ငြိမ်းသစ် - တစ္ဆေကြီး



ငြိမ်းသစ် - တစ္ဆေကြီး
ဩဂုတ် ၃၀၊ ၂၀ဝ၇ (မိုးမခပြန်လည်ဆန်းသစ်ခြင်း၊ ၈။၂။၂၀၁၆)


(၁)

အမှောင်တွေ ခပ်သည်းသည်း ထိမှန်နေတဲ့ မိုးည
တစိမ့်စိမ့် ယိုကျလာတာကလည်း အမှောင်
အဲဒီ … အိစိုဝင်းပနေတဲ့ အမှောင်ထဲ
နည်းတနည်း(နဲတနဲ) ပျို့တက်လာတဲ့ ကြေကွဲမှု ဝိသေသ
ဖွဖွညင်ညင် ခိုးဝင်လာခဲ့ …
ခင်ဗျား လာပါ၊
ကျနော်မအိပ်ဘဲ ထိုင်စောင့်နေတာ
ခင်ဗျာ့ အပြုံးကိုပါပဲ။

(၂)

မီးမောင်းတွေ ထိုးထားတဲ့ကြားက
ကမ္မဇိဒ္ဓိ တန်ခိုးနဲ့
အမိုးစွန်းကို တွဲခို
ရုတ်ဆို ခင်ဗျား ပျောက်သွားပြန်ရော
ကြိုးတိုက်ဘက်ကနေ အုတ်တံတိုင်းကို လွှားခနဲကျော်ချ
ဝါဒါတွေ လန့်အော်ပြီး ထွက်ပြေးကြရဲ့။

(၃)
မနေ့ညကလည်း
ဝါဒါတစ်ယောက် လက်ဖက်ရည်အိတ် ဆွဲလာတာကို
ခင်ဗျား လိုက်လုတယ်။
ပြီးတော့ … လက်ဖက်ရည် သောက်ချင်လို့ တဲ့
ရဲဘော်တွေကို ခင်ဗျား လိုက်ပြောတယ်။
တစ္ဆေကြီးရေ …
ကျနော်တို့လည်း ခင်ဗျားလို ငတ်နေကြတာပါပဲ။

(၄)

ခင်ဗျား တရားမှတ်ဖြစ်ရဲ့လား၊
ကလေးတွေနဲ့ တွေ့ပြီးပြီလား၊
ခင်ဗျားအမေ ထဘီရော လျှော်ပေးခဲ့သေးလား၊
ခင်ဗျားကို အကျဉ်းချထားဆဲလား၊
ခင်ဗျားကိုယ်တိုင်က ရဲဘော်တွေကို ကာကွယ်စောင့်ရှောက်ဖို့
ရဲဘော်တွေနဲ့ လာနေတာလား။

(၅)

နားပါတော့ဗျာ
ခင်ဗျား ပန်းလှပါပြီ။
အကျဉ်းသားအားလုံး လွတ်မြောက်ဖို့ လှုံ့ဆော်ရင်း
ခင်ဗျားကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်လာခဲ့ရ
ထောင်ထဲရောက်တော့လည်း
အဓမ္မ လိင်တူဆက်ဆံခံခဲ့ရတယ်။
အကျဉ်းကျ ကလေးစစ်သားတွေကို ကာကွယ်စောင့်ရှောက်ရင်း
ထောင်အာဏာပိုင်တွေရဲ့ နောက်ပြန်လက်ထိပ်ခတ်
လည်ပင်း နင်းပြီး ရိုက်သတ်တာကို ခံရပြန်ရော။

(၆)

ဒါဟာ မင်းမဲ့စရိုက်
ဒါဟာ ဥပဒေမဲ့ပြုကျင့်မှု၊
အဘူဂါရိတ် အကျဉ်းထောင်က
ရက်စက်ညှဉ်းပန်းသူ ၇ ယောက်ကို ရုံးတင်ခဲ့တယ်။
ခင်ဗျားကို ရိုက်သတ်တဲ့ ၂၃ ယောက်
တစ်ယောက်မှ ရုံးမတင်ခဲ့ဘူး။
ကျနော်တို့အားလုံး ညံ့ခဲ့ကြတယ်။
စာကလေးကို ကျီး ထိုးသုတ်တာ မြင်ပါလျက်
လှန့်မထုတ်နိုင်တဲ့ ဘဝလိုမျိုး ညံ့ခဲ့ကြတယ်။

(၇)

တစ္ဆေကြီးရေ …
ခင်ဗျားဟာ "ရှင်"မထူးခဲ့ဘူး၊
ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့ဘူး။
ခင်ဗျားဟာ …
ရန်သူ့ဘက်ကနေ မိမိဘက်ကို ကူးပြောင်းလာသူ၊
ဟောဒီ နံရံတံတိုင်းတွေပေါ်မှာ
ခင်ဗျားရဲ့ ကြီးမြတ်ခမ်းနားမှုကို
ခင်ဗျားကိုယ်တိုင် ကမ္ပည်းထိုးနိုင်ခဲ့
ကောင်းကင်ပေါ်က ကြယ်ပွင့်တွေဟာ
မြေပြင်မှာ ကျခဲ့ရတဲ့
ခင်ဗျားရဲ့ ရွှန်းလက်တဲ့ သွေးစက်တွေပေါ့။

(၈)

အဲဒါကို ပထမဆုံး တွေ့မြင်သူဟာ
ခင်ဗျားကိုယ်တိုင် မဟုတ်နိုင်တော့ဘူး။

(၉)
တစ္ဆေကြီးရေ …
မကြာခင် ကျနော်တို့ ပြန်ကြတော့မယ်
ခင်ဗျားက နေကျန်ခဲ့မှာလား။ ။

(၂၀ဝ၀ ပြည့်နှစ်အတွင်း မော်လမြိုင်အကျဉ်းထောင်၌ ရေးဖွဲ့ခဲ့သောကဗျာဖြစ်သည်)