ငြိမ်းချမ်းအေး - ဂုဏ်သရေရှိ အမျိုးသမီးကောင်းကြီးကို ဂုဏ်ပြုကြ

ငြိမ်းချမ်းအေး - ဂုဏ်သရေရှိ အမျိုးသမီးကောင်းကြီးကို ဂုဏ်ပြုကြ
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၅

ဂုဏ်သရေရှိ အမျိုးသမီးကောင်းကြီးကို ဂုဏ်ပြုကြ၊
သတ္တိရှင် အမျိုးသမီးကြီးကို သတိရကြ၊
ဘုရားပေါ်မှာ ဘုရားရှိခိုး ဆုတောင်းလို့ 
ထောင်အကြိမ်ကြိမ် ချခံရတဲ့ အမျိုးသမီးကြီးကို အောက်မေ့ကြ..။

အင်္ဂါနေ့ မွေးနေ့ရှင်အတွက် အမေသံ မညံခင်
ရွှေတိဂုံ အင်္ဂါထောင့်
သံဇကာထောင်ချခံရတဲ့ အထိ
တိုက်ပွဲဝင်ခဲ့သူ တော်လှန်ရဲဘော်မကြီးကို ဖော်ထုတ်ကြ..။

မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်
မသွေတိမ်း မယိမ်းယိုင်ခဲ့သော လယ်သူမကြီး
လွတ်မြောက်ရေး တောင်းဆိုကြ..။

အဓမ္မအမှုဟာ တိုင်းပြည်မှာ
၇ ရက်သားသမီး ခံနေရချိန်..
စာကလေး အကောင် ၇၀ မလွှတ်ချင်၊
ဖယောင်းတိုင်တွေ မထွန်းချင်
အင်္ဂါဆုတောင် မပြုချင်..။

မွေးနေ့မှာ နိုင်ငံရေး ‘ရှင်’ တာမြင်ချင်သူမို့
မွေးနေ့ရှင် အပေါ် တချိန်က ထောင်ချခံ
ဝန်းရံသူ  အမျိုးသမီးကောင်းကြီးကိုပဲ
အမှတ်တရ နှုတ်ဆက်လိုက်ပါရဲ့..။

ဂုဏ်သရေရှိ အမျိုးသမီးကောင်းကြီးကို ဂုဏ်ပြုကြ၊
သတ္တိရှင် အမျိုးသမီးကြီးကို သတိရကြ၊
ဘုရားပေါ်မှာ ဘုရားရှိခိုး ဆုတောင်းလို့ 
ထောင်အကြိမ်ကြိမ် ချခံရတဲ့ အမျိုးသမီးကြီးကို အောက်မေ့ကြ..။

ငြိမ်းချမ်းအေး

ဇွန် ၁၉၊ ၂၀၁၅