မောင်မောင်စိုး - မပြီးသေးသော ငြိမ်းချမ်းရေးပန်းချီကား (ဒုတိယပိုင်း)

 မောင်မောင်စိုး - မပြီးသေးသော ငြိမ်းချမ်းရေးပန်းချီကား (ဒုတိယပိုင်း)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၅

• ပြန်လည်ဆွေးနွေးခြင်း
SD အနေနှင့် အစိုးရနှင့် သဘောတူညီမှုမရသေးသည့် အချက်များနှင့်ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အသီးသီးမှ ခေါင်း ဆောင်များနှင့် ပြန်လည်ညှိနှိုင်းမှုပြုကြသည်။ ဦးစွာဖြင့် ဇူလိုင် 26/27 တွင် UNFC အစည်းအဝေးကို ချင်းမိုင်တွင်ပြုလုပ် ခဲ့ကြပြီးဇူလိုင် ၂၇ ကကြေငြာချက်ထုတ်ပြန်ရာ ၎င်းကြေငြာချက်တွင် အစိုးရထိုးစစ်များ ရပ်ဆိုင်းရန်တောင်းဆိုထားသကဲ့ သို့ အပစ်အခတ်ရပ်စဲရေးအား တပြည်လုံးကအဖွဲ့အားလုံး လက်မှတ်ထိုးရန်တိုက်တွန်းထားသည်ကို တွေ့ရသည်။

ဆွေးနွေးပွဲကို UNFC တွင်မပါသည့် KNU ပါဆက်လက်ပါဝင်ပြီးဇူလိုင် ၂၉ ထိဆက်လက်ကျင်းပခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် SDအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အသီးသီးမှ အဆုံးဖြတ်ပေးနိုင်သောခေါင်းဆောင်များတက်ရောက်ပြီး SD မှဆွေးနွေးပွဲအခြေအနေနှင့်ဆက်လက်ညှိနှိုင်းရမည့်အချက်များကို တင်ပြ၍ လက်နက်ကိုင်အဖွဲ့အသီးသီး၏ သဘောထားကိုရယူခဲ့သည်။

ဇူလိုင် ၂၉ ရက်ထုတ်ပြန်ချက်အရ တပြည်လုံးရှိအဖွဲ့အားလုံးအပစ်အခတ်ရပ်စဲရေးတွင်ပါဝင်ရေး အထူးသဖြင့် NCCT အဖွဲ့ဝင်အားလုံးပါဝင်ရေးကို ဇောင်းပေးဖေါ်ပြထားပြီး ကျန်အချက်များကိုလည်း SD အနေနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက် ရန် သဘောထားပေးပြီးဟု ဖေါ်ပြထားသည်။

ဇူလိုင် ၂၄ ရက်နေ့ ရှစ်ကြိမ်မြောက် NCA အစည်းဝေးညှိနှိုင်းသဘောတူညီချက်အရ SD နှင့် UPWC တို့၏ ပြန်လည်ညှိနှိုင်းဆွေး နွေးပွဲကို လာမည့်သြဂုတ်လ ပထမပတ်တွင် စတင်ဘွယ်ရာရှိသည်။

• အလားအလာ

လာမည့်နောက်အကြိမ် SD နှင့် UPWC ဆွေးနွေးပွဲရလဒ် မည်သို့ထွက်မည်ဆိုသည်မှာ စိတ်ဝင်စားဘွယ်ဖြစ်သည်။NCAလက်မှတ်ထိုးနိုင်ရန် လိုအပ်သည့် ညှိနှိုင်းမှုရနိုင်ပါမည်လော။ အစိုးရနှင့် MPC ၏ ပြောဆိုချက်များအရ ၇ ကြိမ်မြောက် တရား ဝင်ဆွေးနွေးပွဲရလဒ်ဖြစ်သော NCA မူကြမ်းအား ပြင်ဆင်လိုခြင်းမရှိဟု ဆိုသည်။ လက်တွေ့တွင်လည်း MPC မှနေ၍ ပြီးခဲ့ သော ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် သဘောတူညီချက် ၅ ခုရပြီ ၁၀ ခုရပြီဟူ၍ ထုတ်ဖေါ်ပြောဆိုနေသော်လည်း နော်စီ ဖိုးရာစိန်၏ပြောကြားချက်အရ တကယ်တမ်းသဘောတူညီချက်မရဘဲ အစည်းအဝေးမှတ်တမ်းတွင် နှစ်ဖက်သဘောတူ အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုသည်ကိုသာ ထည့်သွင်းကျော်လွားခဲ့သည်ဟု ဆိုသည်။

သို့ဖြစ်ရာ လာမည့်ဆွေးနွေးပွဲတွင်လည်း အဓိကမပြေလည်သည့် DDR နှင့် SSR ကို နှစ်ဖက်အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုယ်စီဖြင့် ကျော်လွှားကြမည်လောဟု စဉ်းစားဘွယ်ရှိပေသည်။

NCA တွင်အားလုံးပါဝင်လက်မှတ်ထိုးရေးနှင့်ပတ်သက်၍လည်း အလျော့အတင်းရှိမည်လော စဉ်းစားဘွယ်ဖြစ်သည်။ အစိုးရ ဘက်ကမူ PSLF/TNLA ပလောင်အဖွဲ့အား ထပ်တိုးလက်ခံနိုင်ဘွယ်ရာရှိသည်ဟု လေသံထွက်နေသော်လည်း MNDAA ကိုးကန့်အဖွဲ့ကို လက်ခံရန် ခက်ခဲပေလိမ့်မည်။ လက်ရှိတရုတ်နယ်စပ်ရှိ တရုတ်စစ်တပ်၏ အကန့်အသတ်မရှိ စစ်လေ့ကျင့် ရေး အဆုံးမသတ်သေးသည့်အပြင် နယ်စပ်လေကြောင်းပျံသန်းမှုပိတ်ပင်ခံထားသည်ဖြစ်ရာ ကိုးကန့်တဖွဲ့အထီးတည်း အ တိုက်ခံရလျှင်တောင်မှ အကာအကွယ်ထီးရိပ်ရှိနေသည်ဟု ဆိုရမည်။

ဤသို့သော အခြေအနေအောက်တွင် NCA တွင် အားလုံးပါဝင်မည်လော ပါဝင်မည့်အဖွဲ့များနှင့်ပတ်သက်၍ အလျော့အတင်း လုပ်ကြမည်လောမှာလည်း စိတ်ဝင်စားဘွယ်ဖြစ်သည်။

ပါဝင်လက်မှတ်ထိုးမည့်သူများနှင့် အသိသက်သေများပါဝင်ရေးဆိုသည်ကတော့ အခြားကိစ္စရပ်များထက် ပိုမိုညှိနှိုင်းရန် လွယ်ကူမည်ဟုယူဆရပေသည်။

အချို့အကဲခတ်များ၏အဆိုအရ ပြီးခဲ့သော ဇူလိုင်လလယ်ကဦးအောင်မင်းနှင့် KNU မှ စောမူတူးစေး RCSS မှ ဦးရွက်ဆစ် တို့နှင့် တွေ့ဆုံခဲ့သည့်ပေါ်မူတည်၍ လာမည့်NCA လက်မှတ်ထိုးပွဲတွင် ညှိနှိုင်းမှုအဆင်မပြေပါက ညှိ၍ရသည့် အဖွဲ့အချို့နှင့် လက်မှတ်ထိုးနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်ဘွယ်ရှိသည်ဟု သုံးသပ်ကြသည်။ ဦးအောင်မင်းကမူ RCSS အနေနှင့် NCCT တွင် မပါ၍ သီးခြားညှိနှိုင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်ရာ NCA လက်မှတ်ထိုးနိုင်သည် မထိုးနိုင်သည်မှာလက်ရှိအဆင့်တွင်ပင် ပြဿနာအားလုံးရှင်းလင်းအောင်လုပ်မည်လော သို့မဟုတ် နောက်တဆင့် နိုင်ငံရေးဆွေးနွေးပွဲဆီ ပြဿနာများသယ်ဆောင်ရှင်းလင်းမည်လောဟူသော သဘော ထား ပေါ်တွင် မူတည်ပေလိမ့်မည်။ UWSA နှင့် မိုင်းလားအဖွဲ့ကမူသူတို့အနေနှင့် အပစ်ရပ်လက်မှတ်ထိုးပြီး၍ ထပ်မံထိုးရန် မလိုဆိုသည့်မူကို ဆုပ်ကိုင်ထားရာ နောက်တဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွင်မှ ပါလာဘွယ်ရှိသည်ဟု သုံးသပ်ရပါသည်။

• ကရင်တို့၏ညီညွတ်ရေး

ယခင်တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုများဖြစ်သည့်မဒတ UNFC တို့တွင် ဦးစီးဆောင်ပြုသည်မှာ ကရင်တို့၏ KNU ဖြစ်သည်။ သို့သော်ကရင်တို့၏ ညီညွတ်ရေးပြိုကွဲပြီးနောက် တပ်ပေါင်းစုတွင် KNU ၏ ခေါင်းဆောင်နိုင်မှုလျောကျခဲ့ပြီး လက်ရှိ UNFC တွင်ပင် မပါတော့သည်ကိုတွေ့ရသည်။

လတ်တလော DKBA မှ စောကျော်သက် စောဆန်းအောင်တို့နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားရာတွင် BGF မှစောချစ်သူတို့မှ အစိုးရတပ်ဖက်မှ ဝင်ရောက်တိုက်ခိုက်သည်ကို တွေ့ရသည်။ ထို့နောက် စောကျော်သက်တို့အား DKBA မှ ထုတ်ပယ် သည်ဟုလည်းကောင်း၊ စောကျော်သက်တို့အဖွဲ့အား KNU ဗဟိုတပ်များကပါ တိုက်ခိုက်သည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်ခဲ့သလို မဟုတ်မှန်ဟု ငြင်းဆိုမှုများလည်းတွေ့ရသည်။

တဖန် ၂၀၁၄ အောက်တိုဘာ ၁၃ ရက်က ဖွဲ့စည်းထားသည်ဆိုသည့် ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော် မတီနှင့် KKO တို့တွင်ပါဝင်သည်ဟုဆိုသော KNU စစ်ဦးစီးချုပ်စောဂျော်နီ ဒုချုပ် ဘောကျော်ဟဲ KNDO စစ်ဦးစီးချုပ် စောနယ်ဒါးမြ တို့ကမူ စောကျော်သက်နှင့်စောဆန်းအောင်ကို သူတို့အားလုံးဆုံးဖြတ်ချက်ဖြင့် ပြန်ခေါ်ထားမည်ဟုဆိုသည်။

KNU လက်ရှိဥက္ကဌ စောမူတူစေးမှာ လက်ရှိအစိုးရနှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး Duty free ကားပါမစ်များဖြင့် အစိုးရ ၏ဆွဲဆောင်သိမ်းသွင်းမှုကိုခံရသူအဖြစ် စွပ်စွဲခံရသူဖြစ်သည်။ လက်ရှိတွင်လည်း သူဥက္ကဌတာဝန်ယူစဉ် UNFC မှလည်း နှုတ်ထွက်ထားရာ အစိုးရနှင့် လက်မှတ်အမြန်ထိုးလိုသူအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။စောမူတူးစေးနှင့်နော်စီဖိုးရာစိန်တို့ကြား သူတို့ထောက်ခံသူများနှင့်အတူ ကွဲလွဲမှုရှိသည်ဟု ဆိုကြသည်။ သို့သော် လော်ခီးလာညီလာခံအပြီး ကရင်ညီညွတ်ရေးကိုဇောင်းပေးလာကြပြီးနောက် သီးခြားဖေါ်ပြမှုမျိုးတော့မတွေ့ရပေ။

မည်သို့ဆိုစေ ကရင်တို့၏ညီညွတ်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုအားလည်းကောင်း၊ NCA အားလည်း ကောင်း ကြီးစွာဂယက်ရိုက်နိုင်သည်ကိုတော့ သတိပြုရန်လိုပေသည်။

• ကေအိုင်အေ
KIA သည်လက်ရှိ UNFC ဥက္ကဌ ဖြစ်သကဲ့သို့ EAOs / NCCTSD တို့တွင် တက်ကြွစွာပါဝင်လှုပ်ရှားနေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးအတူတကွဆွေးနွေးရေး လက်မှတ်ထိုးရေးကို စည်းရုံးခဲ့ပြီး အစိုးရ၏ တဖွဲ့ချင်းဆွေးနွေး နေမှုကို ဦးစီးကျော်ဖြတ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

KIA မှလည်း ခွဲထွက်သည့် အဖွဲများရှိခဲ့သည်။ ၁၉၆၇ တွင်ပန်ဝါဒေသမှ ဦးဇခုန်တိန့်ယိန်းအဖွဲ့ ၁၉၉၀ တွင် KIA တပ်မဟာ ၄ မှ ဒုတပ်မဟာမှူး မထုနော်နှင့်အဖွဲ့ ၂၀၀၅ တွင် KIA ထောက်လှမ်းရေးတာဝန်ခံ လဆန်အောင်ဝါနှင့်အဖွဲ့ စသဖြင့် ၃ ဖွဲ့ခွဲထွက်ခဲ့သော်လည်း အများစု ဆက်လက်ထိမ်းထားနိုင်သလို ခွဲထွက်သောအဖွဲ့များမှာလည်း အင်အားရော့နည်းသွား သည်။

လက်ရှိ KIA အနေအထားမှာ UNFC နှင့် EAOs တွင်သာမက သီးခြားရပ်တည်နေသော UWSA နှင့် မိုင်းလားအဖွဲ့တို့ပါ ပူးပေါင်း၍ ကမကမထပြုကာ ပန်ဆန်းညီလာခံကို ပြုလုပ်နိုင်ခဲ့သည်ကိုတွေ့ရသည်။ သို့ဖြစ်ရာ လက်ရှိတိုင်းရင်းသားလက်နက် ကိုင်တပ်ပေါင်းစုတွင်လည်းကောင်း၊ NCA လက်မှတ်ထိုးရာတွင်လည်းကောင်း KIA ၏ သဘောထားသည် အရေးကြီးသည်ဟု ဆိုရမည်။

• နိုင်ငံတကာ၏ပါဝင်ပတ်သက်မှု
လက်ရှိဆွေးနွေးပွဲတွင် ကုလ၊ တရုတ် ဂျပန်နှင့်  နော်ဝေတို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရသည်။ အကြမ်းမျဉ်း သုံးသပ်ချက်အရ နော်ဝေဦးစီးနေသည့် ဥရောပအဖွဲ့အနေနှင့် အစိုးရအား အဓိက ဖြောင်းဖျညှိနှိုင်းနိုင်သူဖြစ်နိုင်သည်ဟု ယူဆရသည်။

KIA / MNDAA / UWSA / မိုင်းလားအဖွဲ့စသည့် မြောက်ပိုင်းတရုတ်နယ်စပ်အခြေပြုသည့် အဖွဲ့များအပေါ် တရုတ်၏ ပါဝင် ပတ်သက်ညှိနှိုင်းနိုင်မှု ရှိသည်ဟု ယူဆရပါသည်။ ဂျပန်အနေနှင့် KNU ဒေသအချို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်နေသည်ဟုဆိုပေရာ KNU /NMSP တို့နှင့် ဆက်နွယ်ညှိနှိုင်း ဖြောင်းဖျနိုင်ကောင်းသည်ဟု ယူဆရသည်။

ဤသို့ နိုင်ငံတကာမှ ပါဝင်ပတ်သက်မှုများလည်း NCA ကို ကြီးစွာသောသက်ရောက်မှုရှိလိမ့်မည်ဟု ယူဆရပါသည်။

• ငြိမ်းချမ်းရေး
တကယ်တမ်းဆိုလျင် NCA ကိုသဘောတူလက်မှတ်ရေးထိုးနိုင်သည်ဆိုလျှင်ပင် ပြဿနာအားလုံး ပြေလည်သွားသည်မ ဟုတ်ချေ။ ပြဿနာအားလုံးဖြေရှင်းနိုင်ရန် အခြေခံတခုစလိုက်ခြင်းမျှသာဖြစ်ပေလိမ့်မည်။ ယခုကျော်လွှားဖြေရှင်းနိုင်ခဲ့ သည်များကို နိုင်ငံရေးဆွေးနွေးပွဲတွင် ကျော်လွှား၍ ရမည်မဟုတ်ပေ။

တိုင်းရင်းသားတို့တောင်းဆိုထားသည့် တန်းတူရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုမူအရ ပြည်နယ်များတွင် ဥပဒေပြဌာန်းနိုင်ခွင့် ပြည်နယ်အစိုးရ ရွေးချယ်တင်မြှောက်ခွင့် စသည့်အချက်များမှာ လက်ရှိ ၂၀၀၈ ခြေဥနှင့်လည်းကောင်း၊ ၂၀၀၈ ခြေဥကို မပြင်ချင်သေးသည် စစ်ဖက်ခေါင်းဆောင်များနှင့်လည်းကောင်း ကြီးစွာပဋိပက္ခ ဖြစ်ဘွယ်ရှိသည်ဟု ဆိုရပေမည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြသနာ ဝ တို့၏ ပြည်နယ်တောင်းဆိုမှုပြဿနာ စသည်တို့မှာ ခက်ခဲပေအုံးမည်။

ကာချုပ်မင်းအောင်လှိုင်က ပြည်တွင်းစစ်ကြောင့် မတည်မငြိမ်ဖြစ်နေသည်ဖြစ်ရာ တိုင်းပြည်၏လုံခြုံရေးတည်ငြိမ်မှု နိုင်ငံရေး တည်ငြိမ်မှုရှိမှသာ ဖွဲ့စည်းပုံဥပဒေကို ပြင်ပေးနိုင်မည်ဟုဆိုသည်။ ဖွဲ့စည်းပုံပြင်မှ တိုင်းပြည်တည်ငြိမ်မှာလား တိုင်းပြည်တည် ငြိမ် မှဖွဲ့စည်းပုံပြင်မှာလား ဟူသည့်မေးခွန်းကို ပြည်သူအားလုံးဖြေကြားရန် လိုလာပေလိမ့်မည်။

ချုပ်၍ဆိုရလျင် NCA လက်မှတ်ထိုးနိုင်အုံးတော့ တကယ်တမ်းငြိမ်းချမ်းရေးရဘို့ အခြေခံဥပဒေအတားအဆီးကို ကျော်ဖြတ်ရ ပေဦးမည်ဖြစ်ရာ ငြိမ်းချမ်းရေးအပြီးသတ်ဘို့တော့ လိုပေအုံးမည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များ၏ သက်သက် ထက် ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများနှင့်ပေါင်းစပ်ဘို့ လိုလာပေလိမ့်မည်။ ငြိမ်းချမ်းရေး အပြီးသတ်ရန်ကတော့ လိုနေ ဆဲဟု ဆိုရပေမည်။

ပြီးပါပြီ