၆၈ နှစ်မြောက် ရန်ကုန်၊ ချင်းအမျိုးသားနေ့ အခမ်းအနားနဲ့ ချင်းရိုးရာ ပါးမဲမော်ဒယ် ရှိုးလျှောက်ပွဲ မြင်ကွင်း



၆၈ နှစ်မြောက် ရန်ကုန်၊ ချင်းအမျိုးသားနေ့ အခမ်းအနားနဲ့ ချင်းရိုးရာ ပါးမဲမော်ဒယ် ရှိုးလျှောက်ပွဲ မြင်ကွင်း
SK ရှန်လိန်း၊ (မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆


ရန်ကုန်၊ အလုံမြို့နယ်၊ ကရင်ခြံဝင်းရှိ ဖရင့်ခန်းမ၌၂၀၁၆ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပသော ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချင်းရိုးရာ ပါးမဲမော်ဒယ် ရှိုးလျှောက်ပွဲအစီအစဉ် လည်းပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာတွင် ပထမဆုံး အကြိမ်အဖြစ်ပြုလုပ်ခဲ့သော ချင်းရိုးရာ ပါးမဲ Model Show လျှောက်ပွဲကို ချင်းအမျိုးသားနေ့အခမ်းအနားပွဲလာ ပရိသတ်များစွာက အထူးစိတ်ဝင်စားစွာ အားပေးခဲ့ပြီး စာနယ်ဇင်းများ၊ အွန်လိုင်းမီဒီယာများ၊ ရုပ်သံဌာနများကလည်း ကင်မရာများ၊ ဗွီဒီယိုများ ဖြင့် အားရပါးရမှတ်တမ်းတင်ခဲ့ကြသည်။

ချင်းအမျိုးသားနေ့ အခမ်းအနား ပထမပိုင်းတွင် ဖွင့်လှစ်ကြောင်း ကြေငြာပြီးနောက် “ချင်းတို့ဌာနေ” အမည်ရှိ အဖွင့်သီချင်းကို သီဆိုသည်။ ထို့နောက် ချင်းအမျိုးသားခေါင်းဆောင်ကြီးများအား ဂါရဝပြုသောအားဖြင့် ပရိသတ်အားလုံး မတ်တပ်ရပ်ပြီး ၁ မိနစ် ငြိမ်သက်ကြသည်။ ထို့နောက် လက်ရှိသမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာကို ဖတ်ဲကြားသည်။ ထို့နောက် ကျင်းပရေးကော်မတီဥက္ကဌ ဦးထန်းပူက နှုတ်ခွန်းဆက်မိန့်ခွန်း
ပြောကြားသည်။ ထို့နောက် ချင်းဘာသာစကားများဖြင့် နှုတ်ခွန်းဆက်သည်။ ထို့နောက် ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ချင်းအမျိုးသားနေ့ မိန့်ခွန်းကို ပြောကြားသည်။ထို့နောက် ကျင်းပရေးကော်မတီ အတွင်းရေးမှုး ဆလိုင်းဆင်မျူယယ်က အစီရင်ခံစာ တင်ပြခြင်းနှင့် ကျေးဇူးတင်စကား  ပြောကြားသည်။ 

ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူများကို ဖတ်ကြားကြေငြာပေးသည်။တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူး ၃ ဘာသာနှင့် အထက် ရရှိသူများ၊ မဟာတန်းနှင့် မဟာတန်းအောင်မြင်ပြီးသူများ၊ PhD ရရှိသူများ၊ နယ်ပယ်အသီးသီးမှ ထူးချွန်အောင်မြင်သူများ၊ ချင်းနိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းဖြစ်သည်။ သို့သော် အချိန်ကိုငဲ့သဖြင့် စင်မြင့်ပေါ်တွင် တစ်ဦးချင်း ပေးအပ်ခြင်းမပြုပဲ ပြခန်းတာဝန်ခံ ဆလိုင်းနောစော်ထံ ထုတ်ယူစေသော စနစ်ကို ကျင့်သုံးသည်။

ထို့နောက် တိုင်းရင်းသား ညီနောင် အသင်းအဖွဲ့ပါတီများ နှင့် မိတ်ဆက်ပေးသည်။ အခမ်းအနားမှုးများအဖြစ် ဆရာမ Zung Zi Mang , Esther Niang Theih Kim , Mai Mi Mi Aung တို့က ဆောင်ရွက်ကြသည်။ အစီအစဉ် တင်ဆက်သူများအဖြစ် Salai Cung Pi , Mai Van Sui Par တို့က ဆောင်ရွက်ကြသည်။

အခမ်းအနား ဒုတိယပိုင်းတွင် ရိုးရာအကအဖွဲ့၊ ၁၀ ဖွဲ့က အလှည့်ကျ ဖျော်ဖြေသည်။ ထို့နောက် Culture Show အစီအစဉ်ကို ဆောင်ရွက်သည်။ထို့နောက် ချင်းရိုးရာ ပါးမဲမော်ဒယ် ရှိုးလျှောက်ပွဲကို ပြုလုပ်ရာ ၊ချင်းပါးမဲဒီဇိုင်း ၅ မျိုးကို ချင်း လှပျိုဖြူ ၈ ဦးက ပြသသွားသည်။

ထို ၈ ဦးမှာ မကွေးတိုင်း ၊ ငဖဲမြို့နယ်၊ ပဘဲရွာမှ မိုင်နီလာထွန်း၊ မကွေးတိုင်း ၊ငဖဲမြို့နယ်၊ လင်းတဲရွာမှ မိုင်မော်နီတင်၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်၊ တုံးကြီးရွာမှ မိုင်စန်းစန်းအေး၊ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်မှ မိုင်သီတာ ခေါ် မိုင်လိန်းခေါတီး၊ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ မိုင် ကေလီလီထန်း၊ မိုင်နောမိပန်ထွန်း၊ မိုင်အယ်နာ လှုးလှေ့၊ ရန်ကုန်၊ အလုံမှ မိုင်သင်ဇာ ပြည့်ပြည့်လွင်တို့ ဖြစ်သည်။

၃၁-၁-၁၆ နေ့တွင် ချင်းဗုဒ္ဓသာသနပါလကအဖွဲ့၊ ၊ရိုးရာဓလေ့ ထိန်းသိန်းရေးကော်မတီက  ပထမဆုံးအကြိမ် ချင်းရိုးရာပါးမဲထိုးခြင်း သရုပ်ပြပွဲကို ကျင်းပခဲ့သော်လည်း၊ ယခုကျင်းပသော စင်မြင့်ပေါ်တွင် Model Show လျှောက်ပွဲ ကျင်းပခြင်းမှာမူ ပထမဆုံး ဖြစ်ကြောင်း သိရသည်။