၈၈ မျိုးဆက် ငြိမ်းပွင့်မှ ဦးမြအေး နှင့် တခဏတာ


၈၈ မျိုးဆက် ငြိမ်းပွင့်မှ ဦးမြအေး နှင့် တခဏတာ
ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ မတ် ၂၃၊ ၂၀၁၆

မေး - ဦးမြရေ မင်္ဂလာပါ။ ဦးမြတို့ ပါတီထောင်ဖို့ ရှိလား။

ဟာ ဘယ်သူပြောတာလဲ။ မဟုတ်ပါဘူး။

မေး - ဒီလိုပဲ ကျနော် ကြားလို့ပါ။

အခု မဟုတ်သေးပါဘူး ။ ပါတီထောင်မယ်ဆိုတာ လူတွေက ဒီအတိုင်း ပြောတာ။ ပါတီထောင်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ပါတီရဲ့ ဝိဥာဉ်က အိုင်ဒီယောလော်ဂျီလေ။ ဘယ်ပေါ်မှာ သွားမလဲ အဲဒါရှိတာပေါ့။ ဒီတိုင်း စုဟေ့၊ ထောင်ဟေ့ အဲဒီလို လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ အဲဒီတော့ တနှစ်အတွင်း မဖြစ်နိုင်ပါဘူး။

မေး - တနှစ် အတွင်းမှာ မဖြစ်နိုင်ဘူးပေါ့။

မဖြစ်နိုင်ဘူးလို့ ယူဆရတယ်။

မေး - အခု မမီးမီးတို့၊ မနီလာသိန်း တို့ ဖမ်းခံရတဲ့ကိစ္စကို ဦးမြတို့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ခင်ဗျ

မလုပ်ဘူး။ မလုပ်သေးဘူး ဆိုတာက ခုနိုင်ငံရေး အခြေအနေက အာဏာအလွှဲအပြောင်း ဖြစ်နေတယ်လေ။ အာဏာ အလွှဲအပြောင်းဆိုတော့ တည်ငြိမ်ဖို့ လိုတယ်လို့ မြင်တယ်။အဲဒါကြောင့် မလုပ်သေးတာ။ နောက်အစိုးရ တက်လာရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်လာမယ်လို့ မျှော်လင့်တယ်။အဲ့ အချိန်တွေကို စောင့်နေတယ်။မလွှတ်ခဲ့ဘူးဆိုရင်တော့ ပြောရတော့မယ်။

မေး - ခု တက်မယ့် သမ္မတသစ်အပေါ် ဦးမြအနေနဲ့ ဘာပြောချင်ပါသလဲ။

သမ္မတကြီးကတော့ ရိုးသားတဲ့သူတယောက်ပါ၊ ဒါ သိသလောက်ပေါ့နော်။ နိုင်ငံရေးမှာ အခြေခံ ရိုးသားမှု ရှိမှ နိုင်ငံရေးဆိုတာ လုပ်လို့ရတယ်လေ။ မရှိရင် လုပ်လို့မရဘူး။ ဘယ်လောက်တော်တော် ရိုးသားမှု မရှိရင် အဲဒီလူဟာ နိုင်ငံရေးသမားကောင်းလည်း မဖြစ်ဘူး။ လူလည် ပဲ ဖြစ်မှာပဲ။အဲဒီတော့ ဦးထင်ကျော်ကို ရွေးချယ်လိုက်တဲ့ ကိစ္စက သင့်မြတ်တယ်လို့ မြင်တယ်။ဒါပေမဲ့ ဒေါ်စု ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။