S Music Production မှ အဆိုရှင်သစ်များ ရွေးချယ်မည်

 S Music Production  မှ အဆိုရှင်သစ်များ ရွေးချယ်မည်

ရန်နောင်(ဗိုလ်တထောင်)     မိုးမခ     ဇူလိုင်  ၃၀ - ၂၀၁၅
တေးရေး ရွှေဂျော်ဂျော်



တေးရေး ရွှေဂျော်ဂျော် တည်ထောင်သော  S Music Production ၏ ပထမအကြိမ် အဆိုအနုပညာရှင် အသစ်များရွေးချယ်ခြင်း နှင့် ပတ်သက်သည့် စာနယ်ဇင်းအသိပေးပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ  စင်ထရယ်ဟိုတယ် တွင် ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

          ဂီတအားအသက်မွေးလမ်းကြောင်းလုပ်ငန်းသဖွယ် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်ရန်  ရည်ရွယ်ချက်ရှိသူများ၊ ဂီတ၏ အခြေခံ KEY နှင့် Timing တို့၌ အားနည်းချက်ကင်းစင်သူများ၊အမှန်တကယ်ကြိုးစား/သင်ယူလိုစိတ်နှင့် နိုင်ငံတကာအရည်အသွေးအထိ မျှော်မှန်းလုပ်ကိုင်လိုသူများသာ ဆက်သွယ်ရမည်ဖြစ်ကြောင်း တည်ထောင်သူ တေးရေး ရွှေဂျော်ဂျော်က ရှင်းပြခဲ့သည်။

          ကျား၊မ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နှစ်သက်သလို ဝင်ရောက်အရွေးချယ်ခံနိုင်ပြီး အရည်အသွေးစစ်ဆေးခံရမည့်ပုံစံမှာ (၁) မိမိတို့ နှစ်သက်ရာ မြန်မာသီချင်း ၂ပုဒ်(သို့မဟုတ်)  (၂) မြန်မာသီချင်း ၁ပုဒ် + အင်္ဂလိပ်/နိုင်ငံခြားသီချင်း ၁ ပုဒ် တို့ကို အကြမ်း သီဆိုအသံသွင်းထားသော နမူနာအသံဖိုင်အား( ၁-၈-၂၀၁၅ မှ ၁၀-၈-၂၀၁၅ ) အတွင်း Facebook Message မှတဆင့် ပေးပို့ရမည်ဖြစ်သည်။ ( ၁၂- ၈-၂၀၁၅) ရက်နေ့တွင် ပဏာမရွေးချယ်ခံရသော အဆိုရှင်များစာရင်းကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ၁၈-၈-၂၀၁၅ နှင့် ၁၉-၈-၂၀၁၅ ရက်နေ့များတွင် လူတွေ့စစ်ဆေးဆွေးနွေးရန်အတွက် ရန်ကုန်မြို့၏ သတ်မှတ်ထားသောနေရာသို့ လာရောက်ရမည်ဖြစ်သည်။တေးသီချင်းထုတ်လုပ်ရေးအတွက် အဆိုအနုပညာရှင်အသစ်များ ရွေးချယ်ခြင်းအစီအစဉ်ဖြစ်သဖြင့် “ ပထမ၊ဒုတိယ၊တတိယ ” အဆင့်များ ထုတ်ပြန်ခြင်း၊ဆုချီးမြှင့်ခြင်း အစီအစဉ်များ ပါရှိမည် မဟုတ်ကြောင်း လည်း ကြိုတင်သတိပေးထားကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။

          နောက်ဆုံးအဆင့် စစ်ဆေးဆွေးနွေးခြင်း၌ အောင်မြင်သောအဆိုရှင်အသစ်များအား S Music Production နှင့် နှစ်ဦးနှစ်ဖက် အသေးစိတ်ညှိနှိုင်း သဘောတူညီချက်များ ရယူပြီး ထုတ်လုပ်ရေး ၏ အစီအစဉ်ဖြင့် မိမိတို့၏ လက်ရှိအရည်အသွေးပေါ်မူတည်၍ Single,Solo, Group…., သီချင်း အယ်လ်ဘမ်များ ထုတ်လုပ်ဖြန့်ချိပေးမည်ဖြစ်သည်။ လိုအပ်ပါက မွမ်းမံသင်တန်းများ၊ အထောက်အကူပြုသင်တန်းများ တက်ရောက်ရန်စီစဉ်ပေးမည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

          ဝင်ရောက်အရွေးချယ်ခံလိုသူသည် သတ်မှတ်ထားသောဝင်ခွင့် ပုံစံကို ဖြည့်စွက်ပြီး ၊လိုင်စင်ဓာတ်ပုံ(၁)ပုံ နှင့် အလှဓာတ်ပုံ (၃) ပုံကို www.facebook.com/smusicproduction  မှတဆင့်ပေးပို့ရမည်ဖြစ်သည်။(အဖွဲ့လိုက်သီဆိုမည့်သူများသည် ပါဝင်သောလူအရေအတွက်အတိုင်း ပုံစံများဖြည့်သွင်းရမည်ဖြစ်သည်။ အထက်ပါအချက်အလက်များနှင့်အတူ ပူးတွဲ၍ အစစ်ဆေးခံမည့် အသံဖိုင်များအားသတ်မှတ်ထားသည့် နေ့ရက်အတွင်း ပေးပို့ရမည်ဖြစ်သည်။)

          သီဆိုအစစ်ဆေးခံမည့် အသံနမူနာများကို အသံသွင်းယူခြင်း ကုန်ကျစရိတ်အား ဝင်ရောက်အရွေးချယ်ခံလိုသူများဘက်မှ တာဝန်ယူရမည်ဖြစ်သည်။သီဆိုရန်ရွေးချယ်ထားသော သီချင်းမှာ တရားဝင်မထွက်ရှိသေးသော သီချင်းအသစ်ဖြစ်ပါက သီချင်းရေးဆရာ၏ ခွင့်ပြုချက်လက်မှတ်အား သိဆိုလိုသူများဘက်မှ ကြိုတင်ရယူထားရမည်ဖြစ်သည်။ အရွေးချယ်ခံလိုသူ၏ အသံနမူနာများ၊ အသံဖိုင်များ၊ အရုပ်၊အသံအချက်အလက်များအားလိုအပ်ပါက သက်ဆိုင်ရာမီဒီယာများပေါ်၌ အသုံးပြုခွင့်အား သဘောတူညီရပါမည်။အစစ်ဆေးခံသည့် သီချင်းများနှင့် စပ်လျဉ်း၍ မရိုးသားမှုတစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ်လာပါက အရွေးချယ်ခံရသူများ ဘက်ကသာ တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်။အခြားသော ဂီတလုပ်ငန်းတစ်ခုခုဖြင့် စာချုပ်ချုပ်ဆိုထားခြင်း သို့မဟုတ် ဥပဒေ နှင့် မလွတ်ကင်းသော ကိစ္စရပ်ရှိသူများကို ဝင်ရောက်အရွေးချယ်ခံခွင့် လုံးဝပြုမည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

သီချင်းခွေ တခွေထုတ်ပြီးမအောင်မြင်သေးသော ဂီတ ဝါသနာရှင် ကျား၊မ မရွေး ဆက်သွယ်နိုင်ပြီး အရည်အချင်းပြည့်မှီသူများကို အကန့်အသတ်မရှိ ရွေးချယ်မည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရခဲ့သည်။