မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၁၄)



မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၁၄)

(၂၀၁၅ မတ်လ ၆ ၊ လက်ပတန်းဈေးအနီး သပိတ်တိုက်ပွဲ)

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၅

ခွပ်ဒေါင်းဟာ
တခါတခါ ကြိုးကြာ
တခါတခါ ဘဲငန်း
မိုင်ချီပျံသန်း နိုင်စွမ်း
အံ့မခန်း။

သတ္တိဇွဲ
သူတို့အသည်း
ရဲဝံ့ခြင်း
စွန့်စားစွန့်လွှတ်ခြင်း
ညီညွှတ်ခြင်းဟာ
ပျံသန်းခြင်းအတွက်
အသက်ခွန်အား
သံမဏိသား အတောင်ပံ တွေ

အဲဒီနေ့က
သပိတ်တပ် ၀ိုင်းပတ်
သံဆူးကြိုး အထပ်ထပ်
ကျော်ဖြတ်ထွက်လာ
ပျံသန်းခဲ့
ကျောင်းသားကြိုးကြာတချို့။

လက်ပတန်းမြို့ ဈေးအနီးမှာ
အသာဆွဆွ
လျှို့ဝှက်ခြေချ
လှိုက်ဆူအုံကြွ
သပိတ်မှောက် ဆန္ဒပြ
လှုပ်ရှားခဲ့ကြ။

ကြိုးကြာခွပ်ဒေါင်း
ကျောင်းသားကျောင်းသူ
အင်အားစု ငါးဦး
ဝိုင်းပတ်ခံရ
ပုလိပ်တပ် ဖိနှိပ်ခဲ့
သပိတ်စခန်းထဲ
ပြန်ပို့ခံခဲ့ရ။

ပြောက်ကျား
သပိတ်တပ်သား
သူရဲကောင်း
ခွပ်ဒေါင်းရဲ့
အလှည့်အပြောင်း
ထိုးဖောက်ထွက်
တိုက်ကွက်ဆင်
နည်းပရိယာယ် ကြွယ်ဝ
တိုက်ပွဲ ထက်မြ
သိပ်လှ။

မောင်စိုးချိန်

မတ်လ ၇- ၂၀၁၅