သွန်းခ - အနုပညာဆည်းဆာရိပ်အတွက်ရန်ပုံငွေပွဲပြုလုပ်မည်

 သွန်းခ - အနုပညာဆည်းဆာရိပ်အတွက်ရန်ပုံငွေပွဲပြုလုပ်မည်
(မိုးမခ) ဖေဖေါ်ဝါရီ ၁၅၊ ၂ဝ၁၆
 
အနုပညာဆုံဆည်းရာ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေပွဲတော် ကျင်းပပြုလုပ်မည့်အကြောင်း စာနယ် ဇင်းအသိပေး မိတ်ဆက်ပွဲအား ၁၂၊ ၂၊၂ဝ၁၆ နံနက် ၁ဝ နာရီ တွင် ရန်ကုန်မြို့အောကစ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ သည်။
      
အခမ်းအနားတွင် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ နယ်ပယ် အသီးသီး မှ ပညာရှင်များ၊ အနုပညာညီအစ်ကို၊မောင်နှမများ၊ သတင်းမီဒီယာများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
      
ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရွှေနံ့သာစံပြကျေးရွာရှိ ဆရာတော်အရှင်ခေမာသီရိ၏မြေအလှူနေရာတွင် အနုပညာ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာအတွက် ရုံးခန်း၊ ၄ထပ်အဆောက်အဦး နှင့် အိမ်တစ်ဆောင်ဆောက်လုပ်ပြီးစီးနေကြောင်း အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာ တည်ဆောက်ရေး ဆောင်ရွက်နေသူသုခရိပ်မြုံ ဥက္ကဌဒေါ်သန်းမြင့်အောင် မှပြော ကြားသည်။
       
အိမ်တစ်လုံးလျှင် အနုပညာရှင်ဘိုးဘွား ၄ဦးမှ ၆ဦးအထိ နေထိုင်နိုင်ပါကြောင်း၊ အိမ် ၁၂ လုံးမှ ၁၈ လုံးအထိဆောက်လုပ်သွား ရန်လျာထားကြောင်းသတင်းရရှိသည်။


အနုပညာရှင် ဘိုးဘွားများ တစ်နေရာတည်း၌ တစ်စုတစ်ဝေးတည်းနေထိုင်နိုင်ကြပြီး မိမိတို့ ဝါသနာပါရာအနုပညာများဆက်လက်ဖန်တီးနိုင်ပါကဖန်တီးစေလိုသည့် ရည်ရွယ်ချက်ထားရှိကြောင်း၊ သက်ရှိအနုပညာပြတိုက် အဖြစ်အသက်သွင်း၊ အကောင်အထည်ဖော်လိုခြင်းဖြစ်ကြောင်း ဆရာမဒေါ်သန်းမြင့်အောင် မှပြောကြားသည်။
         
ဘိုးဘွားများ၏ စား၊ဝတ်၊နေရေး၊ လျှော်ရေးဖွတ်ရေးမှအစ လုံခြုံရေးအစီအမံများပါ ထည့်သွင်းထားမည်ဖြစ်၍ဝန်ဆောင်မှုပေးရန်ဝန်ထမ်းများ၊ အဆောင်များအတွင်းထားရှိရမည့် ပရိဘောဂ ပစ္စည်းများ အတွက် ရန်ပုံငွေပွဲ ပြုလုပ်ရန်စီစဉ်ရခြင်းဖြစ်ပါ ကြောင်းလည်း သတင်းရရှိသည်။

ရန်ပုံငွေပွဲတော်အား မတ်လ ၂၅၊၂၆ နေ့များတွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး အနုပညာ မောင်နှမ များမှ လူအား၊ လုပ်အား၊ အကြံဉာဏ်၊ အနုပညာအားများဖြင့် ပါဝင်ကြစေလိုကြောင်း၊ ပြည်သူများမှလည်း အနု ပညာရှင်ကြီးများအတွက် ထည့်ဝင်လှူဒါန်းကြစေလိုပါကြောင်း ဆရာမဒေါ်သန်းမြင့်အောင်မှထည့်သွင်းပြောကြားသွားခဲ့ သည်။