ကိုကံညို(ထူးကြီး) - “ထိုသုံးရက်”


ကိုကံညို(ထူးကြီး)  - “ထိုသုံးရက်”
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
ဖေဖော်ဝါရီလထဲမှာ ..မြန်မာပြည်သူပြည်သားတွေအတွက် အလေးထားဂရုပြုစရာ ရက် (၃) ရက်ရှိပါတယ်။ လပြည့်၊ လကွယ်နဲ့ တရုတ်နှစ်ကူး ကိုပြောတာ မဟုတ်ပါဘူး။ အရပ်သူ အရပ်သားတွေ စိတ်ဝင်စားမှု၊ အလေးထားမှု အားအသာဆုံးကတော့ ဒီဘက်နှစ်ပိုင်းရောက်မှ တက်တက်ကြွကြွ ဆော်ဆော်သြသြဖြစ်လာတဲ့ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီလ (၁၃) ရက် ဖြစ်ပါတယ်။

“ဖေဖော်ဝါရီ ဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား”

“တကယ်တော့ အဲဒီရဲ့ရှေ့က ဖေဖော်ဝါရီ(၁၂)ရက်၊ ပြည်ထောင်စုနေ့ကလည်း တစ်ဖြည်းဖြည်း မှိန်ဖျော့ဖျော့ ဖြစ်သွားသလားလို့၊ ဘယ်… အရင်တုန်းကဆို ပြည်ထောင်စုအလံတော်ကို ပြည်နယ်နဲ့ တိုင်း ဆယ့်လေးခုမှာ ညအိပ်ညဥ့်နေ ရပ်နားပြီး ပွဲလမ်းသဘင်ကိုယ်စီနဲ့၊ ခြိမ့်ခြိမ့်သဲမှ အပြိုင်အဆိုင်လုပ်ကြတာ၊ ပြီးမှ ရန်ကုန်မှာ အခမ်းအနား ကြီးကြီးကျယ်ကျယ်နဲ့ ... ”

“ပြောရရင်တော့ အရှည်ကြီး၊ အများကြီးပဲဗျ၊ အဲဒါ ဘယ်ခေတ်ကလဲ အရင်မေးရမယ်”

“ဦးနေဝင်းခေတ်ကလား မသိဘူး”

“ထားပါတော့၊ ဒီဘက်ခေတ် စစ်အစိုးရ အုတ်ချုပ်တဲ့ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခြေရာလက်ရာတွေကို ဖျောက်ဖျက်ပစ်တယ် ဆိုရင် ခင်ဗျား ငြင်းမလား”

“ဘယ်ငြင်းလို့ရမလဲဗျ။ အသေအချာပဲဟာ၊ ခင်ဗျား… လက်ညှိုးထိုးပြလို့ရတယ်၊ ဦးနေဝင်းကိုယ်တိုင်က ပြောသွားတာဗျာ။ ကျွန်တော်က တပ်မတော်ရဲ့ ဖခင်အရင်း မဟုတ်ပါဘူး၊ ဗိုလ်ချုပ်အောင်ဆန်းကသာ ဖခင်အရင်းဖြစ်ပါတယ်။ ကျွန်တော်က မွေးစားဖခင်သာဖြစ်တယ် ဆိုတဲ့အကြောင်း”

“ဒါ ဦးနေဝင်းပြောခဲ့တာလေ၊ နောက်လူတွေက နားထောင်ချင်မှ နားထောင်မှာပေါ့။ ဗိုလ်ချုပ်မှုးကြီးပြောတာမှ မဟုတ်တာ။ ဒါပြီးတော့ ... နောက်… ဗိုလ်ချုပ်ကြီးစောမောင်လား မသိဘူး ပြောခဲ့တယ်လေ၊ ပြောခဲ့တာမဟုတ်ပါဘူး။ ကတိပေးခဲ့တာ၊ ရွေးကောက်ပွဲပြီးလို့ အနိုင်ရတဲ့အစိုးရကို တိုင်းပြည်အပ်ပြီးရင် စစ်တပ်က စစ်တန်းလျှားပြန်မယ် ဆိုတာ”

အရပ်က လူတွေကို မသိဘူးမထင်နဲ့၊ အားလုံးသိတယ်။ မပြောရဲလို့ မပြောကြတာ။ ထားပါတော့၊ မြန်မာပြည်လွတ်လပ်ရေး ရယူပေးခဲ့တဲ့ အဓိက အထောက်အကူပစ္စည်းတစ်ခုက ပင်လုံစာချုပ်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အခုထိ မငြိမ်းမချမ်းဖြစ်နေတဲ့ပြည်တွင်းစစ်ကို ပင်လုံသဘောတူမှုမျိုးနဲ့မှသာ ငြိမ်းချမ်းအောင်မြင်မှာဖြစ်ကြောင်း၊ အရပ်သူအရပ်သားများက တောင်းဆိုလိုက်ရပါတယ်။

နောက်တစ်ရက်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်၊ စစ်အစိုးရလက်ထက် ဆန္ဒပြမှုတွေ သောသောညံဖြစ်လာတော့မှ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်သမျှတွေ ထုတ်ဖော်ရင်း ရှေ့တန်းရောက်လာတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်၊ နေရာဒေသအသီးသီးမှာ အမှတ်တရပွဲတွေကျင်းပကြတယ်။ ပဲပြုတ်နံပြား ကျွေးကြတယ်။ ကဗျာတွေ စာတွေ ရွတ်ဆို ဟောပြောကြတယ်။ တချိန်တုန်းက တားမြစ် ပိတ်ပင်ထာတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်သမျှ ဒီဘက်နှစ်တွေမှာတော့ အုံနဲ့ကျင်းနဲ့ ထိုးဖောက်လာကြပါပြီး အစိုးရဘက်ကလည်း ခွင့်မပြုတာတွေ၊ အရေးယူတားဆီးတာတွေ လုပ်နေတဲ့ကြားက၊ အရပ်သူအရပ်သားတွေ ဗိုလ်ချုပ်အောင်ဆန်းကို ရင်မှာပိုက်ပြီး ရှေ့တိုလာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဆိုတာကိုလည်း ထင်ထင်ရှာရှားဖြစ်အောင် ရေးထိုးလာကြတယ်။ ဒါ…ဖြစ်သင့်တဲ့အရာပါ၊ နိုင်ငံရဲ့ပြိုင်စံရှား ခေါင်းဆောင်။

ဖေဖော်ဝါရီ (၁၄) ကတော့ လူငယ်ထုကြားမှာ အင်မတန် ရေပန်းစားလှပါတယ်။ ချစ်သူများနေ့လို့ ဘာသာပြန်ကြပါတယ်။ ဘာသာပြန်တယ် ဆိုတဲ့ အသုံးအနှုံးအရ နိုင်ငံခြားက တင်သွင်းလာလို့ စွပ်စွဲသူတွေ စွပ်စွဲကြပါတယ်။ တစ်ချက်ပြောစရာရှိတာက နိုင်ငံတကာက တင်သွင်းတယ်ဆိုပေမယ့် နိုင်ငံလုံးဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ အင်္ဂလန်းအတွက် တစ်ခုတည်း သတ်မှတ်ထားတာမဟုတ်ပါဘူး။ တရုတ်အတွက် တစ်ခုတည်း သတ်မှတ်တာမဟုတ်သလို၊ နီပေါနိုင်ငံအတွက်တစ်ခုတည်း သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ဒီတော့ နိုင်ငံတကာမှာရှိတဲ့ ချစ်သူစုံတွဲများအတွက် သတ်မှတ်လိုက်တဲ့ နေ့တစ်နေ့ဖြစ်တယ် ဆိုတဲ့ အကြောင်း ... (မြှောက်ပင့်ပေးခြင်းမဟုတ်ပါ)။

“တည်းခိုခန်းတွေ အပြည့်ပဲ ... တဲ့ဗျာ။ လူငယ်တွေတော့ ရေလိုက်လွဲ ကုန်တော့မှာပဲ”

“ဒါကတော့ ရှေ့တိုးချင်လွန်းတဲ့ စုံတွဲတွေ ရှေ့တိုးသွားကြတာပါ။ များသောအားဖြင့်က ချစ်ခြင်းသင်္ကေတအနေနဲ့ ချောကလက်ပေးကြမယ်၊ နှင်းဆီပန်း ပေးကြမယ်၊ အကျီဆင်တူဝတ်ကြမယ်၊ နှစ်ဦးသား လျှောက်လည်ကြမယ်၊ အဲဒီမှာ ချစ်သူ ဘာသာ ဘာဝ ဆိုတာတွေတော့ ရှိတာပေါ့ဗျာ။ ဒါကတော့ ကာယကံရှင်နှစ်ဦးနှစ်ယောက်နဲ့ပဲ ဆိုင်တယ်။ စဉ်းစဉ်းစားစား တွေးတွေးချင့်ချင့်နဲ့ ထိန်းသိမ်းကြတဲ့စုံတွဲတွေလည်း အများကြီးရှိပါတယ်”

“ဒါပေမယ့်..မိုးမမြင် လေမမြင် ဖြစ်ကြတာဗျာ”

“လူငယ်တွေဆိုတော့လည်း လွတ်လပ်ပွင့်လင်းမှုကို ပိုပြီး ခုံမင်တတ်ကြတာပေါ့၊ အားလုံး မဟုတ်ပါဘူး။ ဒါကို ဝါးလုံးချေးသုတ်ရမ်းတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ လူငယ်တွေကို လေထိုးပေးတာမဟုတ်ဘူးနော်၊ ဒီမှာ၊ ခင်ဗျားကို ကျွန်တော် တစ်ခုပြောပြမယ်။ လူငယ်စုံတွဲတစ်တွဲကို ကျွန်တော်မေးကြည့်တယ်၊ ” မင်းတို့ ပြောပြောနေတဲ့ ဗယ်လင်တိုင်းနေ့ဆိုတာ ဘယ်နေ့လဲကွ” ဆိုတော့ - ”ဗိုလ်ချုပ်မွေးနေ့ပြီး နောက်တစ်နေ့၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့..” ဆိုတော့ ကျွန်တော်တို့ ဘယ်လိုပြောကြမလဲ”

အရပ်ထဲမှာတော့ မျိုးစုံပြောကြတာပါပဲ၊ ငြိမ်းချမ်းရေး အပြည့်အစုံမရသေးလို့သာ ပြည်ထောင်စုနေ့ကို နံမည်လောက်သာ ရေးထိုးလိုက်ကြောင်း၊ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ(၁၃)ရက်ကိုတော့ ကုန်ဆုံးတော့မယ့် အစိုးရသက်တမ်းကို မျက်စောင်းခဲပြီး နိုင်ငံနဲ့ အဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပကြကြောင်း၊ ချစ်သူများနေ့ဆိုတာကတော့ ထိုးနှက်တိုက်ခိုက်မှုတွေကြားမှာ စုံတွဲပေါင်းများစွာ အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ကြကြောင်း၊ သေချာတာကတော့ ဖေဖော်ဝါရီလအတွင်း ဆက်တိုက်ဖြစ်တဲ့ ထိုသုံးရက် ကတော့…..။