ဇော်အောင် (မုံရွာ) - ယခုကြိုတင်မဲပေးရန် မှတ်ပုံတင်ပြီးနောက် အချိန်ကျရင် သံရုံးမှာ ကိုယ်တိုင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း



ဇော်အောင် (မုံရွာ) - ယခုကြိုတင်မဲပေးရန် မှတ်ပုံတင်ပြီးနောက် အချိန်ကျရင် သံရုံးမှာ ကိုယ်တိုင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၅

ယခု စက်တင်ဘာ ၁၇ ရက်နေ့နောက်ဆုံး မြန်မာသံရုံးသို့ ပုံစံ(၁၅) နှင့် နိုင်ငံကူးလက်မှတ်မိတ္တူ ပေးပို့ရန် စင်ကာပူရောက် မြန်မာများက လှုံ့ဆော်နေပါသည်။ စာရွက်၂ ခုသာ ပေးဖို့လိုသည်။ သံရုံးမှလည်း တင်ရန်အတွက် ရက်တိုးပေးခြင်းဖြင့် ကူညီနေသည်။ မဲပေးပိုင်ခွင့် သောင်းနှင့်ချီရှိနေသော စင်ကာပူရောက် မြန်မာများ တစ်သောင်းခန့်သာ စာရင်းပေးသေးသည်။ မိမိ မဖြည့်ရသေးပါက မြန်မာ့အရေးလှုပ်ရှားသူများထံ ဆက်သွယ်ပြီး ဖောင်တင်ကြပါရန် နှိုးဆော်လိုက်ပါသည်။ 

မြန်မာသံရုံးတွင်ကြိုတင်မဲ ပေးနည်းမှာ၁။ ပုံစံ(၁၅) နှင့် မိမိနိုင်ငံကူးလက်မှတ်မိတ္တူ   ၂စောင်ကိုတင်ထားရန်၂။ သံရုံးမှ သက်ဆိုင်ရာမဲဆန္ဒနယ် (မြန်မာပြည်) သို့ မဲပေးခွင့်စာပို့မည်။၃။ သက်ဆိုင်ရာမဲဆန္ဒနယ်မှ ကြိုတင်မဲ ပို့ပေးမည်။၎။ သံရုံးမှ မဲပေးရန် စင်ကာပူတွင် စီစဉ်ပေးမည်။ 

ထိုပုံစံ(၁၅) မှာ ပြည်ပရောက် (သို့မဟုတ်) မြန်မာပြည်တွင်း မိမိမဲဆန္ဒနယ်သို့ ပြန်မလာနိုင်သူများအတွက် ကြိုတင်မဲပေးရန် ဆန္ဒပြုသည့် ဖောင်ဖြစ်ပါသည်။ 

ယခုအချိန်ထိလည်း အဆိုပါ ကြိုတင်မဲမှတ်ပုံတင်ကြရေး သံသယများ မေးခွန်းများ ထုတ်နေကြဆဲ၊ ကိုယ်တိုင် လုပ်လိုက်ကြဖို့ နှောင့်နှေးနေကြဆဲဖြစ်နေသည်။ ထိုသို့ အစိုးရနဲ့ ပြည်သူတို့ကြား တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲနေခြင်းမှာ ဖြောင့်မတ်သန့်ရှင်းသောသူ နည်းပါးနေသောကြောင့် ဟု ယေဘူယ ပြောနိုင်သည်။ 

ကမ္ဘာကလည်း မြန်မာကို မယုံပါ။ မြန်မာကလည်း နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများကို ရွှေလက်ဖြင့် ကြိုဆိုနေပသော်လည်း အခက်အခဲ အကန့်အသတ်များစွာ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ဖြောင့်မတ်သူများဖြင့်သာ ယုံကြည်မှုအသိုင်းအဝိုင်း တစ်ခုကို တည်ဆောက်နိုင်သည်။
သာဓကအားဖြင့် အစိုးရအပေါ်တွင် ဘယ်လောက်ယုံကြည်သည့် ထောက်ခံစာ ဘယ်မှာ လျောက်ထား ထုတ်ယူလို့ ရနိုင်ပါသနည်း ဆိုသည့် မေးခွန်းကို မေးပြပါမည်။ "မြန်မာပြည်တွင် ဘွဲ့လက်မှတ်မှန်ကန်ကြောင်း ထောက်ခံစာပေးနိုင်သည့်  အဖွဲ့အစည်း ရှိပါသလား။ ပညာရေးဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ပါက ကောင်းသည်။ စင်ကာပူနိုင်ငံတွင် ကောင်းမွန်စွာနေထိုင်သူဖြစ်ကြောင်း စင်ကာပူရဲအဖွဲ့သို့ လျှောက်ထားပါက ၂ပတ်အတွင်း ရာဇဝတ်မှုကင်းရှင်းကြောင်း ထောက်ခံစာပေးသည်။ ထိုစာရွက်ရှိမှာ အမေရိကားနှင့် နိုင်ငံတကာက အကျင့်စာရိတ္တကောင်းကြောင်း လက်ခံသည်။ မြန်မာပြည်တွင်မူ  ကျပ် တစ်ထောင်ပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှုး အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာရသည်။ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ရဲတပ်ဖွဲ့မှ နိုင်ငံတော်အဆင့် ကမ္ဘာက ယုံကြည်လက်ခံပြီး ကိုယ်တိုင်ကလည်း လိုလိုလားလား တောင်းခံနိုင်မည့်  ထောက်ခံစာပေးနိုင်ဖို့ အများကြီးကြိုးစားရပါဦးမည်။ ထိုကဲ့သို့ သံသယနှင့် ထောက်ခံစာတောင်းနေရသည့် မြန်မာတွေက ကြိုတင်မဲ မှတ်ပုံတင်ကြရေးကိုလည်း မယုံချင်ကြသည်မှာ မဆန်းပါ။


ကြိုတင်မဲလက်မှတ်အရေးကို ပြည်ပရောက် မြန်မာတွေက မယုံကြည်ကြဟု ဆိုသည်မှာ အဆိုးမဆိုနိုင်ပါ။  နိုင်ငံအကျိုးဆောင်မည်ဟု ငွေ၊ အာဏာဖြင့် အတုအယောင် ပြောဆိုနေသူများ ယခု ပြောင်းလဲနေကြဖို့ အချန်ရောက်နေပါပြီ။ ကျနော် မပြောင်းလဲနိုင်ပါက ကျနော်သာ ကျန်ရစ်မည်သာ ဖြစ်သည်။ ကိုယ်လုပ်မှ ကိုယ်စားရယုံသာ မဟုတ်ပါ။ ကိုယ်လုပ်ပြီး ဆင်းရဲမွဲတေမှုနေသော မိမိမြန်မာလူမျိုးများစွာ လွတ်မြောက်ရန်လည်း ကူညီဖို့လိုပါသည်။ 

တဖက်က ပြန်စဉ်းစားပါက အတုအယောင်များ သူ့ဖာသာ ဆင်းမသွားပါ။ ညင်သာစွာ ဖယ်ရှားရမည်။ သင့်မဲတစ်ပြားသည် အရေးကြီးလှပါသည်။ ထိုအခွင့်အရေးကို ပြည်ပရောက်မြန်မာများကလည်း အပြည့်အ၀ ယူကြရပေမည်။ မြန်မာသံရုံးများကလည်း ပြည်ပရောက်မြန်မာတို့၏ ထောက်ခံမှု ကို အာမခံကြောင်း သက်သေပြကြရပေလိမ့်မည်။