စမ်းစမ်းတင် - မေငြိမ်းသို့ပေးစာ


စမ်းစမ်းတင် - မေငြိမ်းသို့ပေးစာ
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၅

မေငြိမ်းရေးတဲ့ လွမ်းရကောင်းနိုး မကောင်းနိုးဖတ်မိတော့၊ စာတွေကဗျာတွေ ပြည်တွင်းမှာ မပါရချိန် ဂျပန်နိုင်ငံမှာထုတ်တဲ့ စာစောင်က စာမူတောင်းလို့ ပို့ဖြစ်တဲ့ ကဗျာ တပုဒ်ကို သတိရတယ်။

ဆရာတင်မိုးလည်း အဲဒိမှာရေးလေ့ရှိပြီး အဲဒိကဗျာဖတ်ဖြစ်လေတယ်။ ဆန်ဖရန်စ္စကိုက စာပေဟောပြောပွဲလာတဲ့ဆရာနဲ့ ဆုံတော့ ဆရာကအဲဒိ ကဗျာကိုဖတ်ထားပြီးသား ရယ်လည်းရယ်တယ်... ။

ခေါင်းစဉ်ကို ပြောပြော...ရယ်ရယ်။  ကဗျာကတော့ ထုံးစံအတိုင်း ခပ်တိုတို။  ဗမာပြည်တုန်းက အယ်ဒီတာတယောက် ပြောဖူးသလိုပေါ့ -  အစ်မ ကဗျာတွေက ပင်နယ်တီ ဂိုးပဲဆိုသလို။  သူပြောတာက ဆရာဂျမ်း ( ဆရာတင်မိုး) သဘောရသလိုပါပဲ။  လျှာရှည်နေတာနဲ့ ကဗျာဘက်မရောက်ဘူး။

ကဗျာက ဒီလို ...
မေငြိမ်းရေ့  ခေါင်းစဉ်ဖတ်ဖို့ မမေ့နဲ

ပြည်ပြေး

အတောင်ရှိလျက်
အပြန်ခက်တဲ့ ငှက်
အသိုက်မဲ့ပေါ့

ဒီကဗျာရေးချိန်က အိမ်လွမ်းနာ မကြာမကြာကျနေချိန်။  နောက်...အချိန်တွေပြောင်းတော့ လူလည်းနေသားတကျဖြစ်လာ..အတွေးလည်းပြောင်းသွားတယ်။  ခုတော့ ပြောလေ့ရှိနေတာက ...

ကောင်းကင်အောက် ဘယ်နေရာရောက်နေနေ
နေတတ်ရင် အိမ်...

တခါတခါကျတော့ ပြည်တော်ပြန်လေမလားတွေးပြန်တော့ - ကိုယ်ပြောပြောနေတာနဲ့ ကွဲလွဲချက် ထွက်လာပြန်ရော။ 

အမေမရှိရင် အိမ်လည်းမရှိတော့ ဆိုတာပေါ့... မေမေက ၂၀၁၀ မှာဆုံးသွားတာ။

ခုတော့နေထိုင်ရာကို ရွေးဖို့စဉ်းစားရင် သမာအာဇီဝနဲ့သန့်ရှင်းတဲ့ဘဝကိုပဲ ဦးစားပေးရွေးမိတော့တာ။

နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်ပြီး (တကယ်တော့ ကိုယ့်ကိုယ်ကိုယ်လှည့်စားတာ)

ကောင်းကင်အောက် ဘယ်နေရာရောက်နေနေ

နေတတ်ရင် အမေ့အိမ်ပါပဲ   မေငြိမ်းရေ