ရခိုင်မြေယာပြသနာများကို ၈၈(ငြိမ်း/ပွင့်)မှ ရှင်းလင်းပွဲပြုလုပ်
ဟန်သစ်နိုင်၊
မိုးမခ၊ ဇူလိုင် ၁၈ရက်၊ ၂၀၁၅ခုနှစ်
၈၈မျိုးဆက်
(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တောင်သူလယ်သမားရေးဌာနမှ ရခိုင်ပြည်နယ်
ခရီးစဉ် ၂၅ရက်အတွင်း ၁၄မြို့နယ်မှ ကြားမြင်မှတ်တမ်းယူခဲ့ကြသည့် မြေယာပြဿနာများနှင့်ပတ်သက်၍
သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံအနောက်ရပ်ကွက်
သုမင်္ဂလာလမ်း ၈၈မျိုးဆက် (ငြိမ်းပွင့်)ရုံးတွင် ဇူလိုင် ၁၇ရက် နေ့လည် ၁နာရီက ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း
မြေယာပြဿနာများနှင့်ပတ်သက်ပြီး မြေယာသိမ်းဆည်းသူများမှာ စစ်တပ်၊ အုပ်ချုပ်ရေးအဖွဲ့၊
ကုမ္ပဏီများ၊ စီမံကိန်းများ၊ ရဲတပ်ရင်းတပ်ဖွဲ့များ၊
ရဲဘော်ဟောင်းများအဖွဲ့၊ ဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်တပ်အရာရှိကြီးများ၏ဇနီးများ
မှ သိမ်းဆည်းခဲ့ကြသည်။ တပ်သိမ်း ၃၄မှု၊ အုပ်ချုပ်ရေးပိုင်း၊ ၂၁မှု၊ ကုမ္ပဏီသိမ်း ၉မှု၊ ဝန်ကြီးဌာနသိမ်း ၅မှု၊
စီးပွားရေးလုပ်ငန်းရှင်သိမ်း ၁မှု၊လယ်မြေအငြင်းပွားမှု ၂မှု၊ အရာရှိဇနီးများသိမ်း ၂မှု၊
ရဲစခန်းသိမ်း ၂မှု၊ စီမံကိန်းသိမ်း ၂မှု၊ ရဲဘော်ဟောင်းသိမ်း ၁မှု၊ ကျေးရွာမြေစီဆုံးဖြတ်ချက်အား
မနာခံမှု ၁မှုတို့အား လေ့လာတွေ့ရှိခဲ့သည်။
ပြည်နယ်နှင့်တိုင်းများတွင် လေ့လာတွေ့ရှိခဲ့သော
မြေယာသိမ်းဆည်းခံရမှုများအနက် တပ်မှအများဆုံးသိမ်းဆည်းထားကြောင်း၊ ပြန်ပေးသည်ဆိုသော်လည်း
မူလပိုင်ရှင်များလက်ဝယ်သို့ တိတိပပပြန်လည်မရရှိသေးကြောင်း၊ ယခင်အစိုးရလက်ထက်မှ မြေယာသိမ်းဆည်းမှုးများမှာ
ယခုအထိတိတိကျကျပြန်လည် ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အပြင် သမ္မတအစိုးရဦးသိန်းစိန်လက်ထက်အထိ
မြေယာသိမ်းဆည်းမှုများ ဆက်လက်ရှိနေသေးသည်ကိုလည်းတွေ့ရှိနေသည်ဟု (ငြိမ်း/ပွင့်) လယ်မြေလေ့လာမှတ်တမ်း
ကူညီဆောင်ရွက်သူ များကဆိုသည်။
တရားဥပဒေစိုးမိုးမှုသည် အုပ်ချုပ်သူလူတန်းစားအတွက်သာပြုလုပ်ထားပြီး၊
မြေယာကိစ္စရပ်များနှင့် အခြားပြဿနာရပ်များတွင်လည်း ဥပဒေစိုးမိုးမှုမရှိသေးကြောင်း၊ မြေယာပြဿနာများနှင့်ပတ်သက်ပြီး
လေ့လာမှတ်တမ်းပြုစုခဲ့သည်များကို သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ဝန်ကြီးဌာနတွေကိုသိအောင်
တဆင့်ပြီးတဆင့် အသိပေးအကြောင်းကြားတင်ပြပြုလုပ်သွားမည်ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)
တောင်သူလယ်သမားရေးဌာနမှ ဦးမျိုးသန့်ကပြောသည်။
