အာဂလူ (စင်ကာပူ) - စင်ကာပူ ရွှေရတု


အာဂလူ (စင်ကာပူ) - စင်ကာပူ ရွှေရတု
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅
စင်ကာပူ ဆိုတာ --
ရွာသာသာ ဇနပုဒ်၊ ၁၉၆၅ ဩဂုတ်လ ၉ ရက် မှာ၊ ခြင်္သေ့ခေါင်းရုပ် ဖြစ်သွားတယ်၊ 
လွတ်လပ်ရေးလား ခွဲထွက်ရေးလား၊ အမျိုးသားနေ့ လို့ခေါ်ကြတယ်။

ခေါင်းရွက်ဗျတ်ထိုး၊ ရောင်းသူဝယ်သူ၊
တံငါ ကူလီ၊ ရွှေ့ပြောင်းသူနဲ့၊ လီကွမ်းယူဆိုတဲ့ မျိုးချစ်ခေါင်းဆောင်
ဖေါင်ဖျက်ခဲ့တာ၊ ဆယ်စုနှစ် ငါးကြိမ်၊ အခု ရွှေရတုအချိန်ပေါ့၊
လီကွမ်းယူ အသုဘ၊ ငါတို့သမ္မတ ဈာပနရှု  ကြွလာတာ
ဘာသင်ခမ်းစာ ယူခဲ့လဲ၊

စင်ကာပူ ဆိုတာ --
မြေအောက်ကရေ မသန့်ပေမဲ့၊ ငွေလုပ်တဲ့အတတ်တွေရှိတယ်၊
ရေနောက်ရေညံ့တွေကို၊ ရေကောင်းရေသန့်တွေ ဖြစ်စေတယ်၊

လုံခြုံတယ်ဆိုပေမဲ့
လိုတာရတဲ့ ကုန်တိုက်တွေနဲ့ အာသာမပြေသေးရင်
on-line ဈေးဝယ် ယဉ်ကျေးမှု ရောဂါရှိတယ်၊
အဂတိ နည်းတယ်၊ လောကနီတိ မွဲတယ်
လောဘ ဒေါသ မောဟ အန္တရာယ်တွေ ပေါတယ်၊

သန့်ရှင်းတယ်ဆိုတာ၊ ခံ့ငြားတဲ့ဒဏ်ငွေနဲ့၊
ခတ်ညံ့ညံ့ တန်ဆာခံတွေရဲ့ ဝန်ဆောင်မှု
ခံ့ခွဲမှု သီအိုရီရဲ့ ရလာဒ်တဲ့၊

စင်ကာပူမှာ
ဖုန်မထူပေမဲ့၊ အင်ဒို တောမီးပူတွေရဲ့
မီးခိုးနံ့တော့ ခဏခဏရှုရတယ်၊

စင်ကာပူမှာ
တပြည်သူတွေ အိမ်အကူလုပ်သားတဲ့
အရေပြားအဖြူတွေတော့ မပါဘူး၊

စင်ကာပူနိုင်ငံသားတွေ
တံတားဆောက်၊ လမ်းဖေါက်၊ အောက်ခြေအလုပ်
လက်မလှုပ်ဘဲ ပါးစပ်လှုပ်တာ စမတ်ကျကျ လူနပ်ချမ်းသာတဲ့၊

နိုင်ငံသေးလို့ သဘောထားမကြီးတာ
အားနာတတ်တယ်ဆိုတာ ကုသိုလ်မရလို့
တခုဝယ်ရင် တခုပိုရမှ ဆိုတဲ့ ယဉ်ကျေးမှုရှိတယ်၊

စင်ကာပူမှာ ကျောင်းသားတွေ ထူးချွန်ဖို့  
ဝိုင်းမလိုဘူး၊ ဂိုက်မလိုဘူး
အိမ်စာတွေကျက် သင်္ချာတွေတွက်ဖို့
ဘာဂါကင်း၊ ကေအက်ဖ်စီ နဲ့ မက်ဒေါ်နယ် တွေတော့ မရှိမဖြစ်လိုအပ်တယ်၊

စင်ကာပူမှာ
ငွေရှိသူတွေ နေသားကျ၊ မိုးကျရွှေကိုယ်တို့ ဆေးကုသ
ရွှေ့ပြောင်းသူတွေ ငွေရှာရင်း စိတ်မောကြ နေ့ နေ့ ည ည ။။

 နိုဝင်ဘာ ၂၀၁၅