မောင်မိုးသူ - သင်္ခါရကို အစဉ်ထာဝရ မှတ်ရင် သင်အနာတရ ဖြစ်မည်



မောင်မိုးသူ - သင်္ခါရကို အစဉ်ထာဝရ မှတ်ရင် သင်အနာတရ ဖြစ်မည်
(မောင်မိုးသူ မော်ဒန်သတင်းဂျာနယ်) မိုးမခ၊ ဧပြီ ၈၊ ၂၀၁၆


မောင်မိုးသူထက် ကိုးနှစ်၊ ၁၀ နှစ်ကြီးတဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာသည်တွေထဲမှာ ကောလိပ်ဂျင်နေဝင်းနဲ့ မြတ်လေးတို့ နှစ်ယောက် ပါဝင်ပါတယ်။ သူတို့နှစ်ယောက်ကလည်း ရုပ်ရှင်ဇာတ်ကားကောင်းကြီးတွေ တော်တော်များများမှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။

ဦးနေဝင်းနဲ့ကတော့ ရုပ်ရှင်လောကထဲ ရောက်မှ သိကျွမ်းခင်မင်ရတာဖြစ်ပေမဲ့ ဦးမြတ်လေးကတော့ တက္ကသိုလ်ကျောင်းသားဘဝကတည်းက သိကျွမ်းခင်မင်ရတဲ့သူ ဖြစ်ပါတယ်။ ဦးမြတ်လေးဟာ ရန်ကုန်တက္ကသိုလ်က တကသပွဲအားလုံး ပါဝင်ခဲ့သလို မန္တလေးတက္ကသိုလ်ရဲ့ သီးခြားတက္ကသိုလ် စတင်ပေါက်ဖွားချိန်က သီးခြားတက္ကသိုလ်သီချင်းကို လာရောက်စပ်ဆိုပေးခဲ့သူ ဖြစ်ပါတယ်။

အဲသည်တုန်းက မောင်မိုးသူက မန္တလေးတက္ကသိုလ် ကျောင်းသားညီညွှတ်ရေးတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးမြတ်လေး၊ ဦးချစ်ဆွေနဲ့ ဦးလေးညွန့်တို့ကို ကြိုဆိုဧည့်ခံရသူ ဖြစ်ပါတယ်။ ဦးမြတ်လေးတို့၊ ဦးချစ်ဆွေတို့ကို အများသူငါ တက္ကသိုလ်က ရဲဘော်များနည်းတူ အဲသည်ကတည်းကပဲ ဖိုးမြတ်၊ဖိုးချစ်လို့ ခေါ်ခဲ့ကြပါတယ်။ သည်တော့ ဦးမြတ်လေးခေါ် ဖိုးမြတ်ကိုတော့ တေးသီချင်းရေးဖွဲ့သူ အဖြစ် စတင်သိကျွမ်းရသူလို့ ဆိုနိုင်ပါတယ်။ ဖိုးမြတ်ရဲ့ ရန်ကုန်တက္ကသိုလ်မှာ ကပြခဲ့တဲ့ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ လုံးချင်းစာအုပ်ကို မောင်မိုးသူရဲ့ မိုးဦးပန်းစာပေက ထုတ်ဝေခဲ့ဖူးပါတယ်။

ဖိုးမြတ်ဟာ မောင်မိုးသူတို့အိမ်ကို စားအိမ်သောက်အိမ်လိုသဘောထားတဲ့သူ ဖြစ်သလို မောင်မိုးသူရဲ့ ဇနီး အမာနဲ့ ကလေးတွေကိုလည်း ရင်းနှီးသလို မောင်မိုးသူကလည်း ဖိုးမြတ်ရဲ့ ဇနီးနဲ့ သားသမီးများကိုလည်း ရင်းနှီးသူ ဖြစ်ပါတယ်။

ဖိုးမြတ်၊ဖိုးချစ်၊လှထွတ်တို့နဲ့အတူ ညနေတိုင်း တီးကြ ဆိုကြတဲ့ ဝိုင်းတွေမှာလည်း မောင်မိုးသူဟာ နားထောင်သူနေရာကပဲ နေရတာပါ။ ဝင်ရောက် သီဆိုခွင့် ဝေးလို့ လက်ခုပ်တောင် တီးခွင့်မပေးချင်ကြပါဘူး။ တခါ သင်္ကြန်တခုမှာ ကိုလှထွတ်ရဲ့ ဇနီးရဲ့ ဆောက်လုပ်ရေးမဏ္ဍပ်ရောက်သွားတော့ ဦးမြတ်လေး၊ ဦးချစ်ဆွေ၊ ဦးလှထွတ်၊ မောင်မိုးသူ တို့ကို စင်ပေါ်ကို ဖိတ်ပြီး သူတို့က မန်းတောင်ရိပ်ခို သီချင်းဆိုပြီး ကလေးမများက ကကြတာပါ။ အားလုံးမိုက္ကရိုဖုန်းတလုံးစီရပါတယ်။ ဆိုရမယ့် သီချင်းက ` မန်းတောင်ရိပ်ခို ´လေ။ မောင်မိုးသူ စောဖေတို့က နောကျေနေတဲ့ မန္တလေးသီချင်း၊အဲဒါကို ဖိုးချစ်က မိုးသူ မင်းမိုက္ကရိုဖုန်းပိတ်ထားတဲ့။ မောင်မိုးသူက သည်သီချင်းကို ငါ ရပါတယ်ကွဆိုတော့ ရမှန်းသိတယ်၊ ရလို့ ဝင်ဆိုနေမှာစိုးလို့ ပြောတာဆိုပြီး မိုက္ကရိုဖုန်းပိတ်ပြီး ရုပ်ရှင်ဒါရိုက်တာပီပီ ပလေးဘက်ရိုက်သလို ပါးစပ်က လှုပ်ရုံလှုပ်ခဲ့ရဖူးပါတယ်။မောင်မိုးသူရဲ့ အဆိုပါရမီက အဲသည်လိုပါ။ထားပါ ထားပါ။ ကိုယ်တိုင်က မဆိုတတ်၊ မတီးခတ်တတ်ပေမဲ့ ဂီတနဲ့ ပတ်သက်ပြီး အလွန်ကြိုက်ပြီး အလွန်လျှာရှည် ဇီဇာကြောင်တဲ့ ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ရပါတယ်။ စိန်ဗေဒါရဲ့ သီချင်း၊ နန်းတော်ရှေ့၊ မြို့မငြိမ်းရဲ့ သီချင်းများကို ရုပ်ရှင်ကားတွေတိုင်းမှာ ထည့်ရိုက်ခဲ့ဖူးပါတယ်။

ထားပါ ထားပါ။ အခု ပြောချင်တာကော့ ရဲဘော်ကြီး ဖိုးမြတ်ရဲ့ နာမည်ကြီး နာမည်ကျော်သီချင်းရဲ့ တပိုင်းတစလေး အကြောင်း ဖြစ်ပါတယ်။ ဖိုးမြတ်ရဲ့ နာမည်ကျော် ` မခင်နှင်းဆီ ´ သီချင်းထဲက စာသားလေးတခုပါ။ ဆောင်းပါးခေါင်းစဉ်မှာ ဖော်ပြခဲ့တဲ့အတိုင်း ` သင်္ခါရကို အစဉ်ထာဝရမှတ်ရင် သင်သာအနာတရဖြစ်မည် ´ ဆိုတာပါပဲ။

ဘာဖြစ်လို့လဲလဲဆိုတော့ ၅၄ နှစ်လုံးလုံး ထင်ရာစိုင်း ထင်ရာလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများဟာ သူတို့ရဲ့ဘဝ ၊သူတို့ရဲ့ ရပ်တည်မှုကို ထာဝရ ရပ်တည်မှုကို ထာဝရ ခိုင်မြဲမယ်လို့ ထင်မှတ်နေကြတာတွေကို နိစ္စဓူဝ မြင်တွေ့နေရလို့ ဖြစ်ပါတယ်။

တသက်လုံး သည်ရာထူး သည်ကုလားထိုင်က မ ဖယ်ရတော့ဘူးလို့ မှတ်နေကြသူတွေ မြင်နေရလို့ပါ။

ကုလားထိုင်ကိုတောင် ယူသွား၊ မြက်ခင်းတောင် လိပ်ပြီး သယ်သွားတဲ့သူတွေကို တွေ့မြင်နေရလို့ပါပဲ။

၅ ရက်နေ့ အလဲဗင်းသတင်းစာ မျက်နှာဖုံးသတင်းမှာ ` နိုင်ငံဘဏ္ဍာ ကျပ်ငါးဘီလျံ ပျောက်သွားတဲ့ တင်ဒါ ´ ဆိုပြီးြ့ပူးပြူးပြဲပြဲ နဲ့ ပါလာတာကို တွေ့ရပါတယ်။ ဂလိုဘယ် ဝစ်တ်နက်က ကျောက်စိမ်းတူးဖော်မှု တခုတည်းကပဲ ဘီလျံ ၁၃၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ၊အဲသည်တန်ဖိုးဟာ တကယ်ဖြစ်ခဲ့တဲ့ တန်ဖိုးရဲ့ တပိုင်းတစသာ ဖြစ်ကြောင်း သိရလေတော့ အံ့ဩကုန်နိုင်ဖွယ် ကဲ မယုံချင်နေလို့ ဆိုရမလို ဖြစ်နေပြီပေါ့။

အခုတော့ ` ပြောင်းလဲချိန်တန်ပြီ ´ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ၊ပြည်သူရဲ့ မဲဆန္ဒနဲ့ အတူ ပြည်သူ့ အစိုးရ ဖြစ်ပေါ်လို့ လာပါပြီ။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်တွေမှာ မဲခွဲလိုက်ရင် အပြတ်အသတ်နိုင်နေတာ တွေ့ရမှာပါ။

သည်မှာတင် ဖိုးမြတ်ရဲ့ သီချင်းကို ပြေးသတိရမိတယ်။

ဘာတဲ့ ` သင်္ခါရကို အစဉ် ထာဝရ မှတ်ရင် သင်သာအနာတရ ဖြစ်မည် ´ ပါတဲ့။

သင်္ခါရတရားဆိုတာကြီးက ရှိနေပြီးသားလေ။ ဒါ ငါ့နေရာ၊ ဒါ ငါ့ကုလားထိုင်လို့ ထာဝရထင်နေရင်၊ သင်္ခါရကို အစဉ်ထာဝရမှတ်ရင် ဘယ်သူအနာတရ ဖြစ်မှာလဲဆိုတာ အခုတော့ ရှင်းပါပြီနော်။

မောင်မိုးသူ မိတ်ဆွေ ရဲဘော်ကြီး ဖိုးမြတ်ရဲ့ သီချင်းကိုပဲ ထပ်ခါတလဲလဲ သီဆိုနေမိပါကြောင်း။

သင်္ခါရကို အစဉ်ထာဝရမှတ်ရင် သင်သာ အနာတရ ဖြစ်မည်ပါတဲ့။