ဖြိုးသီဟချို (Myanmar Now) - အစိုးရသစ်အတွက် မြေယာပြဿနာအဟောင်း

လယ်ယာရိတ်သိမ်းနေသူများ (Photo : amzh photography)

ဖြိုးသီဟချို (Myanmar Now) - အစိုးရသစ်အတွက် မြေယာပြဿနာ အဟောင်း
(မိုးမခ) မတ် ၁၀၊ ၂၀၁၆

ယခုဆောင်းပါးအား Myanmar Now မှ ရယူပါသည်။
 
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသကြီး (Myanmar Now) — မြစ်ဝကျွန်းပေါ်ဒေသ ကန်ကြီးဒေါင့်မြို့နယ်မှ မထွေးထွေး ကျောင်းမှအိမ်သို့ပြန်စဉ် စက်လှေကြီးများဖြင့် ဆိုက်ရောက်လာသူတို့ကို တွေ့ရပြီး ၎င်းတို့က လယ်ကွင်းပြင်ဝန်းကျင်တွင် အ လံများ စိုက်ထူလိုက်ကြသည်။

ထိုအလံများမှာ ထိုခေတ်အာဏာပိုင်တို့ သိမ်းပိုက်လိုက်သည့် လယ်မြေများ၏ သင်္ကေတအမှတ်အသားဖြစ်ပြီး ၁၉၉၈ ခုနှစ် မိုးတွင်းကာလက ထိုသို့အသိမ်းခံလိုက်ရသည့်လယ်မြေထဲတွင် ကျောင်းသူလေး မထွေးထွေးတို့ မိသားစုပိုင် လယ်မြေ ၁ဝ ဧကလည်း ပါဝင်သွားသည်။

“ကျွန်မမှာ ကျောင်းထွက်ခဲ့ရတယ်။ မိသားစုတစ်ခုလုံးလည်း စီးပွားရေးလုပ်စရာ မရှိတော့ဘူး။ ဘဝပျက်ခဲ့ရတယ်။ ခုထက် ထိလည်း အလုပ်လက်မဲ့ဖြစ်နေပါတယ်” ဟု အသက် ၃၃ နှစ် ရှိပြီဖြစ်သည့် ဒေါ်ထွေးထွေးက ဝမ်းနည်းစိတ်ကြောင့် တုန် ယင်နေသော အသံဖြင့် ရှင်းပြသည်။

ဒေါ်ထွေးထွေးတို့ မိသားစု၏ဖြစ်ရပ်မျိုးကို မြစ်ဝကျွန်းပေါ်ဒေသအပါအဝင် နိုင်ငံအနှံ့ လယ်သမားအများအပြား  ကြုံတွေ့ခဲ့ရ သည်။ နိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီတိုင်းဒေသကြီးသည် တပ်မတော်အစိုးရများ လက်ထက် လယ်ယာမြေသိမ်းဆည်းမှု အမြင့်မားဆုံးဒေသဖြစ်လာပြီး သိမ်းဆည်းလယ်မြေ ဧကပေါင်းများစွာသည် တပ်မတော်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီကြီး ငယ်တို့ထံသို့ ရောက်ရှိခဲ့သည်။

မကြာမီပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက်တွင် သိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ ပြန်ရောက်စေရေးအတွက် လှုပ် ရှားဆောင်ရွက်ရန်  မြစ်ဝကျွန်းပေါ်ဒေသရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်တချို့က ပြင်ဆင်နေကြသည်။
စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကြီးစိုးသည့် ထိုစဉ်က တိုင်းလွှတ်တော်တွင် တစ်ဦးတည်းသော  NLD ကိုယ်စားလှယ် ဖြစ်ခဲ့သူ ရေကြည်မဲဆန္ဒနယ်မှ ဒေါ်လှမြတ်သွေးက ပြီးခဲ့သည့်လ ပုသိမ်မြို့ တိုင်းလွှတ်တော်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် သိမ်းဆည်းလယ်မြေအရေး ထပ်မံ ကြိုးပမ်းမည်ဟု ပြောသည်။

အသိမ်းခံရသည့်မြေ မူလပိုင်ရှင်ထံ ပြန်မအပ်နိုင်ခြင်းမှာ လယ်ယာမြေဥပဒေပါ အားနည်းချက်များကြောင့်ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှမြတ်သွေးက သုံးသပ်သည်။

NLD အင်အားသာသော နေပြည်တော် ပြည်သူ့လွှတ်တော်က အသစ်ဖွဲ့စည်းလိုက်သည့် တောင်သူလယ်သမား၊ အလုပ်သ မားနှင့်လူငယ်ရေးရာ ကော်မတီတွင် ဥက္ကဋ္ဌဖြစ်လာသူ  ဦးစိန်ဝင်းသည်လည်း ပြီးခဲ့သည့် နှစ်များအတွင်း  လယ်ယာမြေ သိမ်းဆည်းမှုများနှင့်ပတ်သက်ပြီး လွှတ်တော်တွင် ကြိုးစားပမ်းစား  အဆိုတင်သွင်း၊ မေးခွန်းထုတ်ခဲ့သူတစ်ဦးအဖြစ် လူသိ များသည်။

မူလပိုင်ရှင်များ လယ်မြေပြန်ရရေးအတွက် လယ်ယာမြေဥပဒေနှင့်ပတ်သက်ပြီး “ပြင်ဆင်သင့်တာတွေ ပြင်ဆင်သွားမယ်၊ ဖြည့်စွက်သင့်တယ် ထင်တာတွေလည်း ထပ်မံဖြည့်စွတ်သွားမှာပါ” ဟု ဥက္ကဋ္ဌသစ်က ပြောသည်။

● ကုမ္ပဏီတစ်ခု၏အသံ
မြေသိမ်းခံရမှုသည် ယခင် တပ်မတော်အစိုးရ အုပ်ချုပ်သည့်ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး အသိမ်းခံရသူ အများစုမှာ နိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်ရှိသော တောင်သူလယ်သမားများ ဖြစ်ကြသည်။
ယခင် စစ်ခေါင်းဆောင်တို့နှင့် ထိစပ်မှုရှိခဲ့သည့် ကုမ္ပဏီများအနက် ဖိုးလမင်းကုမ္ပဏီသည် ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်တွင် ပန်းတနော်မြို့နယ်၊ ခနွဲကဘိုကျေးရွာအုပ်စုအတွင်း လယ်ယာမြေ ဧက ရာထောင်ချီ လုပ်ပိုင်ခွင့် ရရှိခဲ့သည်။

မန်နေးဂျင်း ဒါရိုက်တာ ဦးကျင်ညိမ်းက သူ၏ကုမ္ပဏီ စိုက်ပျိုးမြေရရှိရန် ထိုခေတ် တပ်မတော်ခေါင်းဆောင်တစ်ဦးက လုပ် ပိုင်ခွင့် ပေးအပ်ခဲ့သည်ဟု ဆိုသည်။

“တိုင်းမှူးကိုယ်တိုင်၊ ဗိုလ်ချုပ်သူရရွှေမန်း ကိုယ်တိုင်လာတာ။ လာတော့ ကျွန်တော်တို့ လုပ်တာ ကိုင်တာ အင်အားများတဲ့ အခါကျတော့ ဦးကျင်ညိမ်းမိသားစုလုပ်ပါဆိုပြီးတော့ ပေးခဲ့တာ” ဟု ဦးကျင်ညိမ်းက ခနွဲကဘိုကျေးရွာရှိသူ၏ ရုံးခန်းအတွင်း ဂုဏ်ယူစွာ ပြောပြသည်။

ဦးကျင်ညိမ်းပြောသည့် တပ်မတော်ခေါင်းဆောင်မှာ ယခုအခါ NLD ခေါင်းဆောင်နှင့်နီးစပ်သည်ဟု အများကယူဆသော သူရဦးရွှေမန်းဖြစ်ပြီး ယခုအခါ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။

ဦးကျင်ညိမ်းက ၎င်းပိုင်ဆိုင်သည့် လယ်ယာမြေများအနက် ဧက ၂၃ဝဝ ကျော်ကို ပြန်လည်ပေးအပ်ခဲ့ပြီး လက်ရှိလုပ်ကိုင်နေ သည်မှာ ဧက ၅ဝဝ ကျော် ရှိသည်ဟု ရှင်းပြသည်။

သူ၏ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းနယ်မြေနှင့် ပတ်သက်ပြီး ဒေသခံ မူလမြေပိုင်ရှင်တချို့နှင့် ပြဿနာဖြစ်ပွားလျက်ရှိသည်။

● အစိုးရထံမှ လုပ်ငန်းရှင်ထံသို့
အင်္ဂလန်အခြေစိုက်  Global Witness သုတေသန အဖွဲ့သည် သေနတ်များ၊ ခရိုနီများနှင့် ကောက်ပဲသီးနှံများအမည်ဖြင့် ၂ဝ၁၅ခုနှစ် မတ်လက မြန်မာနိုင်ငံ၏ မြေယာကဏ္ဍနှင့်သက်ဆိုင်သည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာအရ လွန်ခဲ့သည့် ၁၅ နှစ်ကျော်ကာလအတွင်းက ရန်ကုန်မြို့၏ ၃၅ ဆ အရွယ် ပမာဏရှိသည့် မြေဧက ၅.၃သန်းကို အစိုးရနှင့်နီးစပ်သောစိုက်ပျိုးရေးကုမ္ပဏီများက အလွန်နည်းပါးသောတန်ဖိုး (သို့မဟုတ်) တန်ဖိုးငွေ ပေးဆောင် ခြင်းမရှိဘဲ ရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။

မြေယာသိမ်းဆည်းမှုစုံစမ်းရေးကော်မတီက ၂ဝ၁၂ ဇူလိုင်မှ စတင်ပြီး ၆ လအတွင်း လက်ခံရရှိသည့် တိုင်ကြားစာ ၅၆၅ စောင်တွင် မြေဧက ၂၄ဝ,ဝဝဝ ထက်မနည်း သိမ်းဆည်းခံရမှုများအကြောင်း ဖော်ပြထားသည်။

မြေသိမ်းသည့်သူများထဲတွင် အစိုးရဌာနများလည်းပါဝင်ပြီး ပမာဏအများဆုံး သိမ်းပိုက်ခဲ့သည့်ဌာနမှာ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က သိမ်းဆည်းမြေများအနက်မှ ဧက ၁သိန်းခွဲကို ပြန်လည်ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။

● လွှတ်တော်တွင်း ကြိုးပမ်းချက်
ပြီးခဲ့သည့် ၃ နှစ်အတွင်း လွှတ်တော်များတွင်  သိမ်းဆည်းမြေ ပိုင်ရှင်ထံ ပြန်ပေးရေး ကြိုးပမ်းသော်လည်း အရပ်သားတစ်ပိုင်း အစိုးရက ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ပေးနိုင်မှု မရှိခဲ့ဟု NLD ကိုယ်စားလှယ်တချို့က ဆိုသည်။

“ရေကြည် (မြို့) မှာ သိမ်းဆည်းခဲ့တဲ့လယ်ယာမြေတွေမှာ  ၅ ရာခိုင်နှုန်းလောက်တောင်မရခဲ့ပါဘူး” ဒေါ်လှမြတ်သွေးက စိတ်ပျက်လက်ပျက် ပြောပြသည်။

သိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ ပြန်ပေးရမည့်အစား ကုမ္ပဏီတို့က ၎င်းတို့ သီးစားချထားသည့် လယ်သမားများထံသို့သာ ပေးအပ်လေ့ရှိသည်ဟု စိုက်ပျိုးရေးပညာဘွဲ့ရ၊ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့်လူငယ်ရေးရာ ကော်မတီ  ဥက္ကဋ္ဌ ဦးစိန်ဝင်းက ရှင်းပြသည်။

“အဲဒီတုန်းကပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတာ နှစ်ချက်ပဲရှိတယ်၊ မူလလယ်သမားပြန်ပေး၊ မပေးနိုင်ရင် ကာလ ပေါက်ဈေးအတိုင်း လျော်ကြေးပေး။   လွှတ်တော်က လမ်းညွှန်ဆုံးဖြတ်ထားတဲ့အတိုင်း အစိုးရက လုပ်မှမပေးတာ” ဟု သူ က ပြောသည်။

သူနှစ်ကြိမ်ဆက်တိုက် အရွေးခံရသည့် မအူပင်မဲဆန္ဒနယ်အတွင်း သိမ်းဆည်းမြေ ဧက ၅ဝ,ဝဝဝ ကျော်တွင် သူရဦးရွှေမန်း မိသားစု၏  ဧရာရွှေဝါ ကုမ္ပဏီက ဧက ၅,ဝဝဝ ကျော် လုပ်ကိုင်ခဲ့သည်။

“သူ့မိသားစုပိုင်လယ်ယာမြေတွေနဲ့ ပတ်သက်ရင်တော့ ပုဂ္ဂိုလ်ရေးကြည့်မှာ မဟုတ်ပါဘူး။ မတရား သိမ်းဆည်းခံရတဲ့ လယ် ယာမြေတွေ ပြန်ရဖို့ကိုပဲ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးစိန်ဝင်းက သူ၏ ရှေ့လုပ်ငန်းစဉ်ကို ရှင်းပြသည်။

“နိုင်ငံရေးအရလည်း တည်တည်ငြိမ်ငြိမ် ထိန်းထားဖို့လိုသလို၊ အမှန်တရားကို တွန်းအားပေးဖို့လည်း လိုပါတယ်။ ဒီနှစ်ခုကို ချိန်ဆပြီးလုပ်သွားရမှာပါပဲ”

နိုင်ငံကို နှစ် ၅ဝ ကျော် အုပ်ချုပ်ခဲ့ပြီး ယခုတိုင် နိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် ပါဝင်နေသေးသည့် တပ်မတော်နှင့် ရင်ကြား စေ့ရေး ကြိုးပမ်းနေသော NLD ပါတီက မကြာမီ အစိုးရဖွဲ့သည့်အခါ မြေသိမ်းခံရမှုအပါအဝင် စိန်ခေါ်မှုပေါင်းများစွာကို ဖြေ ရှင်းရင်ဆိုင်ရတော့မည်ဖြစ်သည်။

နိုင်ငံအနှံ့ အစိုးရစီမံကိန်းများဖော်ဆောင်ရန်အတွက် သိမ်းဆည်းထားသည့် မြေဧကပေါင်း ၂သန်းခန့်ရှိမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏  လယ်ယာ၊ စီးပွားနှင့် တောင်သူလယ်သမားရေးရာ ကော်မတီက ခန့်မှန်းသည်။ ကော်မတီ၏ ဒုတိယတာဝန်ခံ ဦးမျိုးသန့်က  ပြဿနာမျိုးစုံဖြေရှင်းရမည့် NLD အစိုးရသစ်လက်ထက်တွင်လည်း မူလပိုင် ရှင်ထံ သိမ်းဆည်းမြေ ပြန်ရောက်ရေး  ဖော်ဆောင်မှုမှာ အခက်အခဲ ကြီးမားဖွယ်ရှိသည်ဟု သုံးသပ်သည်။

“လယ်သမား၊ အလုပ်သမားပြသနာတွေကတော့ အစိုးရသစ်အနေနဲ့ ဆေးကြိမ်လုံးနဲ့ တို့သလိုမျိုး ချက်ချင်းကြီး အားလုံး ကိုဖြေရှင်းနိုင်ဖို့တော့ ခက်ခဲပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုတော့ လိုအပ်မယ် ထင်ပါ တယ်” ဟု ဦးမျိုးသန့်က ပြောသည်။     ။