မာမာအေး - ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ် - (၆၀၆ )
မင်းသုဝဏ်၏
ဥပုသ်စောင့် ကဗျာတေး
(ဘီဘီစီ အသံလွှင်အစီအစဉ်) မိုးမခ၊ အောက်တိုဘာ ၂၃၊ ၂၀၁၅
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့
သောတရှင်တွေ ၊ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ
ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ
၊ ပြီးခဲ့တဲ့ အစီအစဉ်မှာတုန်းက မာအေးတို့ ဂီတလောကရဲ့ ကောက်ကြောင်းထိပ်မှာ သီချင်းဂီတတွေ
စီစဉ်တကျ လမ်းချပေးခဲ့တဲ့ ဂီတအဖိုးတော် ပဒေသရာဇာဘွဲ့ခံ ဝန်ကြီးမင်းရဲ့ ထန်းတက်သမား
တျာချင်းကနေ ဆက်သွယ်လာတဲ့ ` ပရိယေသန´ သီချင်းပိုင်းအစလေးလောက်ပဲ
ပြောပြနိုင်ခဲ့ပါတယ်။ အစအဆုံး နားထောင်ချင်သပဆိုရင်တော့ Soundcloud .com မှာ ကိုမင်းနောင်နာမည် ရိုက်ပြီးရှာပါနော်။
ဒီနေ့ကတော့ ခေတ်ဆန်းစာပေနဲ့ ကလေးကဗျာတေးသံသာတွေပါ၊ ရေးသားသီကုံးရစ်တဲ့
စာပေသမားမွန် ဆရာမင်းသုဝဏ် ရဲ့ `ဥပုသ်စောင့်
´ ကလေးကဗျာလေး အကြောင်းကို ပြောပြချင်ပါတယ်ရှင်။
အဲဒီ ` ဥပုသ်စောင့်
´ဆိုတဲ့ ကဗျာလေးနဲ့အတူ ၊မာအေးရွတ်ပြဖူးတဲ့ ` ဝင်္ကဘာ ´ ကဗျာတို့၊ မောင်လေးရေ ထပါတော့လို့
စဆိုရတဲ့ ` ပန်းသည်´ ကဗျာလေးတို့၊ ကြောင်ကလေးက ဗေဒင်တွက်လို့တို့တွေပါ တပေါင်းတည်းရေးသား
ထုတ်ဝေခဲ့တဲ့ စာအုပ်ထဲမှာ ကလေးကဗျာချစ်စရာလေးတွေ အားလုံး (၁၃) ပုဒ် ပါဝင်ပါတယ်။
မာအေး
လက်ထဲမှာရှိတဲ့ ကဗျာစာအုပ်ကလေးရဲ့ ခေါင်းစဉ်ကတော့ ` မောင်ခွေးဖို့ ´ ပါတဲ့၊ စတုတ္ထအကြိမ်
ပြန်လည်ပုံနှိပ်ထားတဲ့ စာအုပ် ဖြစ်ပါတယ်ရှင်၊ ဆရာကြီး မင်းသုဝဏ် အသက် ( ၉၃) နှစ်တုန်းက
ပြန်ထုတ်ခဲ့တာပေါ့။ မောင်ခွေးဖို့ ကဗျာစာအုပ်ကလေးထဲက ကဗျာအားလုံးကို မြန်မာ့အသံရဲ့
ကျေးဇူးရှင်ကြီး ` ကေ´ အမည်ခံ ဦးခင်ဇော် နဲ့ ကလေးချစ်တတ်တဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာအမွေလာပေးခဲ့တဲ့
ပါမောက္ခလုစ်တို့က သီချင်းသံ ထည့်သွင်းပေးကြတယ်၊ နိုင်ငံတကာ ဂီတသင်္ကေတတွေနဲ့လဲ ရေးပေးတယ်၊
အင်္ဂလိပ်ဘာသာနဲ့လဲ ပြန်ရေး ပေးထားပါတယ်။
မူလထုတ်လုပ်ခဲ့တုန်းက
မောင်ခွေးဖို့ ကဗျာတွေကို စံတင်ထိုက်တဲ့ အိနြေ္ဒရှင် မာအေးချစ်တဲ့ မမရှင် အသံနဲ့ သီဆိုပေးထားခဲ့တာပါဘဲ။ဟိုးလွန်ခဲ့တဲ့
နှစ်ပေါင်း ခြောက်ဆယ်ကျော် ခွန်နှစ်ဆယ်လောက်က တူကလေးတွေ၊ တူမလေးတွေ အတွက်ရေးခဲ့တယ်လို့
ဆရာက ဆိုပါတယ်။ ခုလို အသက်ကိုးဆယ်ကျော် သုံးနှစ်စွန်းချိန် ဘိုးဘိုးအရွယ်မှာတော့ မြေးကလေးနဲ့
မြစ်ကလေးတို့အတွက်တဲ့ရှင်။ အပြစ်ကင်းစွာနဲ့ သီဆိုပျော်ရွှင်စေချင်တာကြောင့် အခုတစ်ကြိမ်
ထပ်မံ ထုတ်ဝေလိုက်ပါတယ် ရယ်လို့ မနက်ခင်းချိုးကူသံကလေးလို သာသာယာယာ သီဆို ပျော်မြူးနိုင်ကြပါစေကြောင်း
ဆုတောင်းခြင်း မင်္ဂလာစကားနဲ့ ` မောင်ခွေးဖို့ ကဗျာများ ´ စာအုပ်ကို အဖွင့်မှာစကားရေးထားပါတယ်ရှင်။
`သပြေသီးကောက်
´ ကဗျာလေးကို ရှေ့ဆုံးမှာ တင်ထားပါတယ်။
ဒုတိယမြောက်
ကဗျာလေးက ` ဥပုသ်စောင့် ´ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါရှင်။ ဒီနေ့ မာအေးပြေပြချင်တဲ့ ကဗျာလေးပါဘဲ။
ကဗျာက တေးဖြစ်သွားတဲ့ ` ဥပုသ်စောင့် ´ သီချင်းလေး နားဆင်ပေးပါရှင်။
ဆွမ်းအုပ်နီနီ
အမေရွက်လို့ နက်ဖြန်မနက်
ကျောင်းထွက်မယ် ၊
မောင်လဲလိုက်မယ် ချန်မထားနဲ့ ၊ အမေသွားတော့ ပျင်းလှတယ်၊
ကျောင်းကြီးပေါ်မှာ
မောင်ငယ်ဆော့တော့ ၊ ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ် ၊
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်၊
လိုက်မယ် ၊ လိုက်မယ် ...
ကလေးငယ်တွေ
အတွက် ကဗျာဆိုတော့ ရှင်းရှင်းရိုးရိုးလေးပေါ့နော်၊ တေးသံလေးပေါင်းလိုက်တော့ ချိုချိုနုနု
အသံစုံလေး ဖြစ်သွားတယ်လို့ ခံစားနိုင်ကြမှာပါ။ မနက်မှာ အမေလုပ်တဲ့သူက ဆွမ်းတော်အုပ်အနီရောင်လေး
ခေါင်းပေါ်ရွက်ပြီး ဘုန်းတော်ကြီးကျောင်းကို သွားတဲ့အခါ ၊ သားကလေးက သူ့ကို မထားခဲ့ပါနဲ့၊
အမေသွားရင် သူပျင်းနေမှာပေါ့တဲ့၊ အမေက ကျောင်းတော်ကြီးကို လိုက်လာပြီး ကျောင်းပေါ်မှာ
မင်းဆော့လို့ရှိရင် ၊ ဘုန်းဘုရားက အော့ကျောလန်တွေ ဆိုပြီး ရိုက်လိမ့်မှာနော်လို့ ပြောပြန်တော့
မဆော့ပါဘူး အမေရယ် ၊ စိပ်ပုတီးလေးစိပ်ပြီး ဘုန်းတော်ကြီးလိုနေပါ့မယ် ၊လိုက်မယ်နော် လိုက်မယ်
လို့ ခလေးရဲ့ ပူဆာတတ်ပုံကို ဖွဲ့နွဲ့ထားတာပါ။
ဒီကဗျာလေးမှာ
တွေးကြည့်မှရတာကတော့ `ဆွမ်းအုပ်နီနီ ´ ဆိုတာ ကျောက်ကာဖက်က ထုတ်တဲ့ ဟင်္သာပြဒါးရောင်းလွန်းလို့
ဆွမ်းအုပ်မျိုး ဖြစ်မယ်ပေါ့။`အော့ ´ ဆိုတဲ့စာလုံးကို အသုံးနည်းတဲ့စာအဓိပ္ပါယ်ကို ရှာဖြစ်တာပါ။
အပြင်မှာတော့ ` အော´ ဆိုတဲ့စာကို အော့ကျော့လန် အော့နှလုံးနာ ဆိုတာမျိုးဘဲ ကြားဖူးခဲ့ကြောင်း
အမှတ်ရမိပါတယ်။
မာအေး မကြာခင်ကမှ ဖေ့ဘွတ်ပေါ်မှာ တွေ့လိုက်တဲ့ ခေတ်မီဒရမ်ချက် ဒုတ်ချက်တွေ
ကြားမှာ စာသားမမှန်ဘာ မမှန်နဲ့ တွေ့ရပုံရင်နာလွန်းလို့ ခလေးကဗျာ မကျန်အောင် ဖျက်ဆီးထားသံတွေကို
နာခံကြည့်စမ်းပါရှင်။ စာပေတံခွန် အဖိုး မင်းသုဝဏ်ရေ - ကြေကွဲတဲ့ နှလုံးသားနဲ့ တိုင်ကြားလိုက်ပါရစေရှင်။
( ဆွမ်းအုပ်နီနီ
- ( ဩရသ နှင့် နန်းဆုရတီစိုး )
ဩရသ။ ။ ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန် သဘက်
ကျောင်းတက်မယ်၊ မောင်လဲ လိုက်မယ် ချန်မထားနဲ့ အမေသွားတော့ ပျင်းလှတယ်၊ ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့ ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်၊
မောင်မဆော့ပါ စိပ်ပုတီးနဲ့ ဘုန်းတော်ကြီးလို
နေပါ့မယ်၊ လိုက်မယ် ၊လိုက်မယ်xx
နန်းဆုရတီစိုး။ ။ဆွမ်းအုပ်နီနီ
အမေရွက်လို့ မနက်ဖြန်သဘက် ကျောင်းတက်မယ် ၊ မေလဲလိုက်မယ် ချန်မထားနဲ့ အမေသွားတော့ ပျင်းလှတယ်၊
ကျောင်းကြီးပေါ်မှာ မယ်မဆော့နဲ့ ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ် ၊မယ်မဆော့ပါ စိပ်ပုတီးနဲ့
ဖွားသီလလို နေပါ့မယ်၊ လိုက်မယ် ၊လိုက်မယ်xx
ကြားလိုက်ပါတယ်နော်။
ဆရာကြီး မင်းသုဝဏ်ပေးထားတဲ့ ခေါင်းစဉ်က ` ဥပုသ်စောင့်
´ ဆိုတာနဲ့ ကိုက်ညီပါသေးရဲ့လား၊ ချစ်ဆွေတို့က
အသံဘဲကြားရတာနော်၊ မာအေးက ကောင်ကလေးတွေ ပြဲလိုက် ကားလိုက် - ရှေ့တိုးနောက်ဆုတ် လုပ်လိုက်
လှည့်လိုက် ပတ်လိုက် လုပ်နေတာတွေ မြင်နေရတာ ခေါင်းကို မူးနေရောဘဲ၊ ဆိုတဲ့သူတွေကို မကျေညာချင်ပါဘူး။
ကိုယ့်ကိုယ်ကိုယ်တော့ သိမှာပါ။ ဒီလို လုပ်ရက်ကြတဲ့ လူငယ်တွေရဲ့ စိတ်မှာ စာပေနယ်က လူကြီးသူမတယောက်ရဲ့
စေတနာဆန္ဒကို ဖျက်လိုဖျက်ဆီး လုပ်မိသလားလို့တောင် မစဉ်းစားတတ်လောက်အောင် ယဉ်ကျေးစိတ်
၊ စာနာစိတ် ပျောက်သွားကြပြီလားလို့ စိတ်မကောင်းပါဘူး။ ဒီလို လှုပ်ရှားပုံနဲ့ ဘယ်လို ဥပုသ်စောင့်မှာတဲ့လဲ။
ဒီကဗျာ သီချင်းပျက်ကလေးဟာ
‘ youtube ’ မှာ ၂၀၁၁ ခု ၊အောက်တိုဘာလ ကတည်းက တင်ထားခဲ့တာတဲ့၊ သုံးလေးနှစ် ရှိနေပြီရှင့်၊
ဖေ့ဘွတ်ပေါ် တက်မလာရင် မာအေးလဲ သိမှာ မဟုတ်ပါဘူး၊ ဆရာကြီးကတော့ ` မြေးကလေး မြစ်ကလေးများ မနက်ခင်းချိုးကူသံလေးလို သာသာယာယာ သီဆို ပျော်မြူးနိုင်ကြပါစေ
´ လို့ ဆုတောင်းရှာပါတယ်။ ဆုတောင်း မပြည့်တော့ပါလား ဆရာရယ်။