းကြီးများ
 ငြိမ့်ငြိမ်းအေးတဲ့ မေတ္တာစောင်းကြိုးခတ်သံမှာ 
တုံး ပဲ့ ကြွေသွားကြစေပြန်တယ် 

မသူတော်နည်းနဲ့ အသီးဝေအရွက်စိမ်းတဲ့ မာယာတောအုပ်ကို
 ဝေ့ဝေ့ဝဲဝဲပေါ့ပါးဟန်ဖွဲ့ပျံသန်းပြခြင်းက 
ရူးသွပ်သွေးပျက်ခြင်းတွေ ဆကဲမွှန်ထူသွားစေပြန်တယ်.....

ခန္တာမကြေခင်သမိုင်းပုတ်သိုးနေသူများ
မကြွေခင်မပြိုခင်သမိုင်းသေနေသူများ
သက်ဆိုးအထက်ထက်ရှည် သမိုင်းအဆက်ဆက်သေနေသူများ
အနှစ် ၇၀ ကျော်အောင် ပန်ဆင်ထားတဲ့အပြုံးပန်းအောက် 
အကြိမ်ကြိမ်သေနေကြ ပြန်တော့တယ် ။

အနှစ်ရာကျော်တိုင်ချောက်လှန့်ဆဲ
အနှစ် ခုနှစ်ဆယ် အနှစ်တစ်ရာ အနှစ် ကမ္ဘာကြွေသည့်တိုင်
 ချောက်ခြားစေနေဆဲ 
သမိုင်းတွင် မျက်နှာထားတွေကြောင့်
မနုဿမြေခွေးတွေ 
အုပ်ဖွဲ့လိုက် ကွဲပြားလိုက် 
သင်းကွဲလိုက်နဲ့
ကျည်မထွက်တဲ့
လိပ်ပြာတောင်ပံခတ်သံတွေထဲ
သတ္တိလျော့ရဲ ငိုပွဲဆင်နေရတော့ရဲ့ ။

အို ... အချင်းလိပ်ပြာများ
အချင်းလိပ်ပြာတို့၏ မွေးသက္ကရာဇ်များ
အချင်းလိပ်ပြာတို့၏တောင်ပံခတ်သံများ
အလျင်မပြတ် တရစပ်
အဖိနှိပ်ခံနှလုံးသားအစုံစုံကိုဖြတ်
အကြိမ်ကြိမ်ထုတ်ချင်းခတ်ကြပါစေသတည်း ။ ။


ခက်ဦး
၁၈ . ၆ . ၂၀၁၅