စပယ် - ၀တ်မှုန်မကူးလိုက်ရသော ဒေါင်းတမန်များသို့


စပယ် - ၀တ်မှုန်မကူးလိုက်ရသော ဒေါင်းတမန်များသို့
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆

မွန်းအောင်ရဲ့ ၀တ်မှုန်ကူးတဲ့ည ဗွီဒီယိုခွေ ထွက်လာတော့ ၀မ်းသာအားရပဲ ၀ယ်ခဲ့ပြီး ပြန်နားထောင်ရင်း ကိုယ်တိုင်သွားကြည့် ခဲ့တဲ့ လွန်ခဲ့သောတစ်နှစ်က အဲဒီညကို ပြန်လွမ်းမိပါတယ်။

လွမ်းတာလေးတွေ စာစီကြည့်မိတယ်လေ ....

"၈/၈၂ အင်းလျား" မဟုတ်ခဲ့ပေမယ့်၊ ၁၉၈၄ ရဲ့ အင်းလျားဆောင်မှာခိုနားခဲ့စဉ် အဆောင်မျက်နှာစာတန်း၊ အခန်း ၈ က သူငယ်ချင်း သီတာသိန်းလွင်ဆီမှာစုပြီး ညမင်းသားတွေရဲ့ သီချင်းတွေ လာနားထောင်ရင်း မွန်းအောင်ဆိုတဲ့အမည်ကို ကြား ဖူးသလိုရှိခဲ့သည်။

စိဉ္စမာနဥာဏ်ဆိုတဲ့ အခွေလေးထွက်တော့ အကိုတစ်ယောက်က၀ယ်လာပြီး အိမ်မှာနားထောင်ကြတော့မှ သီချင်းလေးတွေ ကို သဘောကျမိပြီး သေသေချာချာ သိတော့သည်။ ဂုဏ်ထူးတန်းတက်နေချိန် ကြည့်မြင့်တိုင်က ‘စကလုတောင်’ ဆိုတဲ့ ကချင်သူငယ်ချင်းနဲ့ စကားစပ်မိတော့ မွန်းအောင်ဆိုတာ ကချင်အမျိုးသားတစ်ယောက်မှန်းသိခဲ့သည်။ ‘လုတောင်’ က ပြော သေးသည်။ “တို့နဲ့ ဘုရားကျောင်းတူတယ်၊ မိတ်ဆက်ပေးရမလား” တဲ့။ ကျမက ရီရင်း “ မိတ်တော့မဆက်ပါရစေနဲ့၊ သူ့သီ ချင်းတွေကို အားပေးတဲ့ ပရိသတ်တွေရှိတယ်ဆိုတာပဲပြောပြပေး” လို့ မှတ်မှတ်ရရပြောမိခဲ့ပါတယ်။

"ဘီလူးစည်း၊လူ့စည်း" မရှိခဲ့တဲ့ ၈၈ အရေးအခင်းတွေဖြစ်တော့ ကျောင်းတွေပိတ်၊ နယ်ကိုပြန်။ အဲဒီအချိန်မှာ အဆိုတော်မွန်း အောင်လည်း တောခိုသွားတယ်တဲ့ဆိုတဲ့သတင်းကြားတော့ ဂုဏ်ယူမိသလိုလို၊ စိတ်မကောင်းသလိုလိုနှင့် မွန်းအောင် သီချင်းအသစ်တွေတော့ နားထောင်ရတော့မှာမဟုတ်လို့ တွေးမိခဲ့သည်။

ရည်းစားထားမိတဲ့အချိန်မှာ မောင်တစ်ရွာ၊မယ်တစ်မြို့ ဖြစ်နေတော့ ကျမချစ်သူက ကျမကို သူ့စိတ်ကြိုက် ရွေးထားသော လက်ရွေးစင်သီချင်းခွေလေးတစ်ခွေ လက်ဆောင်ပေးသည်။ ညတိုင်းဖွင့်မိတဲ့ အဲဒီသီချင်းခွေလေးမှာ မွန်းအောင်ရဲ့ သီချင်း က တစ်ဝက်လောက်ပါပြီး၊ ခိုင်ထူး၊ ခင်မောင်တိုးတို့ သီချင်းတွေလဲပါသည်။

ကျမတို့နှစ်ယောက် အကြိုက်တူသားပဲ၊ သူလဲသီချင်းတွေခံစားတတ်သားပဲလို့ တွေးပြီး ၀မ်းသာသွားမိသေး၏ (ရည်းစားစာ ကို ၂ ကြောင်းထဲရေးပေးတဲ့ သူ့ကို အနုပညာမခံစားတတ်လောက်ဖူးလို့ ကျမက ယူဆထားမိလို့ပါ)။ ဒီလိုနှင့် "ဘ၀ဆက် တိုင်းအတူ" ဆိုတဲ့ ဆုတွေတောင်းခဲ့ဖူးသည်။

သူနှင့်ကျမတို့ရဲ့ သမီးဦးလေးကို နှင်းစက်လို့ အမည်ပေးရင်း "နှင်းစက်နဲ့လမ်း" ကို လျှောက်လှမ်းခဲ့သည်။ သမီးကို ချော့သိပ် တိုင်း ကျမ အဲဒီသီချင်းလေးကို ဆိုမိသည်။

"အမှောင်လွှမ်းတဲ့ကမ္ဘာ"- မြန်မာပြည်မှာ ကြုံနေရတဲ့တစ်လျှောက် မွန်းအောင် သေသွားပြီဆိုတဲ့ သတင်းထွက်လာတော့ ကျမတို့ညီအမတွေ စိတ်မကောင်းဖြစ်ပြီး အဲဒီည မွန်းအောင်သီချင်းခွေ အဟောင်းလေး ဖွင့်နားထောင်ကြသေးသည်။

နောင်နှစ်အတော်ကြာမှာ "သွေးမုန်တိုင်း" သီချင်းလေးကို ဂစ်တာသံလေးနဲ့ချည်း သတင်းဌာနတစ်ခုက ထုတ်လွှင့်တာကို နားထောင်လိုက်ရတော့ ကွဲကွာနေတဲ့ ဆွေမျိုးတစ်ယောက်ကို ပြန်တွေ့လိုက်ရသလို ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။

အဲဒီလိုသံယောဇဉ်တွေကြီးခဲ့ရတဲ့ အဆိုတော် မွန်းအောင် ၂၀၁၅ နှစ်ဦးမှာ မြန်မာပြည်ပြန်လာပြီး ဖျော်ဖြေမည်ကြားတော့ ကြည့်ဖြစ်အောင်ကြည့်မယ်ဆိုပြီးဆုံးဖြတ်လိုက်သည်။ Stageshow ကြည့်ဖို့ သမီးတွေကို အဖေါ်စပ်တော့ ခေါင်းခါကြသည်။ ပွဲကြည့်လေ့ကြည့်ထ မရှိတဲ့ အမေကို သမီးများက အံ့သြစွာ ကြည့်သည်။

မွန်းအောင်ဆိုတဲ့အဆိုတော် သူတို့မကြားဖူး။ အော် အချိန်တွေက "ကုန်လွယ်လွန်းလိုက်တာလေ"။

တိုက်ပွဲဝင်ကျောင်းသားဟောင်းကြီးရဲ့ ပြည်တော်ပြန်ချိန်မှာပဲ မြန်မာပြည်တွင်းက ကျောင်းသားတွေ ပညာရေး ဥပဒေပြင် ဆင်ရေးဆွဲဖို့ သပိတ်မှောက်နေချိန်ဖြစ်သည်။ ကျမတို့တိုင်းပြည်ရဲ့ တိုက်ပွဲခေါ်သံတွေက အချိန်တွေ ရှည်လျားလှပါလား။

မွန်းအောင်ရဲ့ “၀တ်မှုံကူးတဲ့ည” တေးဂီတပွဲကြည့်ဖို့ ညီမတစ်ဦးကို အဖေါ်စပ်တော့လည်း ကျောင်းသားတွေကိုအားနာလို့ ၀တ်မှုံမကူးတော့ဘူးတဲ့။ (အမှန်ဆို ကျမထက်တောင်သူက မွန်းအောင်သီချင်းတွေ ကြိုက်တာ၊ သူ့နံမည်မှာ ယု ပါတော့ မွန်း အောင်ရဲ့ “ယု” သီချင်းက နင့်ကိုဆိုတာဖြစ်မယ်ပြောရင် သဘောကျတတ်တဲ့သူလေ)

သူတို့မလိုက်လဲ ကိစ္စမရှိ။ အနုပညာဝါသနာကြီးသော (သီချင်းမဆိုတတ်သည့်) ချစ်သောသူငယ်ချင်းများကို အဖေါ်လှမ်းစပ် တော့ သူငယ်ချင်း ဇနီးမောင်နှံက သူတို့ လက်မှတ်လဲဝယ်ထားမည်။ အဲဒီည အိမ်ကို ကားနှင့်လည်း လာခေါ်မည်တဲ့။ ကဲ သဇင်ကြွေတဲ့ဆောင်းအကုန်မှာ အဆင်ပြေသွားပြီပေါ့။ ၂၀၁၅ မတ်လ ၁၀ ရက်နေ့ည။ အဆိုတော် ကိုမွန်းအောင် ၀တ်မှုန် ကူးမဲ့ည။

ဒါပေမဲ့ ....

ထိုရက်ပိုင်းတွေအတောအတွင်း မန္တလေးမှ စတင်လမ်းလျှောက်ခဲ့သော ကျောင်းသားအုပ်စု လက်ပံတန်းမှာ ရပ်နားနေ ခဲ့ချိန်ဖြစ်သည်။ ကျောင်းသားသပိတ်အခြေအနေတွေကလဲ တင်းမာနေခဲ့ကြသည်။ ကျောင်းသားတွေ သူတို့ခေတ်ရဲ့တာဝန်ကို သူတို့ကျေပွန်စွာထမ်းနေကြသည်ကိုရင်ထဲမှာ အသိအမှတ်ပြုမိသည်။ ကျောင်းသား သပိတ်ပေါ်မှာ အမြင်အမျိုးမျိုးရှိကြပေမဲ့ ဒါ ဒီမိုကရေစီပဲလေ။ ကိုယ်လျှောက်တဲ့လမ်း မှန်အောင်လျှောက်ရင် ပြည်သူကတော့ဝန်းရံမှာအမှန်။

အစိုးရဘက်ကတော့စေတနာမမှန်တဲ့လုပ်ရပ်တွေသာ မှန်မှန်ကြီးလုပ်နေတော့သည်။ မြို့တော်ခန်းမရှေ့ မိန်းကလေး၊ ယောက်ျားလေး အားလုံးကို တာဝန် လက်ပတ် ပတ်ထားသူ လူရမ်းကားတွေက တုတ်တွေနဲ့ အတင်းကာရော ရိုက်ကြသည်။ ပြည်သူတွေ စိတ်မကောင်းဖြစ်ကြသည်။ လက်ပံတန်း ကျောင်းသားသပိတ်ကို ချောင်ပိတ်ထားသည်။

၁၀ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်ကို ကျောင်းသားတွေက ဘာပဲဖြစ်ဖြစ် ဖေါက်ထွက်မည်ဟု ကြေညာလိုက်သည်။ ၁၁ ရက်နေ့မှာ တစ်ပြည်လုံးအလေးထားတဲ့ ၁၀ တန်းစာမေးပွဲကြီးကစတော့မှာဖြစ်သည်။

၁၀ ရက်နေ့ မနက် ထွက်လာတဲ့သတင်းတွေက စိတ်ချမ်းသာစရာပင်။ ရန်ကုန်ကို သွားခွင့်ပြုဘို့ ညှိနှိုင်းလို့ ရပြီတဲ့။

နေ့လည်ပိုင်းမှာတော့ ချက်ချင်းဆိုသလို အခြေအနေတွေအားလုံးပြောင်းကုန်တော့သည်။ Facebook ပေါ်မှာ သတင်းတွေ တက်လာသည်။ ရဲတွေက ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲနေပြီကော။ ပုံတွေက မကြည့်ရက်စရာ။ ကျောင်းသားလေး တစ်ဦးခင်မျာ ပုဆိုးကျွတ်တဲ့အထိ လိုက်ရိုက်တာခံနေရသည်။ ဒီလိုရမ်းကားတာတော့ လွန်လွန်းသည်။ ဒီအစိုးရ ဒီပုံစံပဲလုပ် တတ်ပါလား။

သတင်းတွေဖတ်ပြီး စိတ်ထဲ မတည်မငြိမ်ဖြစ်နေတုန်း သမီးလတ်က ဖုန်းဆက်သည်။ သူလှည်းတန်းကိုသွားမယ်တဲ့၊ ဘာ ၀ယ်မလို့တုန်းလို့ မေးတော့ ဈေးဝယ်ဘို့မဟုတ်ပါ၊ မခံမရပ်နိုင်တာကို အင်အားပြဘို့တဲ့ ။ မေမေ့ကို အသိပေးတာပါတဲ့။ သတိထားပါလို့ပဲ ပြောနိုင်တော့သည်။

ကိုယ်ဖာသာစဉ်းစားရင်း ညနေ show ပွဲသွားဘို့ စိတ်မလုံ ဖြစ်မိသည်။ ကိုယ့်သမီးတောင် တာဝန်သိသိနဲ့ အင်အားပြမယ် ဆိုပါလား။ သူငယ်ချင်းဆီဖုန်းလှမ်းဆက်မိသည်။ “ငါ ညနေ show ပွဲ မလိုက်တော့ဘူးဟယ်၊”

“ဘယ်လိုဖြစ်တာလဲ၊ နင် စထားတဲ့ကိစ္စလေ၊ မာမာက နင်သွားမယ်ဆိုလို့လိုက်တာ၊ ၁၀ တန်းတပည့်တွေကိုပစ်ပြီးတော့” သူငယ်ချင်းက စိတ်တိုတောင်းစွာ အော်ပြောသည်။ ကျမစိတ်မကောင်း။ “ မရဖူး၊ ည ငါလာခေါ်မယ်” ၊ ကျမစိတ်တွေ ဝေခွဲ မရ။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ ကျောင်းသားတွေရဲ့ သံပြိုင်သီချင်းဆိုသံတွေကို ကျမဆီ ဆက်လာသော သမီး၏ ဖုန်းသံထဲမှ ကြား လိုက်ရချိန်မှာတော့ ကျောင်းမှခွင့်ယူပြီး လှည်းတန်းဘက် ထွက်ခဲ့မိတော့သည်။

စိုက်ပျိုးရေးမှတ်တိုင်ရှေ့မှာ ခွပ်ဒေါင်းအလံတွေ တလူလူလွင့်နေတာမြင်ရတော့ ကျမကားပေါ်ကဆင်းတော့ အငှားကား ဆရာက “ သတိထား အမရေ၊ ကျနော်တောင် လိုက်ချင်တာ၊ အုံနာ ကားထိမှာစိုးလို့” တဲ့။ ကျမလဲ ၀န်းရံသူတွေထဲ တိုးဝင် လိုက်မိသည်။ ကျောင်းသား ၁၀ ဦးလောက် အလံတွေကိုင်ပြီး ကျောင်းသားသီချင်းတွေဆိုသည်။ အကြမ်းဖက်မှုကိုဆန့်ကျင် ကြောင်းပြောသည်။ ရဲတွေက ဒိုင်းတွေကာပြီး ရှေ့မှာရပ်နေကြသည်။ ---

ခနအကြာမှာတော့ ရဲတွေနှင့်ကျောင်းသားတွေ ညှိနှိုင်းစကားပြောဆိုတာ မြင်ရပြီးနောက် အဖမ်းအဆီး၊ အကြမ်းဖက်မှုမရှိပဲ --ကျောင်းသားတွေ လူစုခွဲလိုက်ကြသည်။

နံဘေးက ၀န်းရံသူတွေလည်း စိတ်ပူပန်မှု လျှော့သွားကာ တဖြည်းဖြည်းလူစုခွဲလိုက်ကြသည်။ ကျမလည်း ဆက်လျှောက်ရင်း လှည်းတန်းဘက်ရောက်လုလုမှာ လူတစ်ယောက်ကို သတင်းပေးဆိုပြီး ၀ိုင်းအော်ကြတော့ အပြေးအလွှား လူယောင်ဖျောက် နေရသော လွယ်အိတ်လွယ်ထားသည့် ခပ်၀၀လူတစ်ယောက်ကို မြင်လိုက်ရသည်။ တခုခုဆို ဆွမ်းကြီးလောင်းတတ်ကြသည့် ကျမတို့ မြန်မာလူအုပ်ကို စိတ်မသက်မသာ ကြည့်မိနေတုန်း ကျမလက်ကို တစ်ယောက်က လှမ်းကိုင်လိုက်ချိန်မှာ လန့်ပြီး ရုန်းလိုက်မိသည်။ နောက်မှ သေချာကြည့်တော့ သမီးလတ်ဖြစ်နေသည်။ အိမ်အပြန်လမ်းမှာတော့ အတွေးကိုယ်စီနှင့်။

ကျမစိတ်ထဲမှာ သီချင်းစာသားလေးတစ်ခုကိုကြားယောင်နေမိသည်။ “ အရိုင်း အညစ် လေကြမ်း တိုးဖြတ်သန်းမည် --- တော်လှန်ပန်းနီနီ အစဉ်သယ်ချီ----“

အိမ်ပြန်ရောက်ပြီး ညနေ ၆ နာရီလောက်မှာတော့ သူငယ်ချင်းဇနီးမောင်နှံ ကားလေးနှင့်လာခေါ်သည်။
++++

ဝတ်မှုန်ကူးတဲ့ညဆိုသော ပိုစတာကြီးကို အမျိုးသားကဇတ်ရုံရှေ့ တွေ့လိုက်ရချိန်မှာတော့ တနေ့တာလုံး ဖြစ်ပေါ်နေသော ဇဝေဇ၀ါ စိတ်မသက်သာမှုတွေ ပျောက်ကာ ရင်ကိုလှုပ်ခတ်သွားစေတဲ့ "ရင်ခတ်အလွမ်း" တွေ ပေါ်လာသည်။ စိတ်ထဲမှာ အနှစ် အစိတ်လောက်ပြန်ငယ်သွားသလို ခံစားလိုက်ရသည်။

ခန်းမထဲ ရောက်တော့ ပရိသတ်တွေက အရွယ်တွေမတိမ်းမယိမ်း၊ ၄၀ အထက်တွေများမည်ထင်ပါရဲ့။
ကိုမွန်းအောင်ခင်မျာလဲ တော်လှန်ရေးနှင့် တော်တော်အကျိုးပေးပုံပေါ်သည်။ သူ့ပွဲနှင့် ကျောင်းသားအရေး တစ်နေ့ထဲ တိုက် ဆိုင်သွားတော့ စိတ်ကောင်းမှာမဟုတ်။

"တစ်စိတ်တည်းလား" သီချင်းနဲ့ စဖွင့်လိုက်တဲ့ကိုမွန်းအောင်က ပရိသတ်အပေါ် ဘယ်တုန်းကမှ သစ္စာမဖေါက်ခဲ့ပါဘူးလို့ ပြောလိုက်ချိန်ကစလို့ ပရိသတ်နှင့် ကိုမွန်းအောင် တစ်စိတ်တည်းထား တစ်သားတည်းဖြစ်လို့သွားတာကို ပွဲပြီးချိန်ထိ ခံစား ရသည်။

သီချင်းတစ်ပုဒ် ကြေညာလိုက်တိုင်း ပရိသတ်က လက်ခုပ်သံ တဖြောင်းဖြောင်း။ အမျိုးသားအဆိုတော် တစ်ယောက်ကို အမျိုးသားတွေ အများဆုံးပန်းစည်းတက်ပေးတာ ဒီပွဲပဲဖြစ်မည်ထင်သည်။ သူတို့ရင်ထဲက ချစ်ခြင်းမေတ္တာနှင့် လေးစားမှုတွေ ကို ပန်းစည်းတွေနှင့် ကိုယ်စားပြုကြသည်။ တီးဝိုင်းရဲ့ အကောင်းဆုံးအားထုတ်မှုတွေကလဲ ပရိသတ်ကို မေတ္တာတွေ အပြည့် ပေးနေသလို ခံစားရသည်။

ပရိသတ်အများစုက စိတ်ခံစားမှုအပြည့်နှင့်လိုက်ဆိုကြသည်။ ကျမလည်း ရသမျှတစ်ပိုင်းတစ်စ လိုက်ဆိုရင်း လွမ်းမောဘွယ်၊ စိတ်လှုပ်ရှားဘွယ်ခံစားမှုတွေနှင့် လွင့်မျောမိခဲ့ပါတယ်။ ဒီလိုခံစားခဲ့ရတဲ့အတွက် ကျေးဇူးပါ ကျော်နိုင်ထွန်းနဲ့ အနိုင်။

"၀တ်မှုံ" သီချင်းကိုဆိုပြီးချိန်မှာ ပန်းကလေးတွေလို အမျိုးသမီးငယ်လေးတွေကို အကြမ်းမဖက်ပါနဲ့လို့ တေးသံရှင်က တောင်းဆိုသွားပါသေးတယ်။ ထူးအိမ်သင်နဲ့ မွန်းအောင်တို့ တောတွင်းတစ်နေရာမှာ သီချင်းစပ်ဆိုခဲ့ကြတယ်လို့ ပြောပြချိန် မှာ ကျမတို့တိုင်းပြည်ရဲ့ အခြေအနေအရ အနုပညာပန်းတွေ လန်းလန်းဝေေ၀ မဖြစ်နိုင်ခဲ့ကြတဲ့ အမှောင်ကမ္ဘာ ကြီးစိုးခဲ့ချိန်ကို အော့နုလုံးနာမိတယ်။

မင်းကိုနိုင်ရဲ့ "သွေးမုန်တိုင်း" ကို ဆိုချိန်မှာတော့ ဒီအမှောင်ထုကြီးထဲကပဲ အင်မတန် လှပတဲ့ပန်းတွေ ပွင့်ခဲ့တယ်ဆိုတာ သိလိုက်မိပြန်တယ်။ "မိုးလုံးမှိုင်း" ဆိုတဲ့အချိန် ပရိသတ်ရဲ့ ညီညာတဲ့လက်ခုပ်သံတွေဟာ တိမ်ပေါ်က ဂီတစည်းချက်တွေလိုပါပဲ။

သီချင်း ၂၅ ပုဒ်ကို ရေ တစ်ပုလင်းသောက်ပြီး ရင်နဲ့ ခံစားသီဆိုသွားတဲ့ မွန်းအောင်ရဲ့ ၀တ်မှုန်ကူးတဲ့ည ဟာ ပြီးသွားတာတောင်မှ မပြီးသေးသလို၊ အိမ်ပြန်ရမှာ နှမြောသလို ခံစားချက်ဟာ ကျမ တစ်ယောက်ထဲဆီမှာပဲ ဖြစ်တယ်လို့ မထင်ပါဘူး။

###

ဟော အခု _ VCD အခွေထွက်လာလို့ ပြန်ကြည့်တော့လည်း နားထောင်လို့ မ၀ပါဘူး။ တစ်နှစ်ပြည့်လုနီးပြီပေါ့။

ဒါဆို ကျောင်းသားတွေ ကို အကြမ်းဖက်ခဲ့တာလဲ တစ်နှစ်ရှိပြီပေါ့။ အရိုက်လဲခံ၊ အဖမ်းလဲခံရတဲ့ ကျောင်းသားတွေမှာ ခုထိ ရုံးချိန်းတွေ အမျိုးမျိုးကို သွားလို့ မဆုံးသေး။ တိုက်ပွဲတွေကလဲ မဆုံးသေး။ ငြိမ်းချမ်းရေးချိုးငှက် လဲ ဝေဟင်မှာ တေးမသီ နိုင်သေး။

လောဘမီး၊ မောဟမီးတွေ ဆူဝေနေတဲ့ လူသားမဆံတဲ့ လူတွေကြောင့် မြန်မာပြည်သူတွေရင်ထဲမှာ ခုထက်ထိ စိုးထိတ်နေ ဆဲပါ။ ငြိမ်းချမ်းရေး၊ တရားမျှတရေးတွေကို မမြင်မတွေ့ရတာ ကြာလို့ လွမ်းလှပါပြီ။

"လွမ်းရတဲ့ ညတွေလွန်ပါစေ" လို့ ဆုတောင်းရင်း အဆိုတော်ကြီး ကိုမွန်းအောင်ရဲ့ နောက်တကြိမ်ဖျော်ဖြေမှုကို "လမင်းသာ ချိန်" မှာ အနှောင်အဖွဲ့ ကင်းကင်း၊ ကြယ်တွေခူးရင်း နားထောင်ဖို့၊ ၀တ်မှုန်ထုံလွှမ်းတဲ့နေ့ကို ရောက်အောင် မျှော်လင့်ချက် အပြည့်နဲ့ လျှောက်လှမ်းနေပါမယ်။

ပျံသာပျံပါ++ ခွပ်ဒေါင်းနီ ++ မုန်တိုင်းမိုးထက်ဆီ
အရိုင်းအညစ် လေကြမ်း++ တိုးဖြတ်သန်းမည်++ တော်လှန်ပန်းနီနီ အစဉ်သယ်ချီ
အနန္တစွမ်းရည် သင့်တောင်ပံဆီ++ သင့်ခွန်အားကို ++ တို့တွေယုံကြည်
သမိုင်းတခေတ် အရုဏ်ဦးဆီ++ လှမ်းတက်ဖို့ ++ ရှေ့သို့ မြန်မြန်ချီ
ပျံသာပျံပါ++ ခွပ်ဒေါင်းနီ ++ မုန်တိုင်းမိုးထက်ဆီ
အရိုင်းအညစ် လေကြမ်း++ တိုးဖြတ်သန်းမည်++ တော်လှန်ပန်းနီနီ အစဉ်သယ်ချီ
စနစ်သစ် တည်ဆောက် ++ တို့ခေတ်ရောက်မည်
လူ့အခွင့်အရေးတွေ တို့ပြည်သူဆီ ++ သင့်ခွန်အားနဲ့ ++ တို့တည်ထောင်မည်
---သမိုင်းသစ် အကောင်းအမှန်ပြောင်းရန်---- ဒေါင်းတမန်များ

လွှတ်ပေးရန် လိုပြီ---- လွှတ်ပေးရန် လိုပြီ--လွှတ်ပေးရန် လိုပြီ--