မောင်ရစ် - အကြပ်အတည်းလား၊ ဖြေလျော့မှုလား၊ ဘာလဲ ဘယ်လဲ


မောင်ရစ် - အကြပ်အတည်းလား၊ ဖြေလျော့မှုလား၊ ဘာလဲ ဘယ်လဲ
အယ်ဒီတာ့လက်ရေး၊ (မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆


လက်ရှိမြန်မာပြည်နိုင်ငံရေး အခြေအနေကို ဘောလုံးပွဲနဲ့ တင်စားခဲ့ကြပြီးပါပြီ။ ဖိုင်နယ်ပွဲနိုင်ပေမယ့် ဆုဖလားကတော့ မရသေးပါ။ လွှတ်တော်အဆင့်ဆင့်ကို အနိုင်ရပါတီ အင်န်အယ်ဒီက စိတ်တိုင်းကျ ဖွဲ့စည်း၊ လွှတ်တော်ရေးရာကော်မီတီများကိုလည်း ထူထောင်နိုင်ခဲ့သော်လည်း အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့မှာတော့ မတ်လလယ်အထိ အချိန်ယူထားကြတာကို တွေ့နေရပါတယ်။ အစိုးရတရပ်အဖြစ် တရားဝင်ထူထောင်၊ နိုင်ငံတော်အာဏာကို လက်ရှိကြံ့ဖွံ့အစိုးရလက်ထဲကနေ အပြည့်အ၀ လွှဲပြောင်းပြီးတော့မှသာလျင် ချန်ပီယံဆုဖလားကို လက်ဝယ်ပိုင်ပိုင်ရနိုင်မှာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ဖြင့် လက်ရှိအစိုးရနဲ့ လက်နက်ကိုင် တပ်မတော်တို့ထံက ကြည်ကြည်ဖြူဖြူ  သာယာညှင်းပြောင်းစွာ အာဏာလွှဲပြောင်းရယူနိုင်ဖို့အရေး အနိုင်ရပါတီနဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အစွမ်းရှိသ၍ ဆွေးနွေးမှုတွေ လုပ်နေကြသလို၊ ပြည်လုံးကျွတ်သော ထောက်ခံသူ လူထုကလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ သတိကြီးစွာနဲ့ စောင့်ကြည့်လို့ နေကြပါတယ်။ ဘောလုံးပွဲခင်းထဲကနေ ခုချိန်ထိ ပြည်သူဟာ ထွက်ခွာမသွားသေးဘဲ ဆုဖလားပေးပွဲကို နေပူ မိုးရွာအောက် ကြံ့ကြံ့ခံပြီး စောင့်နေကြတာနဲ့ အလားသဏ္ဍန် တူတယ်လို့ ဆိုပါရစေ။

ဟောသည်က လမ်းဆုံလမ်းခွမှာ ကျနော်တို့တတွေက အကြပ်အတည်းကို ရင်ဆိုင်နေရတာလား၊ ဖြေလျော့မှုကို တွေ့ကြုံနေရတာလားဆိုတာက မေးခွန်းဖြစ်ပါတယ်။ အကြပ်အတည်းဆိုတာက အခြေခံဥပဒေကို ပြင်ဆင်ပြီးတော့ နောက်အစိုးရမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဦးဆောင်ခွင့် ရရှိဖို့အရေး ဖြစ်ပါတယ်။ ခုချိန်ထိကတော့ အာဏာပိုင်တွေ လက်နက်ကိုင်တွေထဲက ပြောရေးဆိုခွင့်ရှိသူတွေရဲ့ တင်းမာတဲ့ ငြင်းပယ်တဲ့ သဘောထားတွေ မြင်နေရတုန်းပါ။ ဖြေလျော့မှုဆိုတာက ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခြင်း၊ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များအားလုံး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် တရားဝင် ရပ်တည်ထမ်းဆောင်ခွင့် ရခဲ့ခြင်း တွေလို့ ဆိုရပါမယ်။ ရွေးကောက်ပွဲ ရှုံးတဲ့ စစ်အုပ်စုကျောထောက်နောက်ခံနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ လွှတ်တော်ကို ဖြေလျော့ပေးခဲ့ကြပါတယ်။ အတိုက်အခံပါတီဦးဆောင်တဲ့ အစိုးရတရပ် ပိုင်ပိုင်နိုင်နိုင် ထူထောင်နိုင်ရေးဟာ လက်ရှိမှာတော့ အကြပ်အတည်းအဖြစ်နေသေးပြီး နောင် ရက်သတ္တ ၂ ပတ်မှာ ဖြေလျော့မှုနဲ့ အဆုံးသတ်မည်လား၊ ရှေ့ဆက်အကြပ်အတည်းအဖြစ် ရင်ဆိုင်ကြရဦးမှာလား။ ဘယ်လိုလဲ။

ကျနော်တို့တတွေဟာ ၁၉၈၈ အာဏာသိမ်းကတည်းက အကြပ်အတည်းများနဲ့ တောက်လျောက် ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ အကြပ်အတည်းများကို ရင်ဆိုင်တဲ့နည်းကတော့ ရုန်းကန် တိုက်ပွဲဝင်ကြခြင်းပါပဲ။ စစ်အုပ်စုဟာ အဲသည်ကတည်းက တောက်လျောက်မှာ ဖြေလျော့နည်းကို မသုံးခဲ့ပဲ ဓားဓားချင်း လှံလှံချင်း အကြမ်းဖက်နည်းနဲ့ ဒီမိုကရေစီအင်အားစုများကို ဖိနှိပ်ချေမှုန်းခဲ့တာချည်းပါ။ အမျိုးသားညီလာခံကျင်းပခြင်း၊ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခြင်းတို့ဟာ သူတို့တဖက်သတ် ဆောင်ရွက်ခဲ့တာချည်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဆိုတာကလည်း အကြပ်အတည်းတွေနဲ့ တိုင်းသူပြည်သားတွေကို အတင်းအကျပ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် အတိုက်အခံ အင်အားစုတွေက ရုန်းကန် တိုက်ပွဲဝင်ပြီး ရင်ဆိုင်ခဲ့ရတယ်။ ဒီမိုကရေစီထောက်ခံတဲ့ ပြည်သူအများစုက ကြံ့ကြံ့ခံပြီး ထောက်ခံမှု ပြသခဲ့ကြပါတယ်။

သို့သော်လည်း ၂၀၁၂ နှစ်ဆန်းချိန်က စပြီးတော့ အကြပ်အတည်းများကြားထဲက ဖြေလျော့မှုတွေ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စစ်အုပ်စုရဲ့ ဖြေလျာ့မှုအဖြစ် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုအင်အားစုများ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခြင်း၊ လွှတ်တော်တွင်း ၀င်ရောက် နေရာယူနိုင်ခြင်းတို့ ဖြစ်ပါတယ်။ အဲသည်မှာတွေ့ခဲ့ရတဲ့ အကြပ်အတည်းက အခြေခံဥပဒေကို စောင့်သိရိုသေပါမည် ဆိုတဲ့ အသိအမှတ်ပြု လက်ခံရမှု ဖြစ်ပြီး ဒါကို ဒေါ်စုတို့ဖက်က ဖြေလျော့ပေးပြီး လွှတ်တော်ထဲ ၀င်သွားခဲ့ကြပါတယ်။

အဲသည်ကစပြီး မြန်မာနိုင်ငံရေး ဇာတ်ခုံဟာ အကြပ်အတည်းနဲ့ ဖြေလျော့မှုတို့ ဘတပြန် ကျားတပြန် ရုန်းကန်ကြရတော့တာပါပဲ။ ဖြေလျော့မှုအဖြစ် လွှတ်တော်တွင်း ၀င်ရောက်ပြီး 'ပြုပြင်ပြောင်းလဲ' ခြင်းတွေ လုပ်ဆောင်တဲ့နေရာမှာ ဒီမိုကရေစီအင်အားစုတွေကိုယ်တိုင်လည်း အကြပ်အတည်းတွေ ရင်ဆိုင်ကြရပြန်တာကိုး။ လွှတ်တော်ပြင်ပကနေ အကြပ်အတည်းကို ထုံးစံအတိုင်းရင်ဆိုင်နည်းကတော့ 'ရုန်းကန်တိုက်ပွဲဝင်'ခြင်း ဖြစ်ပါတယ်။ ဖြေလျော့မှုမှတဆင့် ပြုပြပြောင်းလဲရေး ခြေလှမ်းချင်သူတွေနဲ့ အကြပ်အတည်းကို ရုန်းကန်တိုက်ခိုက်နေကျင့်ရသူများတို့ ပဋိပက္ခ ဖြစ်ကြရတာတွေ တွေ့ခဲ့ရပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဖြေလျော့သော်လည်း လက်ပံတောင်းတောင်စီမံကိန်း၊ ရွှေဂက်စ်ပိုက်လိုင်းစီမံကိန်းတွေဟာ အကြပ်အတည်းတွေနဲ့ချည်း ဖြစ်ပါတယ်။ ပညာရေးကို'ပြုပြင်ပြောင်းလဲမှု' လုပ်သော်လည်း အပြည့်အ၀မဖြစ်တဲ့အတွက် အကြပ်အတည်းကို ရင်ဆိုင်ရတဲ့အခါ ကျောင်းသား လူငယ်တွေဟာ ရုန်းကန်တိုက်ပွဲဝင်ကြရပြန်ပါတယ်။ အဲသည်အတွက် စစ်အုပ်စုဘက်ကလည်း အကြမ်းဖက်နည်းနဲ့ အဖြေရှာခဲ့ပြန်တာပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေး ရယူနိုင်ဖို့အတွက် ကြံ့ဖွံ့အစိုးရရဲ့ ဖြေလျော့မှုတွေဟာ တပ်မတော်နဲ့ကျရင် အကြပ်အတည်းဖြစ်ကြရပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲနည်းအပြင် ရုန်းကန်တိုက်ပွဲဝင်နည်းတွေနဲ့ ပြန်တုန့်ပြန်ကြတာတွေ တွေ့ကြရတယ် မဟုတ်ပါလား။

၂၀၁၅ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ အစနဂိုဦးကာလများရဲ့ အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင် 'အကြပ်အတည်း' ဖြစ်ပါတယ်။ အာဏာရ ပါတီ၊ လက်ရှိအစိုးရအပြင် တပ်မတော်တို့ဘက်ကနေ တင်းမာတဲ့ သဘောထားတွေ အမူအရာတွေ ပြသခဲ့ကြပါတယ်။ အဲသည်အတွက် ရွေးကောက်ပွဲ တရားမျှတဖို့ လွတ်လပ် ပွင့်လင်း အန္တရာယ်ကင်းဖို့ မေးခွန်းတွေ သံသယတွေ အများကြီး ထွက်ပေါ်ခဲ့ရပါတယ်။ အဲသည်မှာ ဒီမိုကရေစီထောက်ခံတဲ့ မြန်မာပြည်သူလူထုက လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုကို မရွေးချယ်ဘဲ ရုန်းကန် တိုက်ပွဲဝင်ခြင်းနဲ့ အကြပ်အတည်းကို ရင်ဆိုင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ပါတီကိုကြည့်ပြီးသာ မဲပေးပါ၊ သမတအထက်မှာ သူရှိနေတယ်” လို့ စိန်ခေါ်စကား မိန့်ကြားလိုက်သလို၊ နောက်လိုက်ပြည်သူတွေကလည်း တစည်းတလုံးတည်း တသွေမတိမ်း သတိတချက်လေးမှ မလွတ်ဘဲ ရုန်းကြပါတယ်။ သာဓကအနေနဲ့ ပြည်ပရောက် မြန်မာတွေက သံရုံးတွေမှာ ညအိပ်တန်းစီပြီး ကြိုတင်မဲပေးတာ၊ မဲမသမာမှုတွေကို ဖော်ထုတ် တောင်းဆိုတာတွေ လုပ်ခဲ့ကြပါတယ်။ ပြည်တွင်းမှာလည်း မနက် အရုဏ်မတက်မီကတည်းက မဲရုံတွေမှာ ကြိုတင်စောင့်ဆိုင်းကြတာ၊ မိုးချုပ်သည်အထိ စောင့်ကြည့် စစ်ဆေးကြတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ သည်အတွက် အာဏာပိုင်အုပ်စုတွေဟာ ရွေးကောက်ပွဲမှာ ဖြေလျော့မှုတွေ လုပ်ပေးခဲ့ကြပြီး လွှတ်တော်တွင်း ၀င်ရောက်လာတဲ့ ကိုယ်စားလှယ်အသစ်များအားလုံးကို အသိအမှတ်ပြု နေရာဖယ်ပေးခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ တပ်မတော်နဲ့ အစိုးရက အကြပ်အတည်းတွေ ဆက်လက်ဖန်တီးနေသော်လည်း ယခင်လွှတ်တော်ခေါင်းဆောင်ကြီး သူရဦးရွှေမန်းရဲ့ ဖြေလျော့ပေးမှုကို အသိအမှတ်ပြုကြရမယ်လို့ ပြောရမှာပါ။

လွှတ်တော်သစ်ထူထောင်တဲ့ကာလတွေမှာ ပြန်ကြည့်ရင်လည်း ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် လွှတ်တော်ခေါင်းဆောင်များ ရွေးချယ်တဲ့ဆီမှာ အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ အဲသည်အကြပ်အတည်းကို အနိုင်ရပါတီက ဖြေလျော့မှုနဲ့ ရွေးချယ်ခဲ့တာကြောင့် ရှမ်းပြည်နယ်မှာဆိုရင် ကြံ့ဖွံ့ပါတီက ပြည်နယ်လွှတ်တော် ခေါင်းဆောင်နေရာတွေအားလုံးကို သူတို့ချည်းနဲ့ ရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ ရခိုင်မှာဆိုရင်လည်း အနိုင်ရ ရခိုင်ပါတီက ခေါင်းဆောင်ရာထူးကို ရယူထားခဲ့ကြပါတယ်။ သည်တော့ ရွေးကောက်ပွဲမှာ လူနည်းစုအနိုင်ရပါတီတွေဟာ အကြပ်အတည်းကို ရုန်းကန်တိုက်ပွဲဝင်တဲ့နည်းနဲ့ ရင်ဆိုင်ကြတာကို မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။

ကဲ ... သည်တော့ အစိုးရ ဖွဲ့စည်းရေးနဲ့ အာဏာလွှဲပြောင်းရယူနိုင်ရေး အပြောင်းအလဲကာလကို ရောက်ရှိလာပါပြီ။ လက်ရှိအစိုးရနဲ့ ၂၅% ကိုယ်စားလှယ် စိတ်တိုင်းကျ ရယူထားတဲ့ တပ်မတော်အင်အားစုများက လက်ရှိအခြေအနေကို ဘယ်လို ဖန်တီးထားပါသလဲ။ အကြပ်အတည်းများနဲ့လား၊ ဖြေလျော့မှုနဲ့လား။ ဒေါ်အောင်ဆန်းစုကြည်ကို သမတအဖြစ် ခေါင်းဆောင်ခွင့် မပေးနိုင်ဘူးဆိုတာကို ရှေ့တန်းတင်ထားရင်တော့ အကြပ်အတည်းလို့ ဆိုရမှာပါ။ ဒါဆိုရင် ပြည်သူလူထုနဲ့ အနိုင်ရပါတီက ရုန်းကန်တိုက်ပွဲဝင်ပြီး ရင်ဆိုင်ကြရတော့မှာလား။ ဖြေလျော့မှုနဲ့ တုန့်ပြန်ပြီးတော့ 'ပြုပြင်ပြောင်းလဲမှု' တွေ အဆင့်ဆင့်နဲ့ ဆက်လက် ဆောင်ရွက်သွားကြမှာလား။

လက်ရှိအကြပ်အတည်းတွေ ဖန်တီးထားတာကတော့ အများအပြားဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းက မငြိမ်းသေးသော ပြည်တွင်းစစ်မီးတောက်များ၊ ကချင်ပြည်နယ်က ဘိန်းစိုက်ခင်းများ၊ သဘာ၀၀န်းကျင်ကို ခြိမ်းခြောက် ဖျက်ဆီးနေတဲ့ သယံဇာတတူးဖော်နေမှုများ၊ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ မတရားအမှုများ တခုပြီးတခု တိုး စွပ်စွဲခံနေရတဲ့ ပညာရေးသပိတ်မှောက် ကျောင်းသားလူငယ်များနဲ့ ထောက်ခံဝန်းရံသူများ ၊ မတရားသိမ်းပိုက်ခံထားရတဲ့ လယ်ယာမြေများ၊ ကျုးကျော်မြေကွက်များ၊ ပွင့်လင်းမြင်သာမှုမရှိသော လက်ရှိအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ စီမံကိန်း၊ လုပ်ငန်း၊ ကိုယ်ကျိုးရှာမှုများ ... ဒါတွေကို ဒီမိုကရေစီအင်အားစုတွေက ရုန်းကန်တိုက်ပွဲဝင်ပြီး အဖြေရှာကြရမှာလား၊ သူတို့ကို လက်ခံနေရာပေးပြီးတော့ ဖြေလျော့ပေးပြီးတော့ တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲ သွားကြရမှာလားက မေးခွန်းတွေ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အကြပ်အတည်းတွေအောက်မှာ ပြည်သူလူထု အများစုက ဘယ်လိုမျိုး ဖြတ်သန်းခဲ့ကြပြီးပြီလဲနဲ့ ချိန်ထိုးပြီး စဉ်းစားကြရလိမ့်မယ် ထင်ပါတယ်။ ၁၉၈၈ ကနေစပြီးတော့ စစ်အုပ်စုရဲ့ တဖက်သတ်အကြမ်းဖက် ဖိနှိပ်မှုတွေအောက်မှာ ဒီမိုကရေစီကို ချစ်ခင်လိုလားကုန်သော လူထုအများစုဟာ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ ရုန်းကန်တိုက်ပွဲဝင်သူတွေက အသက်အိုးအိမ် စည်းစိမ်တွေ မိသားစုတွေကို စွန့်လွှတ်ပြီးတော့ တွန်းလှန်နေချိန်မှာ သာမန်ပြည်သူလူထုတွေဟာ မုန်တိုင်းအောက်မှာ ကြံ့ကြံ့ခံပြီး မဆုတ်မနစ် ရင်စီးခံနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အကြပ်အတည်းတွေအောက်မှာ ဒူးထောက် လက်မြှောက်ပြီးတော့ လိုက်လျောညီထွေ အသက်ရှင်သန်မှုကို အနည်းစုကသာ ရွေးချယ်ခဲ့ကြတာပါ။ အမှန်တကယ် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော ဖြေလျော့မှုများကိုသာ ပြည်သူလူထုက လက်ခံခဲ့ကြပြီး သာယာညှင်းပြောင်းသော ပြုပြင်ပြောင်းလဲမှုတွေကို လူထုက ရွေးချယ် ပွေ့ဖက်ကြမှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

သည်လမ်း သည်စခန်းကို မိမိတို့ ထောက်ခံယုံကြည်သက်ဝင်တဲ့ ခေါင်းဆောင်နောက်မှာ လူထုက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရုန်းကန် ရင်ဆိုင်ခဲ့လို့ သည်ခရီး သည်မှတ်တိုင် ပေါက်တန်သလောက် ပေါက်ခဲ့ပြီ ဆိုကြပါစို့။ အကြပ်အတည်းများကို ရင်ဆိုင်တဲ့ အတွေ့အကြုံများလည်း ရှိခဲ့ပြီးပါပြီ။ မြန်မာပြည်သူတွေဟာ ဖြေလျော့မှုများကိုလည်း စိတ်နှလုံးကြီးစွာနဲ့ လက်ခံလို့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက်ရေး ခြေလှမ်းပြင်နေကြပါပြီ။

 စစ်အုပ်စုနဲ့ အပေါင်းအပါတွေကိုယ်တိုင်ကကော အကြပ်အတည်းများကနေ ဖြေလျော့မှုဆီ သွားဖို့ အဆင်ငသင့်ဖြစ်ကြပြီလား။