ဂီတယွန်းအိမ် - ရှေ့က တစ်အိမ် နောက်က တစ်အိမ်


ဂီတယွန်းအိမ် - ရှေ့က တစ်အိမ် နောက်က တစ်အိမ်
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၅


အဝေးကြီး လှမ်းကြည့်မနေတော့ဘူး ...
ကိုယ်ဘယ်လောက်ထိ ပိုင်ဆိုင်နေပြီလဲဆိုတာ၊

စိုးရိမ်စိတ် လွှမ်းမိုးနေတဲ့ သမီးက
မိခင်လူမမာကို လာပြီး အကဲခတ်တယ်၊
အခြေအနေ မကောင်းဘူးထင်ရင် တရားခွေဖွင့်ထားဖို့ ...
မေတ္တာတစ်ခါပို့တိုင်း တစ်စုံတစ်ယောက်ကို မေ့နေတတ်တယ် ...

အို မဟုက်သေးဘူး ...
မေ့နေတာလည်း မသေချာပြန်ဘူး၊

အချင်းချင်း အဆင်မပြေရင် ရန်ဖြစ်တယ်
အဆင်ပြေကြပြီလားဆို ဆောင်းဘောက်သံက မိုင်ကုန်ပဲ၊

ရှေ့တစ်အိမ်က သီချင်းသံ
အနောက်ဘက်တစ်အိမ်က တရားသံ
တစ်ပြိုင်နက်တည်း ခုန်ပေါက်ပြေးလွှားပြီး
ငါ့အခန်းထဲကို ဝင်လာကြတယ်။

စိတ်ရှည်မှုကို တတ်နိုင်သလောက်လေး ပျိုးကြည့်ရင်
အသံတွေ နူးညံ့လာမလားလို့ ...

မဝေးဘူး ... ဒေါသထွက်တတ်ရင်
နေရာတင် ခေါက်ခနဲ လဲကျသွားနိုင်တဲ့ နေရာမျိုး ...

နားလည်တယ် ... မုန်းဖို့ မသေချာသေးပေမယ့်
ချစ်လို့ မဟုတ်ဘူး ဆိုတာ။    ။