ကျော်ဟုန်း -“ ဘဝလမ်းတလျှောက် ကျင့်ကြံမှု "


ကျော်ဟုန်း -“  ဘဝလမ်းတလျှောက် ကျင့်ကြံမှု "
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၅

ဘဝဟာ တိုတယ်၊
လမ်းက ရှည်တယ်၊ များတယ်။

ဘဝကို ချရေးလိုက်တိုင်း
မင် မသုံးရဲဘူး၊
ခဲတံ သုံးတယ်၊
ခဲဖျက် ဆောင်ထားတယ်။

အိပ်မက်တွေကတော့
စိတ်စေစားရာအတိုင်း
လှချင်တိုင်း လှနေတာပေါ့လေ။

လက်တွေ့ တွေကတော့
အခက်တွေ့ တိုင်း
မွမွ အကဲဆတ်နေ။

အကျအရှုံးများတတ်တဲ့ 
တယူသန်၊ တဇွတ်ထိုး
အယူသီးမှုတွေကို
အိတ်ကပ်ထဲ မထည့်မိစေနဲ့ ။

ဉာဏ်ကို ကျောက်ဖျာထက်မှာသွေးဖို့ 
အစားခံရဲမှ ထက်မြမှာ ယုံရင်
အလဲအလှယ်လုပ်ခြင်းကြားမှာ
သွေဖည်ခွင့် မရှိဘူး။

ဒါပေမဲ့
ခဲဖျက်ဆောင်ထား
ခဲတံပဲ သုံး

မင် မသုံးနဲ့  နေရာတကာမှာ။ ။