ကိုအောင်မှိုင်း - မြတ်မြတ်နိုးနိုး


ကိုအောင်မှိုင်း  - မြတ်မြတ်နိုးနိုး
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၅


ဆရာမောင်သာနိုးရဲ့ 
ထင်ရူးပင်ရိပ်မှာထိုင်ရင်း
ကဗျာမြစ်ကြီးကို ငေးကြည့်မိ။

ကျော်ဟိန်းပြောတဲ့
အဓိပ္ဗါယ်ရှိတဲ့ လူတချို့ 
ရေတိမ်နစ်နေကြပြီလေ။

လူစစ်စစ်တွေ ကဗျာဖြစ်
ကဗျာမြစ်ထဲ မြုတ်တချို့ ပေါ်တချို့ 
ကူးခတ်နေဆဲ ရူးနေဆဲ။

ပန်းပျိုးတဲ့လက်က
ပန်းချိုးတဲ့လက်ဖြစ်
ပန်းအိုးကွဲကမြေကြီးတွေ ပြန့်ကြဲ
ပန်းချိုးတဲ့လက်ကလဲ ဇာတ်ဇာတ်ကြဲ
ဇာတ်တူသားချင်း ကိုက်တဲ့ပွဲ။

တိရစ္ဆာန်ရုံက
ကေသရာဇာ ခြင်္သေ့မင်းရဲ့ 
မျက်နှာငယ်နဲ့အပြုံးတု။

ဆင်ကျူံးထဲက
တောဆင်တကောင်ရဲ့ 
ဟစ်ကျွေးလိုက်တဲ့ငြီးညူသံ။

အဖျားဝင်နေတဲ့နှင်းဆီလို
ရဲရဲနီမဲ့အစား ခပ်ဖျော့ဖျော့ပန်းရောင်က
ဟန်ဆောင်ပန်ဆောင် နီချင်သေး။

ကဗျာစစ်စစ်တွေ လူပြန်ဖြစ်
လူစစ်စစ်တွေ ကဗျာပြန်ဖြစ်
ကဗျာတလှည့် လူတလှည့်
ရေတိမ်နစ်ကြမဲ့ အလှည့်။

တမလွန်ဘ၀က
ကိုနိုင်ဝင်းဆွေရေ
ဒီကဗျာကို
မသိန်းရှင်ဆီပို့ပေးပါဦးဗျာ။

 (၁၁ရက် သြဂုတ်လ ၂၀၁၅ခုနှစ်)