မောင်မိုးသူ - ပို့ကုန် သွင်းကုန်နှင့် မောင်မိုးသူ

 မောင်မိုးသူ - ပို့ကုန် သွင်းကုန်နှင့် မောင်မိုးသူ
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆

မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

စီးပွားရေး အတက်အကျ အနိမ့်အမြင့် ကို ပို့ကုန်သွင်းကုန်ပမာဏနဲ့  တိုင်းတာလေ့ရှိပါတယ်။ ဘိုလိုပြောရရင်တော့ အိတ်စပို့ အင်ပို့ပေါ့။

တလောက ပြည်ထောင်စုဝန်ကြီး အသစ်စက်စက် စီးပွားကူးသန်းဝန်ကြီးက လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်အခြေအနေက သွင်းကုန်ပမာဏများပြီး ပို့ကုန်ပမာဏက နည်းပါးတာကြောင့်လို့ သိရပါတယ်။ ပို့ကုန်က နည်းပြီး သွင်းကုန်က များနေတော့ ၀င်ငွေနည်းပြီး ထွက်ငွေကများနေတဲ့ မိသားစုလို ဖြစ်နေတော့တာပေါ့။

သည်တော့ စီးပွားကူးသန်းဝန်ကြီးက ပို့ကုန်ကို သုံးဆမြင့်တင်ဖို့ လိုအပ်တယ်လို့ ယူဆပြီး ဆောင်ရွက်ကြဖို့ လှုံ့ဆော်မှု ပြုလုပ်ပါတယ်။ စက်မှုလုပ်ငန်းရှင်များဘက်က စက်မှုဇုန်တွေမှာ လျှပ်စစ်မီး  အပြည့်အမရတဲ့ အကြောင်း၊ ရေ မရတဲ့ အ ကြောင်း၊ ကျူးကျော်တွေ ၀င်ရောက်နေထိုင်မှုများ ရှိကြောင်း တင်ပြကြပါတယ်။
  
စက်မှုဇုန်တွေဆိုတာ အရင်အစိုးရ အဆက်ဆက်က ပတ်သက်ရာပတ်သက်ကြောင်း လုပ်ငန်းရှင်တွေကို ပါမစ်ပေး၊ လုပ်ပိုင် ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်မှုဇုန်တော်တော်များများမှာ စက်မှုလုပ်ငန်း တည်ထောင် လုပ်ကိုင်မှုကလည်း အလွန်နည်းပါး ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါ အရင့်အရင် အစိုးရတွေရဲ့ စက်မှုဇုန် စက်မှုလုပ်ငန်းရှင်တွေရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ ယခု ယနေ့အစိုးရဟာ ပြည်သူ့ဆန္ဒနဲ့ တင်မြှောက် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် စက်မှုဇုန်တွေ၊ စက်မှုလုပ်ငန်း ရှင်တွေရဲ့ သဘောသဘာဝကလည်း ပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။
  
ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောသွားတာက အလွန်ရှင်းပါတယ်။ သူတို့ရဲ့ အစိုးရဟာ ပြောင်း လဲနေပြီဖြစ်တဲ့ အစိုးရဖြစ်ပါတယ်။ဒါကြောင့် လုပ်ငန်းရှင်များကလည်း ယခင်အစိုးရလက်ထက်တွေလို လာဘ်ပေးလာဘ်ယူ အခွင့်အရေးရယူတဲ့ စနစ်နဲ့  လုပ်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ သူတို့ အစိုးရဟာ လာဘ်ယူမှာမဟုတ်တော့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်များကလည်း လာဘ်ပေး အခွင့်အရေးရယူလိုစိတ်ထက် ကုန်ပစ္စည်းထုတ်လုပ်မှု တိုးမြှင့်နိုင်ဖို့ကို အဓိ က လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
  
သည်ကိစ္စဟာ အလွန်အရေးကြီးပါတယ်။
  
ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှု၊ ကုန်ထုတ် စွမ်းရည် ယှဉ်ပြိုင်လုပ်ကိုင်ကြရမှာ ဖြစ်လို့ပါပဲ။
  
စက်မှုထုတ်ကုန် ထုတ်လုပ်မှုရဲ့ အခန်းကဏ္ဍမှာ အခြေအနေ အနေအထားက ပုံစံအမျိုးမျိုး ရှိနေပါတယ်။ ယခင်က ကုန်ကြမ်းတွေပဲ တင်ပို့ရာက ကုန်ကြမ်းမှ ကုန်ချော အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်မှုတွေ ရှိလာပါတယ်။
  
ကုန်ကြမ်းထဲမှာ သစ်လား၊ သီးနှံလား ဆိုတဲ့ ပြဿနာကရှိပါတယ်။ သစ်ဆိုရင် သစ်အချောထည်လုပ်ငန်းများကိစ္စ လုပ် ဆောင်ဖို့ စဉ်းစားလုပ်ဆောင်ရန် လိုအပ်သလို သီးနှံဆိုရင်လည်း ယခု ယနေ့ အခြေအနေအထိ သစ်ဆိုလည်း အလုံးလိုက် သီးနှံဆိုရင်လည်း သီးနှံအတိုင်းပဲ သည်အတိုင်း တင်ပို့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ သည်တော့ သစ်ကနေ အချောထည် လုပ်တာတွေ၊ သီးနှံကနေ တန်ဖိုးမြှင့်ကုန် (value added ) လုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ ဖြစ်ပါတယ်။
  
တလောက အီတလီနိုင်ငံခြားရေးဝန်ကြီး လာရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အီတလီနိုင်ငံဟာ ရိုးရာပစ္စည်းများနဲ့ အသေးစား အလတ်စားကုန်ပစ္စည်း ထုတ်လုပ်ရာမှာ ကမ္ဘာကျော်မို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်များကို အကူအညီပေးဖို့ တောင်းခံရာ အီတလီကလည်း ကူညီမယ့်အကြောင်း ပြောသွားတာတွေ ရှိပါတယ်။ဒါကြောင့် အရင့်အရင်က လုပ်ငန်းပုံသဏ္ဍာန်အနေအထားတွေ ပြောင်းလဲဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း လာပါမယ်။ စက်မှုနည်းပညာတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ဗီယက်နမ်ဟာ လေးငါးနှစ်အတွင်း သီးနှံထုတ်ကုန်ရော စက်မှုထုတ်ကုန်ပါ တဟုန်ထိုးမြင့်တက်လာတာကို တွေ့မြင်နိုင်ပါ တယ်။ ဗီယက်နမ်က လုပ်ဆောင်နိုင်ရင် မြန်မာနိုင်ငံက ပိုပြီး လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ မြန်မာနိုင်ငံရဲ့ အစိုးရဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ နိုင်ငံပေါင်းများစွားရဲ့ နိုင်ငံခြားရေးသံတမန်များနဲ့ တွေ့ဆုံပွဲမှာ အားလုံးက ၀ိုင်းကူလုပ် ဆောင်ကြမယ်လို့ ကတိပေးထားကြပြီး  ဖြစ်ပါတယ်။
  
သွင်းကုန်ထက် ပို့ကုန်ကို သုံးဆမြှင့်တင်နိုင်ဖို့ဆိုရင် အစိုးရချည်း လုပ်လို့ရတာ မဟုတ်ပါဘူး။ အစိုးရရယ် ၊ လုပ်ငန်းရှင်ရယ်၊ ပြည်သူရယ် သုံးဦးသုံးဖလှယ် ညီညီညွှတ်ညွှတ် လုပ်ဆောင်ကြမှ အောင်မြင်ကြမှာ ဖြစ်ပါတယ်။ စက်မှုဇုန် ၊စက်မှုလုပ်ငန်းများ ကလည်း အသွင်ပြောင်းစက်မှုဇုန်များ၊ စက်မှုလုပ်ငန်းရှင်များ ဖြစ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အစိုးရဘက်က လည်း လိုအပ်တဲ့ လျှပ်စစ်များ ပြည့်ပြည့်၀၀ ရရှိအောင် လုပ်ဆောင်ပေးရမှာ ဖြစ်သလို လုပ်ငန်းရှင်များကလည်း နိုင်ငံတကာ အဆင့်မမီသည့်တိုင် အာဆီယံအဆင့်မီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ စီးပွားကူးသန်း ၀န်ကြီးရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပို့ကုန်ကဏ္ဍဟာ သုံးဆတိုး မြင့်တက်လာနိုင်မှာ ဖြစ်ပါတယ်။
  
ပို့ကုန် သွင်းကုန်နှင့် မောင်မိုးသူပါ။