၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန် တွင် ပြုလုပ်

 ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန် တွင် ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)        မိုးမခ       ဇူလိုင် ၁၉   - ၂၀၁၅
          ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင်  ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ကိုယ်စား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။

          အစီအစဉ်အရ နိုင်ငံတော် သမ္မတကိုယ်စား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တို့မှ ဗိုလ်ချုပ်အောင်ဆန်း နှင့် ကျဆုံးခဲ့ကြသော အာဇာနည် များအား ပန်းခွေချကာ ဂုဏ်ပြုတပ်ခွဲ နှင့်အတူ အလေးပြုခဲ့ကြသည်။ ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများအား မေတ္တာပို့ အမျှဝေဆုတောင်းရန် နှစ်မိနစ် ငြိမ်သက်၍ နေခဲ့ကြသည်။

          ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး နှင့် ဇနီး၊ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် တို့က ပန်းခွေ၊ပန်းခြင်းများချကာ အလေးပြု ကန်တော့ခဲ့ကြသည်။

          ထို့နောက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက  ပန်းခွေချ အလေးပြုခဲ့ကြသည်။

          ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့် မြို့တော်ဝန် ဦးလှမြင့် တို့က ပန်းခွေချ အလေးပြုခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးပါတီများ ၊ အသင်းအဖွဲ့များ ၊ သံတမန်အဖွဲ့များ က ပန်းခွေချ အလေးပြုခဲ့ကြသည်။

အများပြည်သူများအား နေ့လည် ၁၂ နာရီမှ စတင်၍ ဝင်ရောက်အလေးပြုမည်ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။အများပြည်သူများ အလေးပြုရာတွင် ကင်မရာများ၊ဖုန်းများ၊ ပန်းစည်း၊ပန်းခွေများ ယူဆောင်ခွင့်မပြုကြောင်းလည်းထပ်မံသိရှိရသည်။

 ဗိုလ်ချုပ် တို့ ကျဆုံးသော ၁၀ နာရီ ၃၇ မိနစ်တွင် မော်တော်ယာဉ်များ မှလည်း ကားဟွန်းများတီးကာ ဂုဏ်ပြုခဲ့ကြသည်။  






ဦးအောင်ဆန်းဦး နှင့်ဇနီး လွမ်းသူ့ပန်းခွေချနေစဉ်



ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းချနေစဉ်





သခင်မြ မိသားစု 
ဦးဘဝင်း မိသားစု





ဒီးဒုတ်ဦးဘချို မိသားစု



မန်းဘခိုင် မိသားစု

မန်းဘခိုင် မိသားစု

မိုင်းပွန်စော်ဘွားကြီး မိသားစု 

ဦးရာဇာတ် မိသားစု

ဦးအုန်းမောင် မိသားစု

ရဲဘော်ကိုထွေး မိသားစု