ခက်ဦး - သမိုင်းစက်လက် သွေးနေ့ရက်များ


ခက်ဦး - သမိုင်းစက်လက် သွေးနေ့ရက်များ
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၆

တဖျပ်ဖျပ်ခတ်ချ
မျက်မွှေးမျက်တောင်တွေထဲ
ညည်းတွားသံ ကျုံးဝါးသံ ကျိန်စာတိုက်သံ
ရိုက်နှက်သံ ထုကြိတ်သံ နင်းချေသံများ
ကျစ်ကျစ်ပါအောင် ဆုပ်စုသွား လက်သီးများ
တဆတ်ဆတ်တုန်ခါ တလျော့လျော့ ပြန်ပြေသွား
အောက်နှုတ်ခမ်းသားများတဝန်းတဝိုက်
သွားနဲ့ကြိတ်လှီးရာတချို့ သွေးတစို့စို့ အထင်းသား
တဝင်းဝင်းတောက်အကြည့်များနဲ့ မီးတင်ရှို့နေကြပုံ
တဝင်းဝင်းတောက်အကြည့်များကို မီးနဲ့ပြန် ရှို့လိုက်ကြပုံ
အံတင်းမာန်ခဲ ကိုယ့်ကိုယ်ကို တရွတ်ဆွဲ
သွားနေကြပုံများ
တကျော့ပြန် အခေါ်ခံလိုက်ရ
ဝိဥာဉ်လျော့ရဲ တရွတ်ဆွဲ ဖရိုဖရဲ ခန္ဓာကိုယ်များ
အလင်းအုံ့ အမှောင်ဆို့ ဥတုပျက်ထဲမှာ
သွေးညှို့တွေနဲ့ညှီ ဖုန်တွေထဲညစ်နေတာတောင်
အားလုံးသော အားလုံးကို မိမိရရ.. ...။

မီးထပွင့်မတတ် လျှပ်စီးတွေနဲ့
တကိုယ်လုံး ထုံ ကျဉ် ခုန် မြောက်
ပွင့်မတတ် ပေါက်မတတ် ဖြတ်အစီး ခံနေရခိုက်
ခိုးခိုးခိခိ ကြည့်ကြည့်ပြီး ခါးထောက်ရယ်ကြ
မီးရှိန်နဲ့ရဲတဲ့ဓား ခြေအသားထဲဖိအကပ်
မီးနဲ့သင်းတဲ့သံညှောင့် ဖနောင့်ထဲရိုက်အသွင်း
မချိမဆန့် ဖျပ်ဖျပ်လူး စူးစူးဝါးဝါး ထအအော်ကို
အရက်ခါးလေးမြုံ့ စီးကရက်လေးဖွာ တစိမ့်စိမ့်
ပြုံးပြုံးလေး ကြည့်နေ ရယ်နေနိုင်ကြ
တကျော့ပြန် ကင်ပေတိုင်တွေလို
နာဇီလက်သစ်တွေလို ပါးကွက်အာဏာသားတွေလို
အစီအစဉ်တကျ သပ်သပ်ရပ်ရပ်
လက်ယဉ်ယဉ် ကျူးလွန်တတ်ခဲ့ပုံများ
အသက်ဓာတ်ပေါ် လုံခြုံမှု မဖုံးဖိနိုင်ချိန်
မလုံမခြုံအမူအရာတွေ မလုံခြုံစွာနဲ့ပဲ
အနံ့ပြင်းပြင်း အဆင်းမွဲမွဲ
ဆင်းဆင်းရဲရဲ အလင်းထဲမှာ.......။

ငြိမ့်ဆင်းမသွား ညွှတ်ကျမသွား အကြိမ်ကြိမ် ခါရမ်းရင်း
ဝင့်ဝင့်စားစား အနာဂတ်ထဲထိ အကြည့်တည့်ချိန်
အကြည့်တန်စွာ မရှုဝံ့ မမြင်ရက်အောင်
ပြတ်ထွက် ပြိုကျ လိမ့်ဆင်းသွား
အသင့်တူးထား ကျင်းများထဲ ဦးခေါင်းတွေ
ဗြန်းကနဲ ဖွမ်းကနဲ သွေးတစ်အခဲသား ပွင့်ထွက်သွား
ပိုးစိုးပက်စက် ပိုးလိုးပက်လက်
ကလီစာအထွေးသားနဲ့ ရင်ပတ်တွေ
သိက္ခာနဲ့ဣနြေ္ဒ ပျက်သုဉ်းရခြင်းတွေ
အဆစ်ပိတ်ဝါးနဲ့
တဖွားဖွား လွင့်စင် ပဲ့ထွက် ဖွာလန်ကြဲအောင်
တက်အကြိတ်ခံ အလှိမ့်ခံ ငါးဖယ်တေအတေခံထားရ
မွကြေ ဖူးယောင် အညိုအမဲစွဲ ခန္တာတွေ
ညည်းညည်းညူညူ ပြတ်တောက်လွင့်စင်သွား
သွေးအလူးလူးထဲ ခြေလက်အပြတ်တွေ
တောရိုင်းဓာတ်သင့်ဝန်းကျင်ဆိုးထဲ
လူသတ်ဥပဒေသာအာဏာတည်မှန်း
သူရဲကောင်းဂုဏ်မြောက် ဇာတ်သိမ်းခန်းနဲ့
စတေးပြသွားကြရပုံ ပြကွက်အဆင့်ဆင့်
ပါဂျောင်စခန်းမှာ....မြောက်ပိုင်းမှာ.. ..အာသံကုန်းမှာ.. ....။

ရုတ်တရက် သိလိုက်တယ်
ရိုင်းတယ်
သေသေချာချာ ပြန်တွေးမိ
သိပ်ရိုင်းတယ်
စေ့စေ့စပ်စပ် ပြန်သုံးသပ်တော့
ရိုင်းလိုက် ကြတာကွာ.......
လှိုက်စားမှု အမြန်ဆုံး ဆူးရိုင်းသံသယ
ထိုးဖောက်အား အမြင့်ဆုံး အစွယ်ချွန်အတ္တ
အညှိုးနဲ့ အာဃာတ ထပ်တိုးသုတ်လိမ်းခံရတဲ့အခါ.....
လူ့အခွင့်အရေး ဟစ်ကြွေးသူတွေက
လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေကို
ဒီမိုကရေစီရေး ဟစ်ကြွေးသူတွေက
ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေကို
အာဏာရှင်စနစ် ဖြိုချမယ်ဆိုသူတွေက
အာဏာရှင်စနစ် မုန်းတီးသူတွေကို....
လွတ်မြောက်ရေးတေးသံတွေညံသွား
လက်နက်တဝင့်ဝင့် ကျောင်းသားတွေချီသွား
အမြောက်ဆံ တဝုန်းဝုန်းကျကွဲသံ
မောင်းပြန်သံ တဖောက်ဖောက် တဂျိမ်းဂျိမ်းထဲ
ညှင်းဆဲသံ ခုတ်ထစ်သံတွေ ငါ့နားထဲဆောင့်အတိုး
ငါ့အိပ်မက်နဲ့ငါ မနိုးတဲ့ညမှာပေါ့
လက်ရုံးတဆန်ဆန့် ကြုံးဝါးကြွေးကြော်ဖို့
ငါအသင့်ပြင်လိုက်တော့.......
အာသံကုန်း မြေပုံမို့မို့တွေထဲက
အရိုးစုလက်တံရှည်ကြီးတွေ မဟားတရား ငါ့ဆောင့်ဆွဲ
ခြောက်ကပ် အသံမွဲကြီးတွေနဲ့ ဟစ်အော်လှဲချလိုက်တယ်
"တွင်ကျယ်လိုစိတ် သူငယ်နာ
ကိုယ်မှာစင်အောင် ကု နှိမ်ပြီးမှ
မင်း ဒီနေရာက ဖြတ်ပါ" တဲ့လေ...........။

ခက်ဦး
၁၁ . ၅ . ၂၀၁၅

ဝန်ခံခြင်း ။ ပန်းချီ ထိန်လင်း၏ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်းစာအုပ်ကို ဖတ်ရှုပြီး ခံစားရသမျ ရေးဖွဲ့ထားခြင်း မျှသာဖြစ်ပါသည် ။