အောင်ကျော်သွင် - အတု


အောင်ကျော်သွင် - အတု
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၅

(၁)
အတုကိစ္စပြောရရင်တော့
မင်းလည်းအတု၊ ငါလည်းအတုပါပဲ။
တုပပြောဆိုကြရင်းကမှ
သူများက လိုက်တုလို့မမီနိုင်အောင်ကို
အတုဖြစ်သွားကြတာလည်းရှိရဲ့။

ဘုရားသခင်က အတုနဲ့အစစ်ကို
တပြိုင်နက်တည်း ဖန်ဆင်းခဲ့တာလား

ဒါမှမဟုတ်
အတုပြီးမှ အစစ်လား
အစစ်ပြီးမှ အတုကိုဖန်ဆင်းခဲ့တာလား
ဘာပဲဖြစ်ဖြစ် အတုနဲ့အစစ်ကတော့ရှိနေပြီ။

(၂)
ဒီနေ့ခေတ်မှာကတော့
အတုတွေက အားကောင်းလာခဲ့တယ်။
အာသာရမ္မက်ကို ဖြေဖျောက်ဖို့တောင်
အတုတွေရှိသတဲ့။

ဟိုကောင်မလေးကလည်း
တင်အတုနဲ့ပါလား
ဒါကြောင့် မြောက်ကြွကြွဖြစ်နေတာဖြစ်မယ်။
ဥပုလ်သည်များအတွက်
သတ်သတ်လွတ်ဖြစ်အောင်လို့တဲ့
အသားတုတွေကိုလည်းထည့်ချက်ကြသတဲ့။

ဆူပူအကြမ်းဖက်မှုတွေကို
နှိမ်နင်းရာမှာအသုံးပြုဖို့အတွက်
ကျည်ဆံအတုတွေလည်းရှိသတဲ့။

တချို့များဆို
သူများနား ကပ်စားရတာတောင်မှ
မေတ္တာအတုစကားလေး
ထည့်ပြီးမြွက်ကြားလိုက်ရမှ စားလို့မြိန်သတဲ့လေ။

(၃)
ခုတလောတော့
လမ်းတွေပေါ်မှာ ကျွက်စီ ကျွက်စီနဲ့
စကားအတုတွေကို
အစစ်ဖြစ်အောင် လုပ်ပြောနေကြရဲ့။

ရေစီးကြောင်းတစ်လျှောက်လုံးမှာ အတုတွေချည်း
ပေးခဲ့တာဖြစ်လေတော့
အစစ်ပေးမယ်ဆိုရင်တောင်မှ
မလုံတဲ့သွားကြားကနေ
အတုတွေဟာ တိုးတိုးထွက်နေတာကို
မြင်နေရရဲ့။

အတုတွေနဲ့ ယဉ်ပါးနေတော့လည်း
အမြင်အကြားအာရုံထဲမှာ
တုရင် တုမှန်း၊ စစ်ရင် စစ်မှန်းကို
လက်ကနဲသိနေရတာကလည်း မဆန်းပါဘူး။

ဒို့ဗမာတွေ
ဝါးရင်းတုတ်နဲ့ တက်သိမ်းခဲ့ဖူးတဲ့
ဟိုဘက်နိုင်ငံကဆိုရင်
နွေတီးခေါင်ခေါင်တွေမှာ
အပူဒဏ်တွေနဲ့ လောင်မြှိုက်ခံစားနေရရင်
အေးချမ်းကြပါစေတော့ရယ်လို့ရည်သန်ပြီး
သူတို့ဘုရင်၊ သူတို့သခင်က
တိုင်းသူပြည်သားတွေအပေါ်ကို
ကောင်းကင်ကနေ မိုးအတုတွေကို
ရွာချပေးလေ့ရှိသတဲ့။

(၄)
ဒို့တိုင်းပြည်လည်း
အတုတွေလာတော့ပါမည်။  ။

အောင်ကျော်သွင်
illustration : Toni Demuro