ဒန်ငြာရှိန်း - ဟော့ဖြစ်တဲ့ တော့ပစ်

 ဒန်ငြာရှိန်း - ဟော့ဖြစ်တဲ့ တော့ပစ်
(မိုးမခ) မတ် ၂၆၊ ၂၀၁၆

ဒီရက်သတ္တပတ်ထဲမှာ ဟော့ဖြစ်တဲ့ တော့ပစ်တွေများပါတယ်။ အမေရိကန်က ရိုဟင်ဂျာအရေး ဂျီနိုဆိုက်ဒ်မမြောက်ကြောင်း ပြောဆိုလိုက်တဲ့ သတင်းကနေ၊ ရခိုင်ဝန်ကြီးချုပ် သတင်း၊ ပြည်ထောင်စုဝန်ကြီးနှစ်ဦးရဲ့ ဘွဲ့ အတုတွေအကြောင်း စသဖြင့်ပါ။ အခုတစ်ခါ ရုပ်ချည့် ဟော့ဖြစ်လာတဲ့သတင်းက ဒေးလီးမေးလ်နဲ့ တယ်လီဂရပ်တို့ရဲ့ သတင်းပါ။

၂၀၁၃ ခုနှစ် ဘီဘီစီအင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတဲ့သူဖြစ်တဲ့ မီရှယ်ဟူစိန်ရဲ့ မေးခွန်းတချို့အပေါ် ဒေါသထွက်ခဲ့တယ်လို့ ဆိုထားပါတယ်။ မီရှယ်ဟူစိန်က ရိုဟင်ဂျာအပါအ၀င် လူနည်းစုမွတ်စလင်တွေအရေးနဲ့ ပတ်သတ်တဲ့ ဘေးကျပ်နံကျပ်မေးခွန်းတွေ ဒေါ်အောင်ဆန်းစုကြည်ကို မေးခဲ့ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကဒေါသထွက်ခဲ့ပြီး "အင်တာဗျူးမယ့်လူ မွတ်စလင်ဆိုတာ ငါကြိုမသိခဲ့ရပါလား" ဆိုပြီး ရေရွတ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို ဒေးလီးမေးလ်နဲ့ တယ်လီဂရပ်သတင်းစာတွေက ရေးလိုက်တာပါ။

၂၀၁၃ ခုနှစ်ကတည်းဖြစ်ခဲ့တဲ့ ကိစ္စကို ဒီသတင်းဌာနတွေကို ဘာလို့ခုမှ ရေးလာတာလဲ။ ဆန်းစစ်ကြည့်မယ်ဆိုရင် အဲဒီသ တင်းဌာန ၂ ခုလုံး ကိုးကားတဲ့ စာအုပ်ကို စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။ စာအုပ်နာမည်က "The Lady and the Generals" ဖြစ်ပါတယ်။ "The Lady and the Peacock" ရေးတဲ့ ပီတာ ဖိုးဖန် (Peter Popham) ရေးတာပါ။ မတ်လ ၁၀ ရက်နေ့ ၀န်းကျင်ကမှ ထွက်လာတဲ့ စာအုပ်အသစ်ချပ်ချွတ်ပါ။ အဲန်အဲလ်ဒီအစိုးရအသစ်နဲ့အတူ ချိန်သားကိုက်ပြီး ထွက်လာတဲ့ စာအုပ်လို့လည်း ဆိုလို့ရပါတယ်။

ပီတာဖိုးဖန်နဲ့ သူ့စာအုပ်တွေအကြောင်း မပြောမီ ဟော့ဖြစ်တဲ့ တော့ပစ်ကိုပဲ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မီရှယ်ဟူစိန်ရဲ့မေးခွန်းတွေအပေါ် ဒေါသဖြစ်ခဲ့တယ်ဆိုတာနဲ့၊  "အင်တာဗျူးမယ့်လူ မွတ်စလင်ဆိုတာ ငါကြိုမသိခဲ့ရပါလား" ဆိုပြီး ရေရွတ်ခဲ့တယ်ဆိုတဲ့အကြောင်းနှစ်ခုပါ။ ပီတာဖိုးဖန်က အဲဒီအကြောင်းကို သူ့စာအုပ်မှာ အခုလို ထည့်ရေးထားပါတယ်။

Some believe it is simply a matter of prejudice: that, as a Burma Buddhist, she shares the same bigoted views as many of her fellow citizens, perhaps reinforced by regular exposure to the opinions of her constant companion, Dr. Tin Mar Aung, an Arakanese Buddhist who it is said – I have seen no evidence of this – is herself strongly anti-Rohingya. One snippet of gossip supports this explanation: after a particularly bruising interview with Mishal Husain of the BBC, Suu was heard to mutter angrily, "No one told me I was going to be interviewed by a Muslim.”

ဒေါ်အောင်ဆန်းစုကြည်ကလည်း တခြားမြန်မာပြည်သားတွေလိုပဲ မွတ်စလင်တွေအပေါ် တယူသန်အစွဲတွေနဲ့ အမြင်စိမ်း တွေထားတဲ့အကြောင်း၊ အဲဒီအမြင်ကို သူမဘေးက ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီး ဒေါက်တာတင်မာအောင်က မီးစထိုးပေးတဲ့ အကြောင်း၊ ဒေါက်တာတင်မာအောင်ကိုယ်တိုင် ရိုဟင်ဂျာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူဖြစ်တဲ့အကြောင်း စတာတွေကို ပီတာဖိုးဖန်က သူ့မူအတိုင်း စီကာပတ်ကုံး ရေးလာပြီးတဲ့နောက် - အောက်ပါအတိုင်း ဆက်လက်ရေးသားထားပါတယ်။

... One snippet of gossip supports this explanation: after a particularly bruising interview with Mishal Husain of the BBC, Suu was heard to mutter angrily, "No one told me I was going to be interviewed by a Muslim.”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွတ်စလင်လူနည်းစုအပေါ်ထားတဲ့ သဘောထားကို ပီတာဖိုးဖန်က သူ့စိတ်သဘောအတိုင်း သုံးသပ်ပြီးတဲ့သကာလ၊ သူ့သုံးသပ်ချက်ကို ထပ်ပြီးတော့ ကွန့်ချင်တော့ snippet of gossip လို့ခေါ်တဲ့ ဟိုကကြား ဒီက ကြားတဲ့ အတင်းအဖျင်းလေးတစ်ခုကို ညှပ်ထည့်လိုက်ပါတယ်။ "ဘီဘီစီရဲ့ မီရှယ်ဟူစိန်နဲ့ အင်တာဗျူးပြီးတော့ ဒေါ်စုက ဒေါသတကြီး ငါ့ကို အင်တာဗျူးမယ့်လူက မွတ်စလင်ဆိုတာ ဘယ်သူမှ ကြိုမပြောထားပါလား ဆိုပြီး ရေရွတ်ခဲ့ပါတယ်" - အဲ လို ရေးထားတာပါ။

ပီတာဖိုးဖန်ကိုယ်တိုင် အဲဒီစာသားကို snippet of gossip ခေါ် အတင်းအဖျင်းလို့ သုံးနှုံးထားပါတယ်။ ဘယ်က ကြားလို့ ကြားမှန်းမသိတဲ့ အတင်းအဖျင်းဖြစ်တာနဲ့အညီ၊ လုံခြုံစိတ်ချရဖွယ် သတင်းအရင်းအမြစ်ကို ဖော်ပြထားတာမျိုး မရှိပါ။

အဲဒီစာသားနောက်မှာပဲ ပီတာဖိုးဖန်ဆက်ရေးထားတာက "မြန်မာလူနည်းစုမွတ်စလင်အရေးနဲ့ပတ်သတ်ပြီး ဒေါ်စုက နှုတ် ဆိတ်ခဲ့ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာ မွတ်စလင်ထုကြီးက သူမအပေါ် အညှိုး အာဃာတတွေ ထားနေကြတယ်။ အဲလို အာဃာတ အမုန်းတရားတွေကြောင့်ပဲ ဒေါ်စုက အခုလို ဒေါသနဲ့ ရေရွတ်လိုက်တာမျိုး ဖြစ်မှာပါ။ မွတ်စလင်ထုက ဒေါ်စု အပေါ်ထားတဲ့သဘောထားကို ဒေါ်စုကိုယ်တိုင် သံသယ၀င်နေတာဖြစ်နိုင်သလို၊ ဒေါ်စုရဲ့ အယူအဆက အမှန်တရား လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သူမက မွတ်စလင်တွေကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးတာမျိုး မရှိဘူး။ မုန်းတီးတာမျိုး မရှိဘူးလို့ ကောက်ချက်ချနိုင်တဲ့ အချက်အလက်တွေကလည်း အပြည့်အစုံပဲ" ဆိုပြီး ရေးထားတာပါ။

"အင်တာဗျူးမယ့်လူ မွတ်စလင်ဆိုတာ ငါကြိုမသိခဲ့ရပါလား" ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တယ်၊ မပြောခဲ့ဘူးဆိုတာ ပီတာဖိုးဖန်လည်း အတည်မပြုနိုင်သလို၊ ဒေးလီးမေးလ်နဲ့ တယ်လီဂရပ်ဖ်တို့လည်း အတည်မပြုနိုင်ပါ။ ဒါကြောင့်လည်း ပီတာဖိုးဖန်က semi-apologetic ဆိုတဲ့ အတင်းအဖျင်းတစ်ခုကို ကိုးကားပြီးတော့မှ ပြန်တောင်းပန်သလိုမျိုး အသွင်နဲ့ ဒေါ်စုကတော့ ပုဂ္ဂိုလ်ရေးအရကြည့်ရင် မွတ်စလင်တွေကို မုန်းတီးတာမျိုး မရှိဘူးလို့ ပြန်ဖာထေးထားတာ ဖြစ်ပါတယ်ဆိုပြီး coconuts yagon သတင်းဌာန (http://yangon.coconuts.co/2016/03/25/no-one-told-me-i-was-going-be-interviewed-muslim-comments-attributed-aung-san-suu-kyi) က သုံးသပ်ထားပါတယ်။

အခု ပီတာဖိုးဖန်ရဲ့  ယုံကြည်စိတ်ချရဖွယ် အခြေအနေကို သုံးသပ်ပါ့မယ်။ "The Lady and the Generals" က မနေ့တ နေ့ကမှ ထွက်လာတော့ အဲဒီစာအုပ်ကို ရီဗျူးရေးတဲ့လူ အင်မတန်မှ နည်းနေပါသေးတယ်။ "The Lady and the Peacock" ကိုတော့ လန်ဒန်တိုင်းမ်စ်က ရစ်ချက် ပယ်ရီ  အပါအ၀င် ရီဗျူးရေးသူအများအပြားရှိခဲ့ပါတယ်။ storytelling ကောင်းမွန်တဲ့ ပီတာဖိုးဖန်ရဲ့ အရေးအသားကြောင့်  "The Lady and the Peacock" ဟာ အောင်မြင်တဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။ ရစ်ချက် ပယ်ရီရဲ့ ရီဗျူးကို ဒီ (http://www.lrb.co.uk/v34/n08/richard-lloydparry/how-confident-should-she-be) မှာ ဖတ်နိုင်ပါတယ်။

ပီတာဖိုးဖန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ န၀တ၊ နယက အစိုးရတွေ အုပ်ချုပ်စဉ် မြန်မာပြည်တွင်း ၀င်ထွက်သွားလာ ခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေအတွင်းမှာပဲ ဒေါ်စုရဲ့ အထ္ထုပတ္တိကို ရေးဖို့ အချက်အလက်စုဆောင်းခဲ့တာဖြစ်ပါတယ်။ ပီတာဖိုး ဖန်ရဲ့ စာအုပ်ကို ရီဗျူးရေးတဲ့အထဲမှာ ကနေဒါစာရေးဆရာမ ကဲရန်ကော်နယ်လေရဲ့ ရီဗျူး (http://www.theglobeandmail.com/arts/books-and-media/the-lady-and-the-peacock-by-peter-popham/article548907/) က စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ ကဲရန်က ပီတာဖိုးဖန်ရဲ့ အားနည်းချက် ၂ ခုကို ထောက်ပြထားပါတယ်။

- နံပါတ် ၁ က မလိုလားအပ်တဲ့ ပုဂ္ဂလိက သုံးသပ်ချက်ပါ။ "The Lady and the Peacock" မှာ ပီတာဖိုးဖန်က ဒေါ်စုအရမ်းလှ တဲ့အကြောင်းကို တခမ်းတနားရေးထားတာပါ။ ကဲရန်က ပီတာဖိုးဖန်ရဲ့ အဲဒီအရေးအသားကို မနှစ်မြို့ဖွယ် (distasteful) အရေးအသားလို့ ဆိုပါတယ်။

- နံပါတ် ၂ က ပီတာဖိုးဖန်ကိုးကားထားတဲ့ မသိင်္ဂီ (ယခု မြန်မာတိုင်းမ်စ် အယ်ဒီတာ) ဆိုသူ ဂျာနယ်လစ်တစ်ဦးရဲ့ ဒိုင်ယာရီ စာအုပ်ပါ။ "The Lady and the Peacock" ဆိုတဲ့စာအုပ်မှာ ပီတာဖိုးဖန်က မသိင်္ဂီရဲ့ ဒိုင်ယာရီစာအုပ်ကို စာမျက်နှာ ပေါင်းများစွာမှာ ကိုးကားတင်ပြထားပါတယ်။  မသိင်္ဂီဟာ ဒေါ်စုရဲ့ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ကာလတွေအတွက် လူယုံ သူငယ်ချင်းတစ်ဦးပါ။ စစ်အစိုးရအာဏာသိမ်းပြီးတဲ့နောက်တော့ မသိဂ်ီဟာ ဒေါ်စုကို သစ္စာဖောက်ပြီး စစ်အစိုးရအလိုကျ အ သုံးတော်ခံခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီအဆိုကို ပီတာဖိုးဖန်က သက်သေသာဓက အသေအချာမရှိဘဲ စာအုပ်ထဲထည့်ရေးခဲ့ခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ပီတာဖိုးဖန်ကိုယ်တိုင် မသိင်္ဂီက သူ့ကို လှည့်ဖျားခဲ့ပါတယ်ဆိုပြီး "The Lady and the Peacock" စာအုပ်နောက်ဆုံးပိုင်းမှာ ရေးထားတာပါ။ စစ်အစိုးရလက်ထက် မြန်မာပြည်တွင်း ၀င်ထွက်သွား လာခွင့်ရနေတာကို မသိင်္ဂီက အတို့အထောင်လုပ်လိုက်တာကြောင့် ပီတာဖိုးဖန်တစ်ယောက် မြန်မာပြည်ကိုလာလို့ မရဘူး ဖြစ်သွားပါသတဲ့။ သူယုံယုံကြည်ကြည် ကိုးကားလာတဲ့ မသိင်္ဂီဟာ သူ့ကိုလည်း လှည့်ဖျားခဲ့ဖူးတယ်ဆိုပြီး ပီတာဖိုးဖန်က ဆိုလိုက်တော့ သူကိုးကားခဲ့သမျှ မသိင်္ဂီဒိုင်ယာရီဟာ အလိုလို အဆင့်လျှောကျပြီး ယုံကြည်လောက်ဖွယ်မရှိတဲ့ သတင်း အရင်းအမြစ် ဖြစ်သွားရပါတော့တယ်။

အထက်ပါ အချက်နှစ်ချက်ကို ကဲရန်ကော်နယ်လေက ထောက်ပြထားတာပါ။

နံပါတ် ၁ ပါ အချက်ဖြစ်တဲ့ ပီတာဖိုးဖန်သည် မလိုလားအပ်ဘဲ ပုဂ္ဂလိက မှတ်ချက်မျိုး ထည့်ရေးတတ်သူဖြစ်တယ်ဆိုတဲ့အချက်က၊ အခုသူ့ရဲ့ ဒုတိယစာအုပ်ဖြစ်တဲ့ "The Lady and the Generals" မှာလဲ ထပ်ပြီး ပေါ်လွင်လာဖို့ ရှိနေပါတယ်။ snippet of gossip ခေါ် အတင်းအဖျင်းတစ်ခုကို လုံလောက်တဲ့ သက်သေမရှိဘဲ ပေထက်အက္ခရာတင်တာကြောင့် ဒေးလီးမေးလ်နဲ့ တယ်လီဂရပ်တို့လို tabloid သတင်းခေါ် လူပြိန်းကြိုက် အတင်းအဖျင်း သတင်းစာတွေက ဖွကြပါတော့တယ်။ အချိန်ကိုက် ဖွကြတော့ မြန်မာမွတ်စလင်မ်လူနည်းစုနဲ့ အဲန်အဲလ်ဒီအစိုးရသစ်အကြား မလိုလားအပ်တဲ့ အဖုအထစ်၊ ကနဦးကတည်းက အမြစ်တွယ်ဖို့ စိုင်းပြင်နေတာ သတိထားချပ်စရာပါ။

နောက်ထပ် ရီဗျူးတစ်ခုကို ထပ်ကြည့်ကြပါတယ်။ ဒီတစ်ခါကတော့ မြန်မာအမျိုးသမီးဖြစ်တဲ့ နှင်းဝသန်ရဲ့ "The Lady and the Peacock" အပေါ် မြင်တဲ့အမြင် (http://www.irrawaddy.com/feature/review-the-lady-and-the-peacock.html) လေးပါ။

နံပါတ် ၁ - နှင်းဝသန်ကလည်း ကဲရန်ကော်နယ်လေလိုမျိုးပဲ မြင်ထားပါတယ်။ ပီတာဖိုးဖန်က မသိင်္ဂီရဲ့ ဒိုင်ယာရီတွေကို ကိုးကားရေးထားပြီး မသိင်္ဂီဟာ ဒေါ်စုကို သစ္စာဖောက်တယ်ဆိုတဲ့အကြောင်း၊ သူ့ကိုလည်း အတို့အထောင်လုပ်ပြီး မြန်မာ ပြည်တွင်းက မောင်းထုတ်ခံရအောင်လုပ်တယ်ဆိုတဲ့အကြောင်းတွေကို အထောက်အထားအသေအချာမပြဘဲ ထည့်ရေး ထားတယ်လို့ နှင်းဝသန်က ဆိုပါတယ်။

နံပါတ် ၂ - ဒီတစ်ခုက ကဲရန်ကော်နယ်လေရဲ့ နံပါတ် ၁ အမြင်နဲ့ သွားတူပါတယ်။ မလိုလားအပ်ပဲ ပုဂ္ဂလိကအကြောင်းတွေ ထည့်ရေးတာပါ။ နှင်းဝသန်ရဲ့ တိုက်ရိုက်အရေးအသားက ဒီလိုပါ။

I also wonder about Popham’s intention to include an assumption by Suu Kyi’s friends about how she fell in love with a Pakistani student, who later worked in the Pakistani Foreign Service and who declined to be interviewed for the book, during her second year at Oxford. Was this just an attempt to sensationalize Suu Kyi’s love-life during her younger days?

"ဒေါ်စုက ပါကစ္စတန်အမျိုးသားတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်ဆိုပြီး ပီတာဖိုးဖန်က ယူဆထားတယ်။ အဲဒီခန့်မှန်းချက်ကို ကျမအံ့သြမိတယ်။ "The Lady and the Peacock" မရေးမီ ပါကစ္စတန်နိုင်ငံခြားရေးဌာနမှာ အလုပ်လုပ်ခဲ့တဲ့ ဒေါ်စုရည်းစား ဟောင်းဆိုသူကို ဆက်သွယ်ခဲ့ပေမယ့် သူက အင်တာဗျူးအလုပ်မခံခဲ့ဘူးလို့ သိရတယ်။ ဒေါ်စုနဲ့ သူ့ဇတ်လမ်းက ဒေါ်စုရဲ့ အောက်စဖို့ဒ်ဒုတိယနှစ်ကျောင်းသူဘ၀မှာ ဖြစ်တာလို့ ဆိုထားတယ်။ ဒါဟာ ဒေါ်စုငယ်ရွယ်စဉ်ကာလအဖြစ်အပျက်ကို လူထုစိတ်ဝင်စားအောင် ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ တမင်ဖွထားတာမျိုး မဟုတ်ဘူးလား။" ဆိုပြီး နှင်းဝသန်က သုံးသပ်ပါတယ်။

အခု  "The Lady and the Peacock" စာအုပ်ရဲ့ ရီဗျူးနှစ်ခုကိုလည်း တင်ပြပြီးပါပြီ။  "The Lady and the Generals" စာအုပ်ကိုတော့ တိုင်းမ်နဲ့ ဂါးဒီးယန်းသတင်းစာတွေမှာ ဆောင်းပါးတွေရေးပြီး ထင်ရှားတဲ့ ရီဂျင်နယ် မက်ဆေး ( Reginald Massey ) ရဲ့ ရီဗျူးဆန်ဆန် သုံးသပ်ချက်(http://www.confluence.mobi/book-review/reginald-masseys-book-page-the-lady-and-the-generals/) တစ်ခုတော့ ရှိပါတယ်။ ထူးခြားတဲ့အချက်မပါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတွေကို ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး အဆုံးမှာ သုံးသပ်ထားပါတယ်။

အချုပ်ဆိုရရင်တော့ ဒေးလီးမေလ်းတို့ ၊ တယ်လီဂရပ်ဖ်တို့ဖွတိုင်း မယုံပါနဲ့။ ဘီဘီစီအင်တာဗျူးဗွီဒီယို (http://www.bbc.com/news/world-asia-24651359) ကို တိုက်ရိုက် ကြည့်ပါ။ အဲဒီဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မီရှယ်ဟူစိန်ရဲ့ မေးခွန်းတွေကို စိတ်စနိုးစနောင့်ဖြစ်တဲ့ပုံမပြဘဲ ဖြေကြားခဲ့ပါတယ်။ ဒါ့ပြင် အစွန်းမရောက်တဲ့ မြန်မာမွတ်စလင်မ်တွေဟာ လူများစု (ဗုဒ္ဓဘာသာဝင်တွေ)နဲ့ ကောင်းမွန်စွာ အဆက်အဆံထားရှိနိုင်တယ်ဆိုပြီး ဆိုထားပါတယ်။ ဗွီဒီယိုဖိုင် စက္ကန့် ၅၀ မှာပါ။

သတိပြုရမှာက ကမ္ဘာ့ထိပ်သီးနိုင်ငံရေးသမားတစ်ဦးကို အင်တာဗျူးမယ့် သတင်းဌာနက ခင်ဗျားကို အင်တာဗျူးမှာကတော့ဖြင့် ဘယ်သူဘယ်ဝါဖြစ်ပါတယ်ဆိုပြီး ကြိုတင်အကြောင်းမကြားထားလေသရော့လား၊ ကြိုတင်အကြောင်းကြားတယ်ထားဦး တော့၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက မီရှယ်ဟူစိန်ဆိုတဲ့နာမည်မြင်တာနဲ့ အဲဒီလူရဲ့ ကိုးကွယ်တဲ့ဘာသာကို မခန့် မှန်းနိုင်လောက်အောက် ပညာအရည်အချင်း နိမ့်ပါးနေလို့လား ဆန်းစစ်ရပါမယ်။

အဲဒီအင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာမွတ်စလင်မ်တွေနဲ့ လူများစုဗုဒ္ဓဘာသာဝင်တွေအကြား ပြဿနာဟာ အကြောက်တရားကို အခြေခံတဲ့အကြောင်း၊ ဂလိုဘယ်မွတ်စလင်ပါဝါကို မြန်မာလူများစုက ကြောက်တယ်ဆိုတဲ့အကြောင်း၊ မိမိအနေနဲ့ အမုန်းစကားမှန်သမျှကို ဆန့်ကျင်တယ်ဆိုတဲ့အကြောင်းတွေ ပြောထားပါတယ်။

အကြောက်တရားဖြစ်ရလေအောင် စနစ်တကျဖန်တီးပေးတဲ့ အဓိကအရင်းအမြစ်က စစ်ဝါဒီတွေဖြစ်ပါတယ်။ မွတ်စလင်ဘက် မှာလဲ အကြောက်ပိုလာအောင်၊ ဗုဒ္ဓဘာသာဝင်လူများစုတွေဘက်မှာလည်း အကြောက်ပိုလာအောင် ၀ါဒဖြန့်ပါတယ်။ ISIS လို ကမ္ဘာ့အကြမ်းဖက်သမားတွေပဲ မြန်မာပြည်ထဲရောက်နှင့်ပြီးသယောင် ၀ါဒဖြန့်ချိမှုတွေအထိ ရှိပါတယ်။

ဒါကြောင့် မြန်မာမွတ်စလင်တွေအနေနဲ့ အစိုးရသစ်လက်ထက် အသွင်ကူးပြောင်းစမှာ tabloid ခေါ် အတင်းအဖျင်း သတင်းစာတွေပြောတာ မယုံဘဲ ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာဆင်ခြင်ရပါမယ်။ ထို့အတူ ဗုဒ္ဓဘာသာလူများစုတွေ ကလည်း ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အစွန်းရောက်အကြမ်းဖက်ကိစ္စတွေကို ကြည့်ပြီး မြန်မာပြည်တွင်းနေ မွတ်စလင်တွေကို မျက်မုန်းမကျိုးဘဲ၊ မြန်မာပြည်တွင်းနေမွတ်စလင်တွေရဲ့ သမိုင်းအစဉ်အလာ ၊ ရွေးကောက်ပွဲမတိုင်မီကာလနဲ့ လက်ရှိကာလ ပြုမူနေထိုင်ပုံတွေကိုသာကြည့်ပြီး အစိုးရသစ်လက်အောက်မှာ လက်တွဲမပြတ် ဆက်လက်ချီတက်ကြဖို့ လိုတယ်ဆိုတဲ့အ ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။