လင်းခါး - ဘယ်သူ့ကိုမှ မတိုင်ဘဲ သစ်ရွက်တွေဟာ ကြွေသွားကြတယ်


လင်းခါး - ဘယ်သူ့ကိုမှ မတိုင်ဘဲ သစ်ရွက်တွေဟာ ကြွေသွားကြတယ် 
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၅

အခြေအနေက ပြောင်းလဲသွားပြီ
အရင်တုန်းက ငါ ရေးထားတာတွေကို ငါပြန်ဖတ် 
ဘာကြောင့် ဒီဝါကျကို ငါ ရေးလိုက်တယ် 
ဘာကြောင့် ဒီစကားလုံးကို ငါ သုံးလိုက်တယ် 
ငါ ပြန် ပြန် စဉ်းစားရတယ် 

တချို့ဟာတွေကို ငါ ပြန် သတိရ
တချို့ကဗျာတွေတော့ ငါ မေ့သွားပြီ

အခြေအနေတွေက ပြောင်းလဲသွားပြီလေ
အခြေအနေတွေက ပြောင်းလဲသွားတာကိုး

ဘယ်လောက်ထိ ပြောင်းလဲသွားသလဲ ဆို
"ဓာတ်ကြိုးတွေ ဘယ်ကို သွားကြသလဲ"
ဆိုတဲ့ ဝါကျကို စိစစ်ရေးဖြုတ်တဲ့ ကိစ္စ
ငါ စဉ်းစားမရဘူး

"လူတွေ အစုလိုက်အပြုံလိုက် သွားလာကြ"
အဲဒီ ဝါကျအဖြုတ်ခံရတာ ငါ ရယ်ချင်မိတယ် 

အပြောင်းအလဲဆိုတာ ဒါပဲ
ဒါလောက်ပဲလို့  ငါ ထင် တယ် 

အပြောင်းအလဲဆိုတာ ခေါင်းကွဲသလို သွေးသံရဲရဲ မဟုတ်တော့

ဒါ လောက် ပါပဲ ။    ။

Photo - Aung Htet