![]() |
Book cover by Tetkatho Sein Tin |
ခင်စန်းမေ - စောစံဖိုးသင် ၊ သတ္တိရှိတဲ့ ရန်သူ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၅
စောစံဖိုးသင်အကြောင်း ပြောမယ်ဆိုရင် - ကရင်ဗမာ အဓိကရုဏ်းအကြောင်းမပါလို.မဖြစ်ပါ။ ကရင်ဗမာ အဓိကရုဏ်းက လွတ်လပ်ရေးမရခင်က မြောင်းမြမှာ စဖြစ်တယ်။ အင်္ဂလိပ်အပြေး ဂျပန်ကလည်း
ယိုးဒယားမှာ ဗမာပြည်ထဲ မရောက်သေးဘူး။ အင်္ဂလိပ်တွေ ဆုတ်သွားအခါ သာသနာကျောင်းတွေမှာ ကျန်ရစ်တဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကို “သခင်မျိုးဟေ့ - တို့ ဗမာ ...” ဆိုပြီး ရှပ်လက်တိုအနီ၊ ဘောင်းဘီတိုအပြာဝတ် ဖော့ဦးထုတ်ဆောင်းတဲ့ သူတွေက စသတ်တာ။ အဲ့တုံးက သခင်ခေတ်နောက်
ကရင်ခရစ်ယာန်ဆို အကုန်သတ်တယ် ကရင်တွေကလည်း ဗမာပြန်သတ်၊ ရွာတွေမီးရှို့ တော့
ရွာတွေမှာမနေရဲကြပဲ အားလုံး ထွက်ပြေးရတယ်။ ကရင်ရွာနဲ့ ဗမာရွာတွေက ရောနေတယ်၊ ညဘက်တွေမှာ ထွက်ပြေးရတယ်။ ရွာတွေနားရောက်ရင် သတ်ထားတွေက ပုပ်စော်တွေ နံနေတယ်၊ လူသေတွေကို ခွေးတွေက ဆွဲစား၊ ရွာတွေမှာ လူတွေပြေးကုန်တော့။ ခွေးတွေလဲကျွေးမဲ့သူ မရှိဘူး။
စောစံဖိုးသင်က အင်္ဂလိပ်တပ်ထဲက၊ ကရင် ဗမာ အဓိကရုဏ်းဖြစ်တော့ စောစံဖိုးသင်က ကရင်တွေဘက်က တိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မိုးကြိုးတို့ ပြန်လာမှ တိုက်ခိုက်နေတာ ရပ်တယ်။ မြောင်းမြမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တယ်။ တစ်ယောက်စီ မိတ်ဆက်ကြတဲ့အခါ စောစံဖိုးသင်အလှည့် ရောက်တော့ “ကျွန်တော့်နံမယ် စံဖိုးသင်ပါ၊ ကျွန်တော်က ခင်ဗျားရဲ့ ရန်သူပဲဗျ ” လို့ ဗိုလ်ချုပ်အောင်ဆန်းကို ပြောတော့၊ ဗိုလ်ချုပ်ကပြုံးပြီး “သတ္တိရှိတဲ့ရန်သူက ကျွန်တော်ရဲ့ မိတ်ဆွေပါ” လို့ ပြန်ပြောပြီး စောစံဖိုးသင်ကို
လက်ဆွဲနှုတ်ဆက်တယ်။
စောစံဖိုးသင်ကငယ်ငယ်က ကိုသာဖြူကျောင်းမှာ ကျောင်းတက်တယ်၊ ကျောင်းအုပ်ကြီးကို နှိပ်နင်းပေးတယ်။ ကျောင်းအုပ်ကြီး အမေရိကားပြန်တော့ အမေရိကားကို လိုက်မလားဆို ခေါ်သွားပြီး ပညာသင်ပေးတာ ဘီအေဘွဲ့ ရထားတယ်။ ဗိုလ်ချုပ်က စောစံဖိုးသင်ကို မြစ်ဝကျွန်းပေါ်ရဲ့ စစ်မင်းကြီးခန့်တယ်။ နောက်အစိုးရအဖွဲ.မှာ ၀န်ကြီးဖြစ်တယ်။ ဗိုလ်ချုပ်လုပ်ကြံခံရတော့ ဗိုလ်ချုပ်အလောင်းနားမှာ စောစံဖိုးသင်က ငိုတယ်။
ဗိုလ်ချုပ်နဲ့ စောစံဖိုးသင်က အတော်လေး ရင်းနှီးကြတယ်။ တူမ မင်္ဂလာဆောင်အပြန်မှာ သဘောင်္က သောင်တင်နေလို့ လုပ်ကြံမှုက လွတ်ခဲ့တာ။ နောက်တော့ စောစံဖိုးသင်က ဗုဒ္ဓဘာသာထဲ ၀င်သွားပြီး ဘုန်းကြီးဝတ်သွားတယ်။ သူ့ အကြောင်း မကြားရတော့ဘူး။ သူ့ အကြောင်းရေးထားတဲ့ စာအုပ်တွေမှာ
စောစံဖိုးသင်ကို ဂေါ်ရခါးဦးထုတ်ကြီးနဲ့ တွေ့ ရတယ်။