ငြိမ်းချမ်းအောင် - လမ်းပေါ်ထွက်လာတဲ့ လူမျိုးရေး အစွန်းရောက်တွေ


ငြိမ်းချမ်းအောင် - လမ်းပေါ်ထွက်လာတဲ့ လူမျိုးရေး အစွန်းရောက်တွေ
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၅


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် (ယာ) ဦးဝင်းမောင်နှင့် ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ တို့
ထိုင်းရောက် မြန်မာတရားမဝင် အလုပ်သမား နှစ်ဦး လူသတ်မှုအတွက် သေဒဏ်အမိန့်ချခံထားရခြင်း ကိစ္စ ဆက်စပ် တွေ့ဆုံစဉ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ၊ ၃၀ ဒီဇင်ဘာ၊ ၂၀၁၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)။

လူငယ်နှစ်ယောက် အဖမ်းခံရတဲ့ ထိုင်းနိုင်ငံလိပ်ကျွန်း အမှုမှာ တရားခြင်း၊ မတရားခြင်းထက် ဘာကြောင့် ဒီလူငယ်နှစ်ယောက် ထိုင်းကို ရောက်သွားသလဲဆိုတဲ့ အဓိက အကြောင်းရင်းကို ကျနော် စိတ်ဝင်စားတယ်။

ဒီလူငယ်နှစ်ယောက်ရဲ့ အရေးဟာ ပထမဆုံး မဟုတ်သလို နောက်ဆုံးမတရားမှုလည်း မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာမှမဟုတ်ပါဘူး၊ ပြည်ပနိုင်ငံတွေမှာ အနိုင်ကျင့် အထင်သေးစော်ကားခံရနေရတာပါ။ တိုင်းပြည်ရဲU သိက္ခာကို မြှင့်တင်ချင်ရင် စစ်အစိုးရကို ဖြုတ်ချပြီး လူထုရွေးချယ်တဲ့ တိုင်းပြည်ကောင်းအောင်လုပ်ပေးမဲ့ အစိုးတရပ်ကို ပေါ်ထွန်းအောင် လုပ်ပေးဖို့ လူထုနဲ့အတူ လက်တွဲဖို့ တခုပဲ ရှိပါတယ်။

လူငယ်နှစ်ယောက်အရေးကို ဆန္ဒပြနေတဲ့သူတွေက သာမန်ပြည်သူတွေနဲ့ ရိုးရိုးသားသား နိုင်ငံကိုချစ်လို့၊ လူငယ်လေးနှစ်ယောက်ကို စာနာလို့ဆိုတဲ့ မြန်မာနိုင်ငံတ၀ှမ်းက ပြည်သူတွေ မပါပါဘူး။ ကြံ့ဖွတ် အမတ် ဦးလှဆွေ စကားနဲ့ ပြောရရင် သမ္မတကြီး ခိုင်းထားတဲ့ မဘသနဲ့ ၀ီရသူနဲ့ ပါမောက္ခတို့ ဦးဆောင်တဲ့ အဖွဲ့ကြီးပါပဲ။ 

မုဒိန်းမှု့ အသံကြားရင် စုံစမ်းမေးမြန်းခြင်းမလုပ်ဘဲ မွတ်စလင်တွေ လုပ်တယ်ဆိုပြီး တံဆိပ်ကပ် တိုင်းပြည်ဆူပူအောင် လုပ်ခဲ့တဲ့၊ဘာသာရေးခွဲခြားတဲ့၊ လူမျိုးရေးခွဲခြားတဲ့၊ မြန်မာနိုင်ငံတခုလုံးကို မီးတင်ရှို့ခဲ့တဲ့၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို သိက္ခာကျအောင် လာရောက်ကူညီတဲ့ နိုင်ငံတကာအဖွဲ့တွေကိုပါ ရိုက်ပုတ်ပြီး တိုင်းပြည်က ထွက်ခွာသွားအောင် လုပ်ခဲ့တဲ့ ဘုန်းကြီးတွေ ဦးဆောင်တဲ့ မဘသ အဖွဲ့ဟာ ဘာကြောင့် မုဒိန်းလူသတ်ဆိုပြီး သေဒဏ်ကျခံရတဲ့ ဒီလူငယ်နှစ်ယောက်ရဲ့ အမှု့ကို ဘာကြောင့် ဦးဆောင်လှုပ်ရှားနေသလဲ မေးရင် ဒီဘုန်းကြီးတွေ အထက်ကအမိန့်တဲ့ တရားဝင် ဆန္ဒပြပွဲလုပ်ပြီး တိုင်းပြည်ဆူပူအောင် လှုံ့ဆော်နေတာပဲ လို့ ရှင်းရှင်းလင်းလင်း ဖြေဆိုရမှာပဲ ဖြစ်ပါတယ်။

တရားဥပဒေကို တကယ်ချစ်မြတ်နိုးရင် မြန်မာပြည်မှာ လယ်သိမ်း၊ ယာသိမ်းကစပြီး ၊ လူသတ်ဓါးပြတိုက်တဲ့ စစ်တပ်ကို မဘသ ဦးဆောင်တယ်ဆိုပြီး ဆန္ဒပြပွဲ လုပ်ခဲ့တာ ကျနော်မတွေ့ဖူးခဲ့။

လူ့အခွင့်အရေးဆိုတဲ့ စကားကို သုံးရင် ဘာသာမတူတာနဲ့ လူချင်းမတူသလို ဆက်ဆံပြီး မွတ်စလင်ဘာသာဝင်တွေ မြန်မာပြည်ထဲက မောင်းထုတ်ကြပြောတာလည်း မဘသ ဘုန်းကြီးတွေပါပဲ။

တိုင်းရင်းသားလူမျိုးစုတွေ ကိုးကွယ်ကြတဲ့ ခရစ္စယာန်ဘာသာရဲ့ အထွတ်အမြတ် လက်ဝါးကပ်တိုင် ကို ဖျက်ဆီးခဲ့တာလည်း မဘသ ဘုန်းကြီးတွေပါပဲ။ 

လူငယ်နှစ်ယောက်ရဲ့ အမှု့ဟာ အမိန့်ချတာက မနေ့တနေ့မှပါ။ အမှု့ဖြစ်နေတာက ၁ နှစ်ကျော်နေပါပြီ၊ စစချင်းတုန်းက ဒီဘုန်းကြီးတွေနဲ့ လူတစုဟာ ကလေးနှစ်ယောက်ရဲ့ အမှု့ကို ခေါင်းထဲတောင် ထည့်မစဉ်းစားဘဲ အမျိုးသမီးတွေကို စော်ကားဖို့အတွက် မျိုးစောင့်ဥပဒေဆိုတဲ့ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်ဖို့ပဲ နိုင်ငံတ၀ှမ်းလှုံ့ဆော်နေခဲ့တာပါ။ 

လူငယ်နှစ်ယောက်ရဲ့ အမှု့ကို အကြောင်းပြပြီး လူမျိုးရေးအစွန်းရောက်တွေရဲ့ တိုင်းဖျက်ပြည်ဖျက် နိုင်ငံပျက်ဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေကို ဆန့်ကျင်ရှုံ့ချပြီး လူယုတ်မာသင်္ကန်းဝတ် အကြမ်းဖက်လှုံ့ဆော်နေသူတွေကို တရားဥပဒေအတိုင်း အပြစ်ပေးအရေးယူဖို့ ပြည်သူတရပ်လုံးက ကြိုးစားကြပါ။

မောင်ကြီးငြိမ်းချမ်း @ ငြိမ်းချမ်းအောင်

ဒီဇင်ဘာ ၃၁၊ ၂၀၁၅