ရန်ဝင်း (တောင်တံခါး) - ကျဆင်းဂူ ဂူဘုရား၊ ပုဂံ
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၅
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၅
ပုဂံမြို့ဟောင်း မြင်းကပါအရပ်မှာ ဘွဲ့တော် ခပ်ဆန်းဆန်းရှိတဲ့ ကျဆင်းဂူ ဂူဘုရား၊ ဘုရားအမှတ် (၁၂၁၉/၅၅၅) တည်ရှိပါ တယ်။ ကွန်းတောင်ပေါက် နှစ်ထပ်ဂူဘုရားကြီး ဖြစ်ပါတယ်။
ကျဆင်းဂူ ဂူဘုရားဆိုတဲ့ ဘွဲ့တော်ကို ရာဇ၀င်လာ အနော်ရထာမင်း၊ စုက္ကတေးမင်းတို့နဲ့ ဆက်စပ်ပြီး ပြောဆိုနေကြတာတွေ လည်းရှိပါတယ်။ ဘုရားဘွဲ့တော်အမှန်ကတော့ “တြေလောကလုဝေါးဗိုလ်” ဖြစ်ပါတယ်။
![]() |
| ကျဆင်းဂူ ဂူဘုရား၊ ယခင် |
မူလတည်ဆောက်တဲ့ ဒကာအမည်က ဗာရုစီ ဖြစ်ပါတယ်။ သက္ကရာဇ် ၄၈၇ ခုနှစ်မှာ ဗာရုစီကွယ်လွန်တဲ့အခါ ဂူဘုရားကို အပြီးမသတ်နိုင်ပဲ ရှိခဲ့ပုံရပါတယ်။ နှစ်ပေါင်း ၉၂ ကြာပြီးတဲ့အခါ၊ သက္ကရာဇ် ၅၇၉ ခုနှစ်မှာ သင်တြအိုလ် အမည်ရှိသူက ဆက် လက်တည်ခဲ့ရာ သက္ကရာဇ် ၅၈၅ (၁၁၂၅ အေဒီ) ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဘုရားဘွဲ့တော်ကိုလည်း ဆိုခဲ့တဲ့ “တြေ လောကလုဝေါးဗိုလ်” လို့ အမည်မှည့်ခဲ့ပါတယ်။ သင်တြအိုလ် ဘုရားလို့လည်း ခေါ်ကြပါသေးတယ်။
ထူးခြားတဲ့အချက်ကတော့ ဂူဘုရားအတွင်းမှာ ပဓာနဆင်းတုတော်ကြီးနဲ့ ၀ဲယာတစ်ဘက် တစ်ချက်စီမှာ အတွေ့ရနည်းတဲ့ ခြေတွဲလဲချထိုင်ပုံ (ပါလိလေယျကာသန/ပလမ္ဗပါဒါသန) နဲ့ ဗုဒ္ဓဆင်းတုတော်တွေကို တွေ့ရပါတယ်။
ထူးခြားချက် နောက်ထပ်တစ်ခုကတော့ နှစ်ထပ်ဂူဘုရားတွေမှာတွေ့ရလေ့မရှိတဲ့ ရှေးမွန်ဘာသာ ကမ္ပည်းစာတွေကို အောက်ထပ်ဂူနံရံအပေါ်ပိုင်းမှာ တွေ့ရပါတယ်။ အထက်ပါ ဆင်းတုတော်ကြီး ၃ ဆူရဲ့ အထက်နံရံ ခပ်မြင့်မြင့်မှာ ရှေးမွန်ဘာ သာနဲ့ ရေးထိုးထားတဲ့ နှစ်ကျိပ် ရှစ်ဆူဘုရားများဆိုင်ရာ ကမ္ပည်း စာတန်းတွေ ရှိပါတယ်။
တည်ဆောက်ပုံ ထူးခြားချက်အနေနဲ့ကတော့ တခြားနှစ်ထပ်ဂူဘုရားတွေမှာ ရှိကောင်းရှိနိုင်ပေမယ့် မမြင်သာတဲ့ ပထမထပ် နဲ့ ဒုတိယထပ်၊ အထပ်နှစ်ခု အကြား၊ ကျယ်ဝန်းတဲ့ လှိုဏ်ပတ်လမ်းကျယ် တစ်ခုရှိနေတာပါ။
ကျဆင်းဂူဂူဘုရား ရဲ့ဖြတ်ပိုင်းပုံတွေကိုကြည့်ရင် နှစ်ထပ်ဂူဘုရားတွေမှာ အမိုးခုံး၊ နံရံတွေနဲ့ လှိုဏ်ပတ်လမ်းတွေကို ဘယ်လို ဆောက်တည်တယ်ဆိုတာ လေ့လာ တွေ့ရှိနိုင်ပါတယ်။ လှိုဏ်ပတ်လမ်း နံရံတွေမှာလည်း နံရံဆေးရေးပန်းချီတွေ ရှိပါတယ်။
မကြာသေးခင်ကာလတုန်းကမှ လုပ်လေ့ လုပ်ထရှိတဲ့အတိုင်း ရှေးလက်ရာ မူလကွန်းတောင် လက်ကျန်အပေါ်မှာ ခေတ်သစ် လက်ရာ အထွတ်စေတီကို ထပ်ဖြည့်ထည့်ထားတာကလွဲရင် ကျဆင်းဂူ ဂူဘုရားကြီး က ရှေးဟောင်းအတိုင်း တွေ့ရနိုင်သေး တဲ့ ဂူဘုရားကြီးတစ်ဆူဖြစ်ပါတယ်။
အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. 1996



